မုံရွာ ၁၇ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့နှင့်ပုလဲမြို့နယ် အတွင်း တည်ရှိသော ယင်းမာပင်ရေလျှံဇုန်ကြီး ရေရှည်တည်တံ့ခိုင်မြဲစွာ တည်ရှိနေစေရန် အလုပ်ရုံဆွေးနွေးပွဲ ကို မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ Glorious Monywa ဟိုတယ်ခန်းမတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်(၉)နာရီမှ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ယင်းမာပင် ရေလျှံဇုန်အတွင်းရှိ ရေလျှံတွင်းများ အသုံးပြုမှုနှစ်ကြာလာသည်နှင့်အမျှ သုံးစွဲသည့် ကျေးလက်ဒေသနေပြည်သူများ၊ တောင်သူများ ထုတ်ယူသုံးစွဲမှု စနစ်ကျမှုမရှိခြင်း၊ အလေ့အလွင့် များပြားခြင်းတို့ကြောင့် ရေဖိအားလျော့ကျလာပြီး ရေလျှံထွက်မှု လျော့နည်းလာခြင်းကြောင့် သဘာဝအရင်းအမြစ်တစ်ခု ရေရှည်အသုံးပြုနိုင်ရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သော International Water Managemend Institute -( IWMI ) နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
““ ရေလျှံတွင်းတွေရဲ့ အခြေအနေကို စောင့်ကြည့်လေ့လာတဲ့ နည်းစနစ်တွေ တပ်ဆင်ပြီး စောင့်ကြည့် တဲ့အခါ မြေအောက်ရေအောင်းလွှာရဲ့ ဖိအားက သိသိသာသာကျလာတဲ့အတွက် အမှန်တကယ် ပြန်လည် မြှင့်တင်ဖို့က ပထမအရေးကြီးလိုအပ်နေတယ်၊ အဲဒီအတွက်ကြောင့် ဒီစီမံကိန်းကိုရွေးချယ် လုပ်ဆောင်တာ ဖြစ်တယ်၊ ဒေသခံကျေးရွာ အသိုင်းအဝန်းရဲ့ပူးပေါင်းဆောင်ရွက်မှု၊ပါဝင်မှုတွေက ဒီစီမံကိန်းမှာ အမှန်တကယ် လိုအပ်တယ်၊ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာတွေ နည်းစနစ်တွေရဲ့ ဖွဲ့စည်းပုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပုံစံတစ်ခု တည်ဆောက်ဖို့ကအရေးကြီးတယ်၊ အဲဒါတွေကို ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အဖြေရှာမယ်၊ ကျေးလက်ဒေသ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းပြီးကွင်းဆင်းပြီး အဖြေရှာမယ်၊ လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး ပုံစံတစ်ခု တည်ဆောက်မယ်၊ အဲဒိပုံစံက တကယ်အလုပ်ဖြစ်ဖို့လည်း မျှော်လင့်တယ်၊ အဲဒိပုံစံကို