ခင်ရတနာ

 

မုန်တိုင်းမိုးရက်ဆက် ရွာသွန်းနေတာကြောင့် စစ်တောင်း(ပေါင်းလောင်း) မြစ်အတွင်း ရေစီးသန်လှပါတယ်။ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီးတို့ ဆက်စပ်ရာ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့အနီးမှာလည်း မိုးရော၊ လေရော အားကောင်းနေဆဲ။ အဲဒီနေ့က စက်တင်ဘာ ၁၁ ရက်နေ့။ စစ်တောင်းမြစ်ရေက ည ၁၂ နာရီ အချိန်လောက်မှာ တဲအခြေကို ထိလာခဲ့ပြီ။ တံငါလှေတစ်စင်းနဲ့ စစ်တောင်းမြစ်လယ်သောင်ခုံက တဲလေးမှာနေတဲ့ တံငါမိသားစုအဖို့ကတော့ အခြေအနေကိုရိပ်စားမိတယ်။ ရေတက်လာတော့မယ်။ ကလေး ငယ်တွေနဲ့ အမျိုးသမီးကို ကမန်းကတန်း လှေပေါ်တင်ပြီး အနီးဆုံးကုန်းမြင့်ဖြစ်တဲ့ ရွှေပြည်သာရွာကို ပို့လိုက်တယ်။ ပြီးတော့သူတို့ရဲ့ မိသားစုဝင်တွေလိုဖြစ်နေတဲ့ ဆိတ်ကလေးတွေ၊ ခွေးကလေးတွေနဲ့ ကြက်ကလေးတွေကို ကယ်ဖို့ သားအဖနှစ်ဦးသား သောင်ခုံပေါ်ကို ပြန်ဦးတည်တယ်။

 

သူတို့သောင်ပေါ်ကူးခါနီး မနက် ၂ နာရီလောက်မှာ  ရေကတဲတစ်ဝက်ကျော် မြင့်တက်လာခဲ့ပြီ။ ဆိတ်ကလေးတွေက ရေစီးနဲ့ပါသွားတယ်။ ကြက်ကလေးတွေကို ရှာမရတော့ဘဲ ခွေးလေးတစ်ကောင်ကလည်း သခင်ဖြစ်သူကို ကြည့်ရင်းနဲ့ လှိုင်းဒဏ်နဲ့ ရေစီးကြောင့်လွင့်စဉ်၍ မျောပါသွားတယ်။ တဲထဲကနေ ဘယ်ပစ္စည်းမှတောင် ယူချိန်မရဘူး။ မိုးမလင်းမီ မနက် ၃ နာရီလောက် သူတို့အိမ်လေးက မျက်စိတစ်မှိတ်အတွင်း မြစ်ရေနဲ့အတူ မျောပါပျောက်ကွယ် သွားတာကို ငေးကြည့်ရင်း အသက် ၁၂ နှစ်အရွယ် သားဖြစ်သူရဲ့ မျက်လုံးမှာ မျက်ရည်စတွေနဲ့။ ဒါပေမယ့် သူကြာကြာတော့မငိုအားခဲ့။ တစ်ဖက်ကမ်းရွာက ရေကြီးနစ်မြုပ်မှုကြောင့် အတိဒုက္ခရောက်ပြီး အိမ်ခေါင်ပေါ်၊ သစ်ပင်ပေါ်တက်နေကြရတဲ့ ရွာခံတွေရဲ့ အော်ဟစ်သံတွေဆီကို သူတို့သားအဖရဲ့ တံငါလှေလေးက အလျင်အမြန်ရောက်ရှိသွားခဲ့ပါတော့တယ်။ ပထမဆုံးအသုတ် ကယ်ဆယ်ခဲ့သူတွေ ရေဘေးလွတ်တဲ့ မြစ်ကမ်းဆီ ပို့ဆောင်ပေးနိုင်ချိန်မှာ မနက် ၅ နာရီလောက်ရှိပါပြီ။

 

