ရန်ကင်း ၁၇ ဇန်နဝါရီ
YCDC နှင့် JICA ပူးပေါင်းဆောင်ရွက်မည့် ရေလေလွင့်ဆုံးရှုံးမှု လျော့ချရေး (NRW Reduction) စီမံကိန်း ဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက် ရွှေဟင်္သာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ညွှန်ကြားရေးမှူး ဦးသိန်းမင်းက အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦး (တောင်ပိုင်းခရိုင်) မှ စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရန်ကင်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မာဝေ(ပြန်/ဆက်)