မောင်သံငြိမ်း
“နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး”ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တစ်ချက်အဖြစ် ထည့်သွင်းဖော်ပြထားသည်ကို ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် နေ့စဉ်တွေ့မြင် နေရပါသည်။
ရေလွှာသင်ဖြူးတွင် ထူးထူးခြားခြား မြူးပျော်ခဲ့သည့် ငါးပျံအကြောင်း
အဆိုပါဦးတည်ချက်ပါ လူငယ် ကဏ္ဍ၏ အဓိကကျမှု၊ အရေးပါမှုကို တွေးကာစဉ်းစားမိရာမှ ကျွန်တော် ထိန်းသိမ်း၊ မှတ်သားထားသည့် “လူငယ့် အားမာန်” အပြည့်ဖြင့် အင်းလျားကန် ရေလွှာသင်ဖြူးတွင် ထူးထူးခြားခြား မြူးပျော်ခဲ့သည့် ငါးပျံအကြောင်း သွား ၍သတိရမိသည်။ ရေလေလှိုင်းထန် ဘယ်လောက်ကြမ်းတမ်းပါစေ ငါးပျံလေးများကတော့ ရေလွှာပြင်ကို သင်ဖြူးဖျာလို သဘောထား၍ မြူးထူး ပျော်ရွှင်စွာ ရေပေါ်ပျံဝဲကစားကြသည်ဟု တင်စားထားကြသည်။
ကျွန်တော် မှတ်မှတ်ရရသိမ်းဆည်း ထားသည့် ငါးပျံလေးအကြောင်း ပြန်ရှာရသည်၊ တွေ့ပါပြီ။ ဖြစ်စဉ်က နှစ်ပေါင်း ၆၀ နီးပါးရှိပြီဖြစ်သော်လည်း ထူးထူး ခြားခြားဖြစ်စဉ်အဖြစ် ထိန်းသိမ်းထားသဖြင့် ရှာရမခက်ပါ။ ထိုငါးပျံလေးမှာ တစ်ချိန်က စာရေးသူနှင့်အတူ ဝန်ကြီးဌာနတစ်ခုတည်းတွင် အတူတာဝန်ထမ်းခဲ့ဖူးပြီး အသက်ကွာသော်လည်း ညီရင်းတစ်မျှ ခင်မင်လေးစားခဲ့ကြသူဖြစ်၍ အကြောင်းသိဖြစ်ပါသည်။ ယခုအချိန်ကာလကဲ့သို့ နိုင်ငံတော်က လူငယ်ကဏ္ဍ မြှင့်တင်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်နေချိန်တွင် တစ်ချိန်က ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သည့် ကျွန်တော့်မိတ်ဆွေ “ငါးပျံလေး” အကြောင်း ဆောင်းပါးတစ်စောင် ရေးသားဂုဏ်ပြုလိုပါသည်။
ဤဆောင်းပါးကို ရေးသားရသည့် ရည်ရွယ်ချက်တစ်ခုမှာလည်း ယနေ့ကဲ့သို့ နိုင်ငံတကာအားကစားကဏ္ဍ၌ မြန်မာလူငယ်အတော်များများ အောင်ပွဲခံနေသည့်အချိန်နှင့် တိုက်ဆိုင်၍ ကြုံကြိုက်ခိုက် တွန်းအားပေးဂုဏ်ပြုရင်း အတိတ်ကာလအောင်မြင်မှု၊ ထူးချွန်မှုများကို နှောင်းလူငယ်များ သိရှိ အားကျစေရန် ရည်ရွယ်ရင်းဖြစ်ပါသည်။
ရေကူးပြိုင်ပွဲတွင် အသက်အငယ်ဆုံး အောင်မြင်မှုသရဖူဆောင်း