အဲဒီ နေရာကတော့ နေပြည်တော်ကောင်စီ နယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီးတို့ နယ်နိမိတ်အနီး လယ်ဝေးမြို့နယ် သာဝတ္ထိမြို့ ပေါက်မြိုင်ကျေးရွာအုပ်စု ကြို့ပင်သာအရှေ့ကမ်း (အရပ်ခေါ် -အောင်သုခရွာ) လို့ခေါ်ကြတဲ့ အိမ်ခြေ ၃၅ အိမ်သာရှိတဲ့ စစ်တောင်းမြစ်ကမ်းမေးတင် ရွာကလေးဖြစ်ပါတယ်။ တံငါမိသားစုလေးက ရွာထဲမှာနေသလို စစ်တောင်းမြစ်အတွင်းက သောင်ပြင်ပေါ်မှာလည်း သူတို့တဲကလေးရှိတယ်။ တံငါအလုပ်အပြင် ဆိတ်ကျောင်းပြီး ဟင်းသီးဟင်းရွက် အနည်းငယ်ခြံစိုက်စားကြသူ တွေပေါ့။

 

တစ်နေကုန်ရွာသားတွေကို ရေလွတ်ရာကို ပို့ဆောင်ပေးခဲ့သူသားအဖကတော့ ကိုမင်းနိုင်ဆို သူနဲ့ အသက် ၁၂ နှစ် အရွယ် သားလတ်မောင်ပေါများတို့ ဖြစ်ပါတယ်။ အဲဒီနေ့ ညနေစောင်းချိန်မှာ ရွာရှိ လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုအချို့ကိုသာ ကယ်ထုတ်နိုင်ပါသေးတယ်။ လှိုင်းဒဏ်၊ လေဒဏ်၊ မိုးဒဏ်ကြောင့် ဖခင်ဖြစ်သူက အသံဝင် အအေးမိဖျားနာပြီး ကယ်ဆယ်ရေးဆက် မလုပ်နိုင်တော့ပါဘူး။ ဒီအချိန်မှာ ကျန်ရစ်သူတွေအတွက် စိုးရိမ်နေတဲ့ ၁၂ နှစ်သားလေး မောင်ပေါများက စက်တပ်လှေလေးကို တစ်ဦးတည်းမောင်းရင်း ရွာသားတွေ အားလုံးကို နှစ်ရက်ဆက် ကယ်တင်ခဲ့ပါတယ်။

 

“လှေက ကလေးဆို သုံးယောက်၊ လေးယောက်လောက်ပဲဆံ့တယ်။ လူကြီးဆိုနှစ်ယောက်၊ ပိန်ရင် သုံးယောက်ပဲဆံ့တာ။ ဘယ်နှခေါက်သွားခေါ်လဲဆိုရင် မမှတ်မိတော့ဘူး။ နှစ်ရက်လုံး လှေပေါ်မှာပဲ။ လူ ၁၀၀ လောက်ရှိမယ်ထင်တယ်” လို့ မောင်ပေါများ လေးက ဆိုပါတယ်။

 

“ကျွန်တော့်မှာ သားသမီး ခုနစ်ဦးရှိပါတယ်။ အကြီးဆုံးက အတူမနေဘူး။ ဒုတိယမြောက်သားက ထိုင်းကို အလုပ်သွားလုပ်တာ ကိုးလရှိပြီ အဆက်အသွယ်လည်း မရဘူး။ တတိယသားက ရွှေဘိုမှာ ဘဲကျောင်းဆိုပြီး သွားလိုက်တာ ခြောက်လရှိပြီ အဆက်အသွယ်မရဘူး။ ပေါများလေးက စတုတ္ထ သားပါ။ သူ့အောက်မှာ မိန်းကလေးနှစ်ယောက်နဲ့ သားအငယ်ဆုံးလေးရှိတယ်။ ပြောရရင် မောင်ပေါများက သိပ်ကိုစိတ်ချရတယ်။ စက်ကိုလည်း ကျွမ်းကျင်တယ်၊ ရေကြောင်းလည်း ကျွမ်းကျင်တယ်၊ ဒါကြောင့် ကျွန်တော်မလိုက်နိုင်တော့တဲ့အချိန် သူတစ်ယောက်တည်း စက်လှေမောင်းပြီး လူကယ်တာကို ခွင့်ပြုလိုက်တာပါ။ ဒါပေမယ့် အဖေဆိုတော့ ကျွန်တော် စိတ်မချဘူး၊ သူတစ်ခုခုသာဖြစ်ရင်ဆိုပြီး ပူပန်ပြီးကျန်ခဲ့ရတာပေါ့” လို့ ပေါများရဲ့ ဖခင်ဖြစ်သူ ကိုမင်းနိုင်က ပြောပြပါတယ်။

 

