ရန်ကုန် ၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း(၂၉)ဇုန်၌ စက်ရုံနှင့်လုပ်သားအများဆုံး တည်ရှိရာ လှိုင်သာယာ စက်မှုဇုန်တွင် ရွှေလင်ပန်းစက်မှုဇုန်၌ ၈၀ ရာခိုင်နှုန်းခန့် လုပ်ငန်းပြန်လည် လည်ပတ်လျှက် ရှိကြောင်း သိရသည်။
ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံပေါင်း(၄၀ဝ)ကျော်ရှိပြီး အထည်ချုပ်စက်ရုံ(၇၀)ကျော်ရှိရာ စက်ရုံများ မူလ အလုပ်သမားဦးရေအတိုင်း အပြည့်အဝ မရရှိသော်လည်း လုပ်ငန်းခွင့်ပြန်လည် လည်ပတ်မှုဖြင့် အထည်ချုပ် စက်ရုံအားလုံးနီးပါး မေလဆန်းပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ လှိုင်သာယာ စက်မှုဇုန်တွင် ရွှေလင်ပန်းစက်မှုဇုန်၌စက် ရုံအများဆုံးတည်ရှိပြီး လုပ်သားအများဆုံး ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက်စက်ရုံများ ယာယီပိတ်ရာတွင် နေရပ်ပြန် အလုပ်သမားများ စက်ရုံပြန်ဖွင့်ချိန်၌ မူလအလုပ်သမားဦးရေအတိုင်း ပြန်လည် မရောက်ရှိသည့် အတွက် လုပ်ငန်းခွင်အခက်အခဲအချို့ကိုဖြေရှင်းနိုင်ရန် စက်ရုံအများစုမှာ အလုပ်သမားခေါ်ယူမှုကြော်ငြာများဖြင့် ခေါ်ယူခြင်း၊ပြည်ပမှ ကုန်ပစ္စည်းမှာယူမှု လျော့နည်းခြင်းနှင့် ခေတ္တရပ်ဆိုင်းထားခြင်းတို့ကြောင့် မူလ အလုပ်သမားအင်အား ထက်လျော့၍စက်ရုံများ လည်ပတ်မှုများလည်းရှိကြောင်း သိရသည်။
“စက်ရုံပေါင်း ၄၀ဝ ကျော်မှာ ၃၀ဝနီးပါးပြန်ဖွင့်နေပါပြီ။ စက်ရုံရာကျော်မှာ အချို့က တည်ဆောက် ပြုပြင်တာ၊ လုပ်ငန်းတိုးချဲ့ဖို့ပြင်ဆင်တာ၊ ပြောင်းရွေ့တာနဲ့ ပိတ်သိမ်းတာတွေရှိတယ်။ ပိတ်သိမ်းတယ်ဆိုရင် ဘာကြောင့်ပိတ်သိမ်းတ ယ်ဆိုတာကွင်းဆင်းစစ်ဆေးပြီး အဆင့်မြင့် စက်မှုဇုန်များ ကော်မတီကို တင်ပြရပါတယ်။ စက်ရုံတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး အမျိုးအစား(၃)မျိုး သတ်မှတ်ပြီးတော့ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ပါတယ်။ စက်ရုံအလုပ်သမား အပြည့်မရတဲ့အတွက် စက်တန်းမှာလုပ်ကိုင်တဲ့ ကျွမ်းကျင်လုပ်သားတွေ မရောက်ကြတာကြောင့် လည်ပတ်တဲ့အခါမှာ အခက်အခဲရှိနေတဲ့ စက်ရုံတွေလည်း ရှိတယ်။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်း ပြန်လည်လည် ပတ်နေပြီဖြစ်တဲ့ အတွက် ကိုဗစ်-၁၉ ကို စတင်ကျားကန်နေပြီလို့ ပြောလို့ရပါတယ်” ဟု ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌဦး အေးသောင်းက ပြောသည်။
လှိုင်သာယာတွင် စက်မှုဇုန်ပေါင်း(၁၀)ခု ကျော်ရှိပြီး အများစုမှာ အထည်ချုပ်လုပ်သားများဖြစ်ရာ ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်မှ ဧပြီလကုန်ပိုင်းထိ စက်ရုံများယာယီ ရပ်နားခဲ့စဉ် အလုပ်ရှင်၊ အလုပ်သမား အခက်အခဲများကြုံ တွေ့ခဲ့ရပြီး မေလဆန်းပိုင်းမှစတင်၍ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ ပြန်လည် အသက်ဝင်လာသောကြောင့် ရွှေပြည်သာ၊သာဓုကန်၊ဝါးတစ်ရာ စက်မှုဇုန်များလည်း ရာနှုန်းပြည့်နီးပါး ပြန်လည်လည်ပတ်နိုင်ခဲ့၍ စက်ရုံပေါင်း(၄၀ဝ)ကျော်ရှိသော ရွှေလင်ပန်း စက်မှုဇုန် တွင်လည်း (၈၀)ရာခိုင်နှုန်းခန့်ပြန်လည် လည်ပတ်လျှက်ရှိကြောင်း သိရသည်။
သန်းထိုက်


