ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များသည် ယနေ့ နံနက် ၈ နာရီခွဲတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် မက္ခရာမင်းသားကြီးလမ်းနှင့် ဆိပ်ကမ်းသာ လမ်းထောင့် အမှတ် (၁) မြစ်ထွက်ပေါက် ရေတံခါး၌ Excavator ယန္တရားနှင့် လူအင်အားဖြင့် အမှတ် (၁) ရေမြောင်းနှင့် မြစ်ထွက်ပေါက်မှ အမှိုက်၊ နုန်းနှင့် သဲမြေများ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း၊ ရွှေလင်ပန်းစက်မှုဇုန် မြတောင်ဝန်ကြီး ဦးမှိုလမ်းရှိ ရွှေနယားကုမ္ပဏီလီမိတက်သို့ သွားရောက်၍ စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးနေသည့် မော်တာ၊ ရေစုပ်စက်၊ မြက်ဖြတ်စက်နှင့် စက်မှုသုံး ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၌ စက်မှုဇုန် တာဝန်ရှိသူ များက အမှတ် (၁) မြောင်းနှင့် အမှတ် (၂) မြောင်း ရေစီးရေလာ အခြေအနေနှင့် ဦးအောင်သူလမ်း နှင့် ကျန်စစ်သားလမ်းအကြား မီးသတ်ရေကန် ပြန်လည်ဆယ်ယူရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည့်အပေါ် မြို့တော်ဝန်က သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ မင်္ဂလာကန်သို့ သွားရောက်၍ မင်္ဂလာကန်ရေပိုလွှဲ Spill Way ကြမ်းခင်းနှင့် ရေထုတ်မြောင်း မြေထိန်း နံရံပြုပြင်ပြီးစီးမှု၊ ရေထုတ်မြောင်းသို့ ဝင်ရောက်သည့် ဝဲ/ယာရေမြောင်းများ မြေထိန်းနံရံ ပြုလုပ်နေမှု၊ ကန်ပေါင်တလျှောက် မြက်ခင်း၊ အရိပ်ရပင်၊ ပန်းအလှပင်များစိုက်ပျိုး၍ မြေယာရှုခင်း ဆောင်ရွက်နေမှု၊ လူသွားစင်္ကြံ စက်ဘီးလမ်းဘေးတွင် ခုံတန်းများ တပ်ဆင်ထားရှိမှုနှင့် လမ်းမီးတိုင်များ တပ်ဆင်နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး မင်္ဂလာကန် စိမ်းလန်းစိုပြည်ရေးနှင့် ကန်ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်ရေးအား ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


