ယင်းမာပင်   ၁၃    သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ ခရိုင်စုပေါင်းခန်းမ၌ သြဂုတ် ၉  ရက် နံနက် ၉ နာရီက ခရိုင်အတွင်းရှိ ရေလှောင်တမံများ၏  အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုဆိုင်ရာရှင်းလင်းပွဲနှင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက လွှင့်ထူရမည့် အလံများ ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။    


ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးထွန်းထွန်းနိုင်နှင့် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က  အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က မိုးရာသီအတွင်း  ရေကြီး ရေလျှံမှုနှင့် ငလျင်လှုပ်ခတ်ခြင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များကြောင့်  ခရိုင်အတွင်းရှိ   ရေလှောင်တမံများနှင့်  ဆက်စပ်ရေအား အဆောက်အအုံများ ကျိုးပေါက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဌာနမှ သတ်မှတ်ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက တမံအောက်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆက်စပ်နေသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်စီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရေးအတွက် ရေလှောင်တမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံများ၊ ရေလှောင်တမံနှင့် ရေကူတမံများအတွင်း လက်ရှိ ရေဝင်ရောက်မှု အခြေအနေများကို  ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။


ယင်းနောက် တက်ရောက်လာကြသူများက ရေလှောင်တမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များ ချပြရှင်းလင်းမှုနှင့် ပတ်သတ်၍ သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်   တာဝန်ရှိသူများက ရေလှောင်တမံများ၏  အနီးပတ်ဝန်းကျင် ဧရိယာအတွင်း  တည်ရှိသော  ရပ်ကွက်နှင့်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့    အရေးပေါ်အခြေအနေ အဆင့် (၁) ဖြစ်ပေါ် လာပါက ပြည်သူများသို့  ဆက်သွယ် အသိပေးရမည့်  အများပြည်သူများ   မြင်သာသော နေရာနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူးရုံးများတွင် စိုက်ထူလွှင့်ထူရမည့် အစိမ်းရောင်အလံများကိုလည်းကောင်း၊ အရေးပေါ် အခြေအနေအဆင့် (၂) ဖြစ်ပေါ်လာပါက စိုက်ထူလွှင့်ထူရမည့် အဝါရောင်အလံများကိုလည်းကောင်း၊ အရေးပေါ် အခြေအနေအဆင့်  ( ၃ )ဖြစ်ပေါ်လာပါက စိုက်ထူလွှင့်ထူရမည့် အနီရောင် အလံများကို လည်းကောင်း ပေးအပ်ခဲ့ပြီး ရေလှောင်တမံများ၏  အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)