ပေါများတို့ရွာမှာ အိမ်ခြေ ၃၅ အိမ်ရှိပြီး လူတစ်ရာကျော်မှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်ပါတယ်။ လူလတ်ပိုင်းအချို့ ရေကူးတတ်ကြပေမယ့် ရေဘေးကျရောက်တဲ့အခါ စစ်တောင်းမြစ်နဲ့ တစ်စပ်တစ်ဆက်တည်း ရေပြင်ကြီးလို ဖြစ်သွားတဲ့အပြင် မိုးကမစဲဘဲ လေကပြင်း၊ လှိုင်းကထန်ခဲ့တာ ကြောင့် ဘယ်သူမှ ဖြတ်မကူးရဲကြပါဘူး။

 

“အဲဒီနေ့က မနက် ၃နာရီထိုးမှာ ရေက အတော်တက်နေပြီ။ လွတ်အောင်ထွက်တာ မလွတ်တော့ဘဲ အိမ်အမြင့်ကို ရေကူးပြီးသွားနေရတယ်။ ညနေ ၅ နာရီလောက်မှ ကျွန်တော်တို့ အလှည့်ရောက်တယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို သူကအရင်ကယ်တာ။ အနီးလေးကယ်ရတာ မဟုတ်ဘူး၊ ရေလွတ်တဲ့ဆီ တစ်မိုင်လောက် မောင်းရတာ။ လမ်းကလည်း ရေမြုပ်တော့ ရေလမ်းကြောင်းတွေ အကုန်ပျောက်နေပြီ၊ လှိုင်းလေကလည်း ကွင်းပြင်ကျယ် ဆိုတော့ ပြင်းတယ်။ သက်စွန့်ဆံဖျားကယ်ရတာ။ အဲဒီနေ့က သူတို့သားအဖတွေ အခေါက်ခေါက် အခါခါသယ်ရတာ။ စက်ပျက်မှာရယ်၊ သူတို့ကျန်းမာရေးချို့တဲ့မှာရယ်ကို အားလုံးကစိုးရိမ်တာ၊ အဲဒါဆို ကျွန်တော်တို့ အားလုံးသွားပြီ။ ကျွန်တော်တို့ မိသားစုတင် လေးခေါက်သယ်ရတယ်။ ည ၈ နာရီလောက်အထိ လှေနဲ့လာတုန်းပဲ မီးကမရှိဘူး။ ကယ်ရမယ့်နေရာကို မှန်းပြီးသွားကယ်နေရတာ။ တော်တော်လေးကို ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဒီရွာနဲ့ ဟိုဘက်ရွာနှစ်ရွာလုံး ဒီတဲတန်း တစ်လျှောက်လုံးကို သူတို့သားအဖကယ်သွားတာပါ။ နှစ်ရက်ဆက်တိုက် ကယ်ရတာ။ ကြို့တန်းရွာမှာ ခေါင်မိုးပေါ် လူတစ်ယောက်တည်း ကျန်နေခဲ့တာကိုလည်း သူပဲသွားကယ်တယ်။ ဆီက ပြတ်သွားတော့ ကုန်းမြင့်ရွာတွေက ဝိုင်းလှူကြတယ်။ ပြောရရင် စစ်တောင်းမြစ် တစ်ဖက် ကမ်းမှာ လှေကြီးလှေကောင်းတွေရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘယ်သူမှ ကူးမလာရဲဘူးလေ။ ဒီလှိုင်း ဒီအခြေအနေနဲ့ဆိုရင် အကုန်မှောက်ကုန်မှာ။ ပေါများတို့ တံငါလှေလေးနဲ့သာ လိုက်မကယ်ပေးခဲ့ရင် တစ်ရွာလုံး မတွေးရဲစရာဘဲ”လို့ ကျေးရွာဇာတိဒေသခံ ဦးဇေယျာအောင်က သူ့အတွေ့အကြုံ ခံစားချက်ကို ပြောပြပါတယ်။

 

ပေါများတို့ရွာက လယ်ဝေးမြို့အလွန် သာဝတ္တိမြို့ကနေ လေးမိုင်လောက် ဝင်သွားရတဲ့ စစ်တောင်း မြစ်ကမ်းပေါ်က စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ရွာလေးဖြစ်ပါတယ်။ အရင်က ရေတက်ဖူးပေမယ့် တစ်ပေခွဲလောက်သာ အမြင့်ဆုံးတက်ဖူးပြီး အခုရေတက်ခဲ့တာကတော့ ခြောက်ပေကနေ ၁၂ ပေကျော်အထိတက်ခဲ့တာ ဖြစ်ပါတယ်။ ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် ကျေးရွာအတွက် အစားအစာ၊ အဝတ်အထည်နဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေလို့ ပရဟိတအဖွဲ့တွေက အခုချိန်အထိ ကူညီထောက်ပံ့ပေးနေရတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ ရွာအဝင်လမ်းမှာ ပျက်စီးခဲ့ရပြီး ရွာပတ်ဝန်းကျင်က ပြောင်းခင်းတွေကတော့ ရေနစ်မြုပ်မှု ဒဏ်ကြောင့် အရိုးပြိုင်းပြိုင်းနဲ့ ခြောက်သွေ့ညှိုးလျော်နေပါတယ်။ ကျေးရွာစာသင်ကျောင်းမှာလည်း နွံအတိဖုံးလွှမ်းနေလို့ နယ်မြေခံတပ်ရင်းက လာရောက် ရှင်းလင်းပေးပြီး ကျောင်းပြန်ဖွင့်နိုင်အောင် ကူညီပေးနေတာကို တွေ့ရပါတယ်။

 

“ပေါများက သူတို့ရွာကို အလှူရှင်တွေလာတဲ့အခါ သူ့လှေနဲ့ သူပဲထွက်ခေါ်တာ၊ နေ့ညအချိန်မရွေး ခေါ်ပေးတယ်။ ပြန်ပို့ပေးတယ်။ ရွာအတွက်ပေးတဲ့ ရိက္ခာတွေကို လှေပေါ်တင်ပေးတယ်။ အခုရေကျသွားတော့မှပဲ သူ့ခမျာနားရတယ်” လို့ ကျေးရွာသူ အမျိုးသမီးတစ်ဦးက ဖြည့်စွက်ပြောပြပါတယ်။

 

 

ပေါများက အတန်းပညာကို ဒုတိယတန်းအထိသာ တက်ရောက်ခွင့်ရခဲ့ပြီး မိသားစုစားဝတ်နေရေး အတွက် မိဘကိုကူညီပေးတဲ့အနေနဲ့ ဆိတ်ကျောင်းတာ၊ စိုက်ပျိုးရေးလုပ်တာနဲ့ ငါးဖမ်းတာတွေကို လုပ်ကိုင်နေခဲ့ရသူလေး ဖြစ်ပါတယ်။ လက်ရှိမှာ သူတို့မိသားစုပိုင်ဆိတ်ကလေးအချို့ ရေနောက်မျောပါသေဆုံးသွားခဲ့ပြီး ရေကြီးမှုတွေကြောင့် တံငါလုပ်ငန်းလည်း အဆင်မပြေ ဖြစ်ရသလို စိုက်ခင်းတွေအားလုံးလည်း ပျက်စီးခဲ့ရပါတယ်။

 

နေလောင်မှုကြောင့် ဆံပင်တွေ နီကြင်ကြင်ဖြစ် နေတဲ့ ၁၂ နှစ်သားလေးရဲ့ မျက်နှာပေါ်က မျက်လုံးနဲ့ နှာခေါင်းနား တစ်ဝိုက်ဒဏ်ရာအချို့ကို မြင်တွေ့ရပါတယ်။ “လှေမောင်းရင်း ဘာနဲ့ငြိမိလဲတော့မသိဘူး။ ညဘက်တွေလည်း သွားကယ်ရတာဆိုတော့ ဒဏ်ရာတွေကို သတိမထားမိဘူး၊ အားလုံးပြီးတော့မှ တအားနာမှန်းသိတယ်။ အခုတော့ လှေကပေါက်သွားပြီး စက်ကနှိုးရခက်နေတယ်” လို့ ပေါများကပြောပြပါတယ်။ “သားခွေးလေးတွေကလိမ္မာတယ်၊ ဟင်းမစား တတ်ဘူး၊ ထမင်းအဖြူပဲကြိုက်တာ” လို့ စိတ်လိုလက်ရ ပြောပြပါသေးတယ်။

 

သူ့ခွေးလေးတစ်ကောင်နဲ့ ဆိတ်ကလေးတွေ၊ ကြက်ကလေးတွေ ရေဘေးသင့်ခဲ့ရတာကို သတိရနေပုံ ပါပဲ။

 

“ပေါများလေးအကြောင်းကို လူသိများလာတော့ စေတနာရှင်တွေက ဝိုင်းပြီးဂုဏ်ပြုကြလို့ ဝမ်းသာမိ ပါတယ်။ သူ့ပညာရေးအတွက် ထောက်ပံ့ပေးကြတယ်။ စက်လှေတစ်စင်းလည်း လှူမယ်လို့ အလှူရှင် တွေဆီကသိရတယ်။ သူ့ကိုကျောင်းပြန်တက်နိုင်အောင်၊ သူတို့မိသားစုလေး အလုပ်အကိုင်တွေ ပြန်အဆင်ပြေအောင် ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကူညီပေးသွားမှာပါ”လို့ လယ်ဝေး၊ ပျဉ်းမနားခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်အောင် က ဆိုပါတယ်။

 

ပေါများဆီကို သွားအတွေ့မှာ တစ်ရွာလုံးက ကလေး၊ လူကြီးမကျန် အားရဝမ်းသာစွာနဲ့ ဧည့်ခံကြ ပါတယ်။ ပေါများလေးကို စကားပြောနေရင်းက ရွာသားတွေဆီကို “ဒီရွာလေးကို ပေါများက ကယ်ခဲ့ တာလား” လို့ မေးလိုက်တဲ့အခါ တစ်ရွာလုံးက ကလေးလူကြီးမကျန် မဆိုင်းမတွဘဲ “ဟုတ်ပါတယ် သူကယ်တာ” ဆိုတဲ့အဖြေကို ကြားခွင့်ရခဲ့ပါတယ်။

 

အလုံးအရင်းနဲ့စီးဆင်းနေတဲ့ ရေတွေ၊ လှိုင်းတွေကြား အသက်အန္တရာယ်အချိန်မရွေး ကျရောက်နိုင် တာကြောင့် ဆက်မကယ်တော့ဖို့ ပေါများကို တားဆီးခဲ့ကြပေမယ့် အဲဒီ ၁၂ နှစ်အရွယ်ကလေးက တစ်ကိုယ်တော် ကယ်ဆယ်ရေး ခရီးဆက်လုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့ကိုမေးတဲ့အခါ “မကယ်ရင် သူတို့တွေ သေကုန်ကြမှာပေါ့” လို့ ရိုးရိုးလေးပဲ ဖြေခဲ့ပါတယ်။

 

ယနေ့ ကမ္ဘာအရပ်ရပ်မှာ လူသားတို့အပေါ် ခြိမ်းခြောက်နေတဲ့ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်နေပါတယ်။ သဘာဝဘေးဆိုတာ တားဆီးလို့မရပေမယ့် ကြိုတင်ပြင်ဆင်ပြီး သတိနဲ့ရင်ဆိုင် ကြရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ကြိမ်တစ်ခါမှ မကြုံဖူးတဲ့ ဘေးအန္တရာယ်ဆိုးကြီး တစ်သက်မှာတစ်ခါဆိုသလို ကျရောက်လာတဲ့အခါ ရှောင်လွှဲဖို့ရာ အတော်ခက်ခဲပါတယ်။ မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းမိုးတွေကြောင့် ရေကြီး ရေလျှံမှုတွေကို မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ခံစား ခဲ့ရပြီး ပြန်လည်ထူထောင်ဖို့ အစိုးရ၊ ပြည်သူ၊ အဖွဲ့ အစည်းအသီးသီးနဲ့ ပရဟိတသမားတွေ အားသွန် ခွန်စိုက် လုပ်ဆောင်နေကြပါတယ်။

 

လူသားဆန်မှု၊ လူသားချင်းစာနာထောက်ထားမှု၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးမှု စတာတွေ ဟာ ကြီးမားလှတဲ့ ဘေးအန္တရာယ်တွေနဲ့ လူ့အဖွဲ့ အစည်းတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ပေါများလို ကလေးတစ်ယောက်ရဲ့ လူသားစိတ်ဓာတ်နဲ့ သူရှင်သန်နေထိုင်ရာ လူ့အသိုက်အဝန်းအပေါ် ကျေးဇူးပြုနိုင်သူကတော့ ရှားရှားပါးပါး တွေ့မြင်ခွင့် ရတာပါပဲ။

 

မောင်ပေါများအပါအဝင် သူ့လိုပဲမိမိအကျိုး စီးပွား၊ မိမိအသက်ကို မငဲ့ကွက်ဘဲ အများအကျိုး အတွက် လုပ်ဆောင်နေသူတွေကို လေးစားအသိ အမှတ်ပြုရင်း လူသားကမ္ဘာကြီး ပြန်လည်လှပ ကျန်းမာစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတော့တယ်။