ပဲခူး ၂၈ ဇွန်
ရေလှောင်တမံများ ကြံ့ခိုင်ရေး၊ ရေကြီးနစ်မြုပ်မှုလျော့ပါးစေရေးနှင့် ဆည်ရေသောက်ဧရိယာများတွင် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် အကောင်အထည်ဖော်ဆောင်ရေး ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုဦးသည် ဇွန် ၂၇ ရက် နံနက်ပိုင်းအချိန်မှစတင်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးကျော်သူ၊ ဦးစီးအရာရှိများဖြစ်သော ဦးတင်စိုး၊ ဦးထွန်းမြတ်လင်း၊ ဦးအောင်မြချို၊ ဦးသောင်းတင်တို့ လိုက်ပါလျက် တောင်ငူခရိုင်အတွင်းရှိ ဆည်မြောင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ဆင်ဂွေကျေးရွာအုပ်စုနှင့် အင်ဒိုင်းကျေးရွာအုပ်စုရှိ လယ်မြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန် ဆောင်ရွက်ပြီးဖြစ်သော ဂွေးချောင်းရိုး တူးဖော်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထမင်းရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ ချောင်းမကြီး(မြို့လှ) ရေလှောင်တမံ၊ ကြံသနွယ်ကျေးရွာအုပ်စု ဆွာချောင်းဆည်ရေသောက် လက်တံ(၇)မြောင်း၏ မြောင်းခွဲ(၅) ပုံစံကျပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် အုတ်တွင်းမြို့နယ် မင်းရဲရေလှောင်တမံတို့သို့ သွားရောက်ပြီး ရေလှောင်တမံ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲ၊ မိုးရေချိန်စခန်းများကို အသေးစိတ်ကြည့်ရှုပြီး တမံများအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ မိုးရာသီတမံကြံ့ခိုင်ရေး ပုံမှန်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကြည့်ရှုပြီး ဆည်ရေသောက်ဧရိယာများတွင် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် အကောင်အထည်ဖော်ဆောင်ရေး ဆည်အလိုက်၊ လက်တံမြောင်းအလိုက် ရေအသုံးချသူများအဖွဲ့ (Water User Group - WUG)များ တိုးချဲ့ဖွဲ့စည်းရေးဆောင်ရွက်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် မိုးရာသီအတွင်း ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေးနှင့် ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရေးတို့အတွက် ရေနုတ်မြောင်းများတူးဖော်ခြင်း၊ ရေဘေးကာကွယ်ရေးတာများ ထိန်းသိမ်းပြုပြင်တည်ဆောက်ခြင်း၊ ရေလှောင်တမံ/ ရေလွှဲဆည်/ ရေတံခါးများ ကြံ့ခိုင်မှုရှိစေရေးအတွက် ပုံမှန်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကွင်းဆင်းခရီးစဉ်အတွင်း ညွှန်ကြားရေးမှူးမှ ဆည်ဝန်ထမ်းများအား ရင်းနှီးစွာတွေ့ဆုံပြီး မိုးရာသီတမံ ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများနှင့် ရေမှတ်၊ မိုးရေချိန်တိုင်းတာပေးပို့ခြင်းများအား စေ့စပ်သေချာစွာ ဆောင်ရွက်ရန်၊ မိမိဝန်ထမ်းများ၏ စွမ်းဆောင်ရည်အား ဒေသမှ အသိအမှတ်ပြု အားကိုးခြင်းဖြင့် ဆည်မြောင်းဌာန၏ဂုဏ်ကို မြှင့်တင်ကြရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


