နေပြည်တော် ၂၆ မတ်

 

ရေလှောင်တမံဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစုတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က HEC-RAS Model နှင့် GIS နည်းပညာများ အသုံးပြု၍ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစုမှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲလာလျက်ရှိနေသည့် ရာသီဥတု၏ သက်ရောက်မှုဒဏ်ကို ကမ္ဘာ့ဒေသအသီးသီးတွင် ခံစားရလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးသာမက အစားအစာ ဘေးကင်းလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများ အနည်းဆုံးအဆင့်ဖြစ်စေရေး ကြိုတင်အစီအမံများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေ သောက်သုံးရေ ရရှိရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးတို့အတွက် တည်ဆောက်ထားရှိသော ဆည်တမံကြီးများ၏ ဘေးကင်းလုံခြုံရေး လုပ်ငန်းများကို ပြည်တွင်းပြည်ပ ပညာရှင်များ၏ ပူးပေါင်းမှုတို့ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် တမံကြီးများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက ဒေသနေပြည်သူများ ဘေးကင်းလုံခြုံမှုရှိရာသို့ အမြန်ဆုံးရှောင်တိမ်းနိုင်မည့် အနီးဆုံးခိုလှုံရာနေရာများ ရှာဖွေဖော်ထုတ်ပေးခြင်း၊ ရေလမ်းကြောင်းအခြေအနေ၊ ရေလွှမ်းနိုင်မည့် ဧရိယာများကို ဒေသနေပြည်သူများအား အသိပေးလမ်းညွှန်နိုင်မည့် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ဖော်ထုတ်ရေးဆွဲခြင်းကို ယခုဆောင်ရွက်မည့် တောင်နဝင်းဆည်ကဲ့သို့ နိုင်ငံတဝန်းရှိ အခြားဆည်များကိုလည်း ဦးစားပေးအလိုက် စနစ်တကျ ရေးဆွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှု လုပ်ငန်းစဉ်များကို ယခင်ကထက် ပို၍အလေးထား ဆောင်ရွက်လျက်ရှိရာတွင် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးစီမံချက် (Emergency Preparedness Plan) ကို ရေးဆွဲပြီး လိုက်နာအကောင်အထည်ဖော်လျက်ရှိသည်။ EPP ရေးဆွဲဆောင်ရွက်ရာတွင် အဓိကကျသည့် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံပြုစုခြင်းကို ကနဦးစီမံချက်အနေဖြင့် တောင်နဝင်းရေလှောင်တမံကို ရွေးချယ်၍ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် World Bank, USACE နှင့် KRC တို့၏ နည်းပညာ အကူအညီများဖြင့် ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ရေလှောင်တမံအောက်ဘက် ဒေသများတွင် နေထိုင်လျက်ရှိကြသည့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုမရှိစေရန် တမံများကြံ့ခိုင်မှုနှင့် လုံခြုံရေး အစီအမံများ စနစ်တကျရေးဆွဲ ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း၊ မမျှော်လင့်သော သဘာဝဘေးများကြောင့် ရေလှောင်တမံ ကျိုးပေါက်မှု ဖြစ်ပေါ်လာပါက ဒေသနေပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် ကုန်းမြင့်တည်နေရာများ သိရှိရှောင်တိမ်းနိုင်ကြစေရန် ဒေသ၏လက်ရှိ မြေမျက်နှာအသွင်ပြင်အရ ရေလမ်းကြောင်း၊ ရေစီးနှုန်းကြာမြင့်ချိန်၊ ဖြစ်ပေါ်လာနိုင်သည့် ရေပြင်အတိမ်အနက်၊ ရေလွတ်ကုန်းမြေတို့ပါဝင်သည့်  ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံကို ဒေသခံပြည်သူများအား ကြိုတင်ချပြပေးခြင်းဖြင့် ဘေးလွတ်ရာသို့ အန္တရာယ်ကင်းရှင်းစွာ ရောက်ရှိစေမည်ဖြစ်သည်။

 

အဆိုပါလုပ်ငန်း၏ ကနဦးစီမံချက်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံ ဧရိယာတွင်  စတင်ဆောင်ရွက်ခြင်းဖြစ်ကာ  ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလမတိုင်မီ ဒေသနေပြည်သူများအား ချပြရှင်းလင်းခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ကျန်ရှိသော ရေလှောင်တမံများကိုလည်း ဦးစားပေးအလိုက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်