ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာ ရဲတပ်ဖွဲ့လိုင်းခန်း၌ ရွေ့လျား ဈေးကား(Mobile Market)စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ ရောင်းချနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာ၍ ဈေး/ရောင်းဝယ်ပြုလုပ်ကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် မြို့တော်ဝန်သည် အဆိုပါရဲတပ်ဖွဲ့လိုင်းခန်းရှိ တပ်ဆေးခန်းနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး တပ်ဆေးခန်းတွင် လိုအပ်နေသောဆေးပစ္စည်းများအား ထားရှိနိုင်ရေးဆောင်ရွက်ရန်နှင့် စာကြည့်တိုက်ကို တပ်ဖွဲ့ဝင်မိသားစုများ အသုံးပြုစေရေး နှိုးဆော်ရန်တို့ကို လမ်းညွှန်မှာကြားသည်။
ထို့နောက် မြို့တော်ဝန်သည် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းအကြား ခရိုင်နှင့် မြို့နယ်စည်ပင်သာယာဝန်ထမ်း အင်အား ၁၆၀ ဖြင့် လမ်းဘေးဝဲ/ယာ ပေ ၈၅၀ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များ၊ မြောင်းချေးများနှင့် သဲမြေများ ဆယ်ယူရှင်းလင်းနေမှုနှင့် ယာဉ်သွားလမ်းကြောင်းနှင့် မလွတ်သည့် သစ်ပင်အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းပုံသွင်းနေမှုနှင့် စင်္ကြံများ ရေဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
(သတင်းစဉ်)