ကျွန်တော် ဂုဏ်ပြုရေးသားလိုသည့် ငါးပျံလေးမှာ ၁၉၆၄ ခုနှစ်က အင်းလျား ကန်ဟိုတယ်အနီး မြောက်ဘက် ဒူဘန်း ကမ်းခြေမှ တာလွှတ်၍ တောင်ဘက်မီတာ ၂၀၀၀ ကျော်ကွာဝေးသည့် အင်းလျားလမ်းအနီး တက္ကသိုလ် လှေလှော်ရွက်တိုက် အသင်း၌ ပန်းဝင်ရသည့် ရေကူးပြိုင်ပွဲတွင် အသက်အငယ်ဆုံး အောင်မြင်မှု သရဖူဆောင်း ကူးခတ်ပန်းဝင်နိုင်ခဲ့သည့် အသက် (၆) နှစ်အရွယ် “မောင်သာ အောင်ညွန့်” ဖြစ်ပါသည်။
အင်းလျားရေလွှာသင်ဖြူး၌ မြူးထူး အောင်ပွဲခံခဲ့သည့် (၆) နှစ်အရွယ် ငါးပျံကလေးသည် ယခုအခါ အသက် (၆၆) နှစ် ရှိနေပြီဖြစ်သည့် ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်မှ အငြိမ်းစားယူပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် အငြိမ်းစားသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးသာအောင်ညွန့် ဖြစ်ပါသည်။
ရေကူးပြိုင်ပွဲသည် မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်က ပထမဆုံးအကြိမ်အဖြစ် ၁၉၆၄ ခုနှစ် ဇွန်လတွင် ကျင်းပသော မီတာ ၂၀၀၀ အင်းလျားကန်ဖြတ် ရေကူးပြိုင်ပွဲကြီးဖြစ်ပါသည်။ ကမ္ဘာ့တာတို ရေကူးအဆင့် (၆) ရှိသူ မြန်မာ့ဂုဏ်ဆောင် တင်မောင်နီနှင့် သက်တမ်းအလိုက် ရေကူးမောင်မယ်များ ပါဝင်ခဲ့ကြပါသည်။ တက္ကသိုလ် လှေလှော်ရွက်တိုက်အသင်း တွင် ပန်းဝင်မည်ဖြစ်၍ ရေကူးအသိုက် အဝန်းသာမက တက္ကသိုလ်ကျောင်းသား ကျောင်းသူများပါ စိတ်ဝင်တစား ရောက်ရှိစုဝေးနေကြပါသည်။
အတွေ့အကြုံနှင့် ဇွဲ၊ သတ္တိ၊ ဝိရိယတို့ အပြည့်အဝရှိနေသည့်ကလေးငယ်
ငါးပျံကလေး သာအောင်ညွန့်မှာ အသက်ငယ်လင့်ကစား အတွေ့အကြုံနှင့် ဇွဲ၊ သတ္တိ၊ ဝိရိယတို့ အပြည့်အဝရှိနေသည့် ကလေးငယ်ဖြစ်ပါသည်။ တော်ရုံဇွဲသတ္တိ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်အောင်ပွဲခံနိုင်မည် မဟုတ်ပါ။ ဤအရည်အချင်းများကို မွေးမြူ ဖြည့်ဆည်းပေးသူတို့မှာ သူ၏ပုဗ္ဗစရိယ မိနှင့်ဘတို့ဖြစ်ကြပါသည်။
