ရန်ကုန် ၊ ၂၉ ဇွန်
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်အများဆုံး တည်ရှိရာ လှိုင်သာယာမြို့နယ်၌ အထည်ချုပ်စက်ရုံများ တည်ရှိရာ ရွှေလင်ပန်းစက်မှုဇုန်တွင် မိုးရာသီရေဝပ်ရေလျှံမှု ကင်းဝေးစေရန် အနောက်ပိုင်း တက္ကသိုလ်အဝိုင်းကြီးမှစ၍ လှိုင်မြစ်အတွင်းစီးဆင်းမည့် ပင်မရေမြောင်းကြီး နှစ်ခုကို တည်ဆောက်ရန် လျာထားပြီးဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုန်ကော်မတီရုံးမှ သိရသည်။
အဆိုပါ စီမံကိန်းအတွက် ဘတ်ဂျက်ငွေကျပ် သိန်း ၃၆၀၀၀ ကျော် လျာထားပေးကြောင်း သိရပြီး စက်ရုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးနှင့် ကျေးရွာလမ်းများ နှစ်စဉ်ရေဝပ်ရေလျှံမှု ဖြစ်ပေါ်လျက်ရှိ၍ အနော်ရထာလမ်း အနောက်ဘက်ရှိ ရိုးကြီးနှင့်ရိုးလေးကျေးရွာ၊ မြောက်ဘက်ရှိအလယ်ရွာ၊ အရှေ့ ဘက်ရှိ ရွှေလင်ပန်းကျေးရွာနှင့် တောင်ဘက်ရှိ ရွှေလင်ပန်းအိမ်ရာ ဝန်းကျင်ရှိ ကျူးကျော်တန်းမှ စွန့်ပစ်ရေနှင့် အမှိုက်များမှ ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ရွှေလင်ပန်းစက်မှုဇုန်အတွင်း ရေများခိုအောင်းလျက် မိုးရွာစဉ် ရေဝပ်ရေလျှံမှု ဖြစ်ပေါ်လျက်ရှိရာ ရွှေလင်ပန်းချောင်းနှင့် လှိုင်မြစ်အတွင်း စီးဆင်းနိုင်မည့် ပင်မရေမြောင်းကြီးနှစ်ခုကို တည်ဆောက်ရန် မြေပြင်ကွင်းဆင်း ဆောင်ရွက်မှုနှင့်အတူ ဘတ်ဂျက်ငွေကို လျာထားခြင်းဖြစ်သည်။
“စက်မှုဇုန် ရေဝပ်ရေလျှံမှု ကင်းဝေးအောင် ပင်မရေမြောင်းကြီးနှစ်ခု တည်ဆောက်ဖို့ ကျပ်သိန်း ၃၆၀၀၀ ကျော် ဘတ်ဂျက်ချထားပေးတာကြောင့် ဆက်လက်အကောင်အထည်ဖော် မယ်လို့သိရပါတယ်။ လူဦးရေများလာတဲ့အတွက် မြောင်းစနစ်တကျမရှိတဲ့ အကျိုးဆက်ဟာ နောက်ပိုင်းမှာ ထိခိုက်မှု များလာနိုင်တယ်။ စက်မှုဇုန်ရေမြောင်းတွေ အမှိုက်ပိတ်ဆို့တာကြောင့် မိုးရွာရင်စက်မှုဇုန်နဲ့ လမ်းတွေ၊ ကျောင်း၊ ဆေးရုံ၊ ရပ်ကွက်နဲ့ ကိုဗစ်-၁၉စင်တာတွေ ရေမြုပ်တာ ကြုံရတာပါ။ ပင်မရေမြောင်းကြီး တည်ဆောက်နိုင်ပြီဆိုရင် ရိုးကြီး၊ ရိုးလေး၊ အလယ်ရွာအပါအဝင် ပတ်ဝန်းကျင်ရပ်ကွက်၊ ကျေးရွာတွေက ရေတွေလည်း ဆင်းသွားမှာဖြစ်တဲ့အတွက် စက်မှုဇုန်ရေဝပ်ရေလျံမှု ကင်းဝေးပါပြီ” ဟုရွှေလင်ပန်းစက်မှုဇုန်ဉက္ကဋ္ဌ ဦးအေးသောင်းကပြောကြားသည်။
ထို ကွန်ကရစ်ပင်မရေမြောင်းကို အနောက်ပိုင်းတက္ကသိုလ် အဝိုင်းအနီးတွင် အနော်ရထာလမ်းမကြီး နှင့်အပြိုင် ၈ ပေအကျယ် ပင်မကွန်ကရစ် ရေမြောင်းနှင့် ကျန်စစ်သားလမ်းမကြီးနှင့်အပြိုင် ရွှေလင်ပန်းချောင်း အတွင်းစီးဝင်မည့် ၈ ပေအကျယ် ပင်မရေမြောင်းတစ်ခုဖြင့် ပင်မရေမြောင်းကြီး နှစ်ခုကို တည်ဆောက်ရန် လျာထားခြင်းဖြစ်ပြီး မြစ်ရေတက်မှုကို ကာကွယ်နိုင်ရန် ရေတံခါးများလည်း ပါဝင်သည်။ ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံပေါင်း ၄၀၀ ခန့်ရှိပြီး စက်ရုံလုပ်သား ၁၂၀၀၀၀ ကျော်ရှိရာ တန်ဖိုးနည်းအိမ်ရာများလည်း ရှိသည့်အပြင် ကျူးကျော်နေထိုင်သော အိမ်ထောင်စု ၃၁၀၀ ခန့် ရှိသောကြောင့် စွန့်ပစ်အမှိုက် ပိတ်ဆို့မှုဖြင့် စက်မှုဇုန်နှင့် ရပ်ကွက်၊ ကျေးရွာများ မိုးရာသီရောက်တိုင်း ရေဝပ်ရေလျှံမှုကို ကြုံတွေ့ရခြင်းဖြစ်သည်။ ရွှေလင်ပန်းစက်မှုဇုန် အနားသတ် တစ်လျှောက်တွင်ရှိသော ပန်းလှိုင်မြစ်အတွင်း စီးဆင်းသည့် ရိုးချောင်းများမှာလည်း ကျူးကျော်တဲများ နှစ်စဉ်တိုးလာသောကြောင့် ပန်းလှိုင်မြစ်နှင့် ရွှေလင်ပန်းချောင်းအတွင်း စီးဆင်းသော ရေမြောင်းများ ပျောက်ကွယ်လျက် ယခုနှစ်မိုးရာသီတွင် စက်မှုဇုန်နှင့် ကျေးရွာများအတွင်း ရေဝပ်ရေလျံ ပိုမိုဖြစ်ပေါ်လျက်ရှိရာ ရွှေလင်ပန်း စက်မှုဇုန်အတွင်း ရေဝပ်ရေလျံမှု ကင်းဝေးမှုဖြင့် စက်ရုံ လုပ်သားများ၊ ကုန်တင်ယာဉ်များနှင့် အများပြည်သူ သွားလာရေး အဆင်ပြေချောမွေစေရန် ရေထုတ်မြောင်း ပင်မရေမြောင်းကြီးနှစ်ခုကို တည်ဆောက်ရန် လျာထားပြီးဖြစ်ကြောင်း သိရသည်။
ညိမ်းသူ