ဖခင်ကြီးမှာ စည်းကမ်းကြီးသော တပ်မတော်အထူးအရာရှိ ဗိုလ်ကြီးကျော်ညွန့်ဖြစ်ပြီး နာမည်ကျော် နိုင်ငံခြား ကုမ္ပဏီတစ်ခုဖြစ်သည့် အိုပင်ဟိုင်းမား ကုမ္ပဏီ၏ အထွေထွေမန်နေဂျာတာဝန် ယူထားသူဖြစ်ပါသည်။ မိခင်ကြီးက ဒေါက်တာ ခင်စောခိုင်ဖြစ်ပြီး ခင်ပွန်း နည်းတူ လက်တွေ့ကျကျ စည်းကမ်းကြီး သူဖြစ်ပါသည်။ ငါးပျံလေး သာအောင်ညွန့် ရေကူးတွင် ထူးချွန်စွာ အောင်မြင်ရခြင်းမှာ မိခင်ကြီး၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။ အထူးအရာရှိ ဗိုလ်ကြီးကျော်ညွန့်တွင် လုပ်ငန်းတာဝန် အရ နေခွင့်ရသဖြင့် အင်းလျားကန် မြောက်ပိုင်းရှိ ဒူဘန်းလမ်း (Dubern Road)၊ ယခင်မလိခလမ်း ယခုအခေါ် ပါရမီလမ်းတွင် နေထိုင်ခဲ့ကြပါသည်။ အိမ်က ကန်စပ်တွင်ရှိသော်လည်း သဲမြေ သိပ်မရှိပါ။ ဒူဘန်းကမ်းခြေက သဲသောင် ရှိပါသည်။ မိခင်ကြီး ဒေါက်တာခင်စောခိုင် က သားသမီးများကို ရေကူးသင်ပေးရန် စိတ်ကူးပေါ်ခဲ့ပါသည်။
မိဘနှစ်ပါးစလုံးမှာ ရေမကူးတတ်ကြပါ။ ဖခင်ကြီးက မြင်းစီး၊ ဘောလုံးကန်တတ်ပြီး မိခင်ကြီးက စန္ဒရားတီး၊ တင်းနစ် ကစားပါသည်။ ၎င်းတို့မိဘများက စိတ်ပူ၍ ထင်ပါသည်။ ရေတော့မကူးရဟုဆိုပါသည်။ မိခင်ကြီး ဒေါက်တာ ခင်စောခိုင်ကတော့ သားသမီးများကို ရေကူးသင်ပေးလိုပါသည်။
မိခင်ကြီး ဒေါက်တာ ခင်စောခိုင်က ရေကူးသင်ကြားနည်းစာအုပ်များ ဖတ်ပြီး သားသမီးများကို ရေကူးစတင်သင်ကြား ပေးပါတော့သည်။ ကလေးထိန်းတစ်ဦး အဖော်ခေါ်လာသည်။ မောင်နှမများအကြား အစ်မကြီးဖြစ်သူ မြသဇင်ညွန့်နှင့် အစ်ကို သင်အောင်ညွန့်တို့က အရင်ဆုံးတတ်မြောက်သွားကြပါသည်။ အစ်မအငယ်ဖြစ်သူ မြစပါယ်ညွန့်က နောက်ဆုံးမှ တတ်သော်လည်း နောင်တွင် နိုင်ငံကိုယ်စားပြု ကျွန်းဆွယ်ဆုတံဆိပ်များရှင် ဖြစ်လာခဲ့ပါသည်။
ငါးပျံလေး၏ဇာတ်လမ်းက ဤနေရာ တွင် စပါသည်။ သူတို့အိမ်နှင့် ဒူဘန်းကမ်းခြေက မိနစ် ၂၀ လောက် လမ်းလျှောက်ရသည်။ ငါးပျံလေးက ရေစပ်ရောက်တော့ ဆော့ကစားချင်သည်၊ သင်ပေးနေသည်ကို စိတ်မဝင်စားပါ။ ကစားဖို့ အားသန်နေပါသည်။ မိခင်ကြီးကသိပါသည်။ “မင်းရေမကူးချင်ရင် လိုက်မလာနဲ့တော့၊ အိမ်မှာတော့ တစ်ယောက်တည်း မထားခဲ့နိုင်၊ လမ်းတွင်ရှိနေသည့် လူမှုဝန်ထမ်း နေ့ကလေး ထိန်းကျောင်းတွင် အပ်ထားခဲ့မည်၊ အပြန် ဝင်ခေါ်မည်”တဲ့၊ ရာဇသံမဟုတ်သည့် မိုးကြိုးပစ်သံလို ခံစားရပြီး ထိုနေ့မှစ၍ ရေကူးသင်ပါတော့သည်။ ငါးပျံလေး ရေလွှာသင်ဖြူးတွင် မြူးနိုင်တော့မည့် ဇာတ်လမ်းအစဖြစ်ပါသည်။ အသက်အရွယ် အားဖြင့် (၆) နှစ်ပါ။ ၁၉၆၃ ခုနှစ်ကပါ။
ထိုအချိန်က မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နေသူက ဒေါက်တာ ခင်စောခိုင်၏ဦးလေး တပ်မတော် (လေ)မှ ဗိုလ်မှူးကြီးထွန်းသာ ဖြစ်ပါသည်။ သူ၏ အကြံပြုချက်အရ ကမ်းခြေတွင်သင်နေမည့်အစား ရေကူး ကန်တစ်ခုတွင် သင်သင့်သည်ဆို၍ ကုက္ကိုင်းရေကူးကလပ်၌ အသင်းဝင်ခဲ့ပါသည်။ မျက်နှာဖြူအနွယ်များသာ ကြီးစိုးနေသည့်ကလပ်တွင် အဖွဲ့ချုပ် ဥက္ကဋ္ဌကြီးမျက်နှာကြောင့် အလွယ်တကူ ဝင်ခွင့်ရခဲ့ကြခြင်းဖြစ်ပါသည်။ အမှန်က ကလပ်ဝင်ခွင့်မရမီကပင် အခြေခံရေကူးနည်းကို မောင်နှမလေးယောက်လုံး တတ်မြောက်ပြီး ဖြစ်ပါသည်။ လက်ဦးဆရာဖြစ်သူ မိခင်ကြီး၏ လမ်းညွှန်ပြသမှုကြောင့် ဖြစ်ပါသည်။ မိခင်ကြီးက Professional Coach အလား ဆောင်ရွက်သင်ကြား ပေးခဲ့ပါသည်။
မိသားစုထံ ပထမဆုံးရောက်ရှိ လာသော ရေကူးဆုတံဆိပ်
ကုက္ကိုင်းကလပ်တွင် ရေကူးပြိုင်ပွဲရှိ၍ အသင်းနည်းပြထံ အပ်နှံခဲ့ရာ ပြိုင်ပွဲနီးကပ်နေ၍ လက်မခံနိုင်ပါဟုဆိုသည်။ လွယ်လွယ်ကူကူ နောက်မဆုတ်တတ်သော စိတ်ဓာတ်ခွန်အား အမွေရရှိထားသူများဖြစ်၍ လေ့ကျင့်မှုမပြတ်ပြုလုပ်ခဲ့ရာ အစ်ကိုကြီး သင်အောင်ညွန့်က လူသစ်တန်းတွင် ဆုရရှိခဲ့ပါသည်။ ၎င်းဆုသည် မိသားစုထံ ပထမဆုံးရောက်ရှိလာသော ရေကူးဆုတံဆိပ်ဖြစ်ပါသည်။
မောင်သာအောင်ညွန့်လေးမှာ အစ်ကို၊ အစ်မများနှင့်အတူ ရေကူးကန်တွင် အချိန်မှန်မှန် လေ့ကျင့်ကူးခတ်ခဲ့ရာ ရေကူးကန်၏ အနံမှ အလျားမီတာ ၃၀၊ နောက်တော့ မရပ်မနားဘဲ ခေါက်ရေ ၈၀ (မီတာ ၂၄၀၀) ထက်မနည်း ကူးခတ်လာနိုင်သောအဆင့်သို့ လျင်မြန် စွာရောက်ရှိခဲ့ပါသည်။ စည်းနှင့်၊ ကမ်းနှင့်၊ တိကျသော အချိန်ဇယားနှင့် စနစ်တကျ ဆောင်ရွက်ခြင်း၏ ဝီရိယအကျိုးကျေးဇူးကြောင့် တိုတောင်းသော အချိန်ကာလအတွင်း မည်သည့်စိန်ခေါ် မှုကိုမဆို ရင်ဆိုင်ရန်အသင့်ဖြစ်နေကြပါသည်။ နှောင်းခေတ်လူငယ်များ အတုယူဖွယ် အလေ့အကျင့်တစ်ခုဟု ဆိုချင်ပါသည်။
ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အသင့်ဖြစ်နေသော သာအောင်ညွန့်အတွက် ပွဲကြီး မှာ ၁၀ - ၅ - ၁၉၆၄ ရက်နေ့ဖြစ်ပါသည်။ မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ လေစုန်လာရာလမ်းအတိုင်း တာလွှတ်ရန် ဆုံးဖြတ်ရသည့်အတွက် ဒူဘန်းကမ်းခြေမှ တာလွှတ်ပြီး တက္ကသိုလ် လှေလှော်ရွက်တိုက်အသင်းတွင် တာဝင်မည်ဖြစ်ပါသည်။ “ငါးပျံလေး” အတွက် ရေကူး စတင်တတ်မြောက်သည့် နေရာနှင့် ပထမဆုံးသောပြိုင်ပွဲ စတင်သည့်နေရာက တိုက်တိုက်ဆိုင်ဆိုင်ကြီး တစ်နေရာတည်း ဖြစ်နေပါသည်။ “ဇာတိချက်ကြွေ၊ ဇာတိ ‘ရေ’ လို့တောင်ပြောရမလား”ဟု ငါးပျံလေး ကဆိုသည်။
ထိုနေ့ ပြိုင်ပွဲစတင်ချိန် နီးလာသည်နှင့်အမျှ အားပေးသူများ၊ မိဘများ၊ ပြိုင်ပွဲဝင်များနှင့် စည်စည်ကားကား ဖြစ်နေပြီး ပြိုင်ပွဲဝင်များကလည်း တာစူကာ လွှတ်ဒိုင်များထံ သတင်းပို့၍ ရေထဲဆင်း နေရာယူနေကြပါပြီ။
သာအောင်ညွန့်လေးလည်း ရေကူး ဘောင်းဘီဝတ်၊ ရေထဲဆင်းရန် မြောက်ကြွမြောက်ကြွဖြင့် အဆင်သင့်ဖြစ်နေပါပြီ။ အဖေက အနားမှာ၊ အမေက မိမိလက်ကို မလွှတ်တမ်းကိုင်ထားပါသည်။ ကိစ္စတစ်ခုတော့ရှိနေပါပြီ။ ဒီကိစ္စ၏အရင်းခံက “ငါးပျံလေး” ဖြစ်နေကြောင်း သာအောင်ညွန့် ကိုယ်တိုင် မသိပါ။
ဖြစ်စဉ်က အရပ်က ၃ ပေ ၇လက်မ၊ အသက်လေးက (၆) နှစ်ကျော်ကျော်ဆိုတော့ ပြိုင်ပွဲအတွက် စိတ်ပူနေကြပါသည်။ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီး အဘိုးလေးလည်း စိတ်ပူရသည်။ မူအရ ပြိုင်ပွဲဝင်ကြရန် အားပေးရသည်ဖြစ်၍ ခက်နေပါသည်။ ထို့ကြောင့် တစ်ဖက်လှည့်နှင့် အမေဖြစ်သူကတစ်ဆင့် “ဒီနှစ်ငယ်ပါသေးတယ်၊ နောက်နှစ်ပြိုင်ပွဲ ဝင်ပါစေပေါ့” ဟု “ငါးပျံလေး” မိခင်ကို ဖျောင်းဖျကြသည်။ အင်မတန်စိတ်မာသည့် မိဘနှစ်ပါးပင် ဇဝေဇဝါဖြစ်သွားသည်ဟုဆိုပါသည်။ မိဘမေတ္တာသဘောအရ ပူပင်သောကစိုးရိမ်မှုတွေက တစ်ဖက်၊ ကြိုးစားအားထုတ်အောင်မြင်စေလိုသည့် စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးမှုကတစ်ဖက် အားပြိုင်လွန်ဆွဲနေကြမည်သာဖြစ်ပါသည်။
ထိုကိစ္စလေး ဖြစ်နေချိန်၌ ကယ်တင်ရှင်ကြီးပေါ်လာပါသည်။ သူက မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်အဖွဲ့ဝင် စေတနာ့ဝန်ထမ်း နည်းပြကြီးဖြစ်သူ ဗိုလ်မှူးကြီးစမိုက် ဖြစ်သည်။ သူရောက်လာပြီး ဘာဖြစ်နေကြတာလဲဟု မေးပါသည်။ မိခင်ကြီးက နည်းနည်းနှာစေးနေတယ်လို့ ဖြေလိုက်တော့ ရေကူးတာ အဓိကက အသက်ရှူတာ နှာခေါင်းနဲ့မဟုတ်ဘူး၊ ပါးစပ်နဲ့ရှူတာ နှာခေါင်းပိတ်တာ ရေထဲရောက်သွားရင် ပွင့်သွားလိမ့်မယ်လို့ပြောပြီး “ကောင်လေး မင်းပြိုင်ပွဲဝင်ချင်သလား” ဟုမေးသည်၊ “ပြိုင်ချင်တယ်”ဟု ဝမ်းသာအားရဖြေလိုက်တော့ ဟိုးအဝေးကြီး မမြင်ရသောပန်းတိုင်ကို လက်ညွှန်ပြပြီး အဲဒီကို ရောက်အောင် ကူးနိုင်မလားတဲ့၊ “ကူးနိုင်ပါတယ်”လို့ ဖြေလိုက်ပါသည်။
အမှန်စင်စစ် အကွာအဝေးအားဖြင့် ဘယ်နည်းနှင့်မဆိုရောက်မည်၊ မျဉ်းဖြောင့်မီတာ ၂၀၀၀၊ ကူးလမ်း နည်းနည်းမဖြောင့်ရင် အပိုဆောင်းမီတာ ၂၀၀ ထက် မပိုဟုဆိုပါသည်။ ယုံကြည်မှုအပြည့်အဝကို ဇွဲသတ္တိက ထပ်ပေါင်းပေး သည့် “ငါးပျံလေး” သာအောင်ညွန့်မှာ အချိန်အားဖြင့် ၅၇ မိနစ် ၄၀ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပါသည်။ မြန်မာနိုင်ငံ ရေကူး သမိုင်း၌ အသက်အငယ်ဆုံး တာဝေးရေကူးသမားအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။
မြန်မာ့ရေကူးချန်ပီယံ တင်မောင်နီက ၂၇ မိနစ်သာသာဖြင့် ပန်းဝင်ခဲ့သည်။ အချို့ပြိုင်ပွဲဝင်များမှာ ပန်းမဝင်နိုင်ဘဲ အသက်ကယ်လှေပေါ် တက်သွားကြသူများလည်း ရှိပါသည်။ ပန်းဝင်သူများကိုသာ ဇွဲဆုချီးမြှင့်ပါသည်။ လက်မလျှော့တမ်း ကူးခတ်လာနေသည့် “ဇနက” ငါးပျံ သာအောင်ညွန့်လေး ပန်းအဝင်ကို စောင့်နေသည့်အတွက် ဆုပေးပွဲအခမ်းအနားကို စောင့်ဆိုင်းနေရကြောင်း သိရပါသည်။
ကမ်းပါးထိပ်ရောက်တော့ အဘိုးလေးတော်စပ်သူ အတွင်းဝန်ချုပ်ဦးရွှေမြက ဂုဏ်ပြုသောအားဖြင့် ဝမ်းမြောက်စွာ သူ့ပခုံးပေါ်ထမ်းပြီး အဖေနှင့်အမေတို့ လက်အပ်လိုက်ပါသည်။ ဆုပေးပွဲကို ယခု ရှမ်းကန်စားသောက်ဆိုင်ရှိသည့် ရေတပ်ဗိုလ်မှူးချုပ် သန်းဖေရုပ်တုရှိရာ နေရာတွင် ကျင်းပခဲ့ပါသည်။ အောင်မြင်စွာ ပန်းဝင်သူများကို “ကန်ဖြတ်ရေကူး သမား” “ရေလွှာသင်ဖြူးငါးပျံမြူးအံ့” ရင်ထိုးတံဆိပ်လေးများ (ပုံ) ကို ချီးမြှင့်ခဲ့ပါကြောင်း လူငယ်အားမာန်ကဏ္ဍ၊ ရေလွှာ သင်ဖြူး ငါးပျံမြူးသည့် သာအောင်ညွန့် (ခေါ်) အငြိမ်းစား သံအမတ်ကြီး ဦးသာအောင်ညွန့်အကြောင်း ဂုဏ်ပြု ရေးသားလိုက်ရပါသည်။
လူငယ့်အားမာန် စွမ်းထက် အောင်မြင်ကြပါစေ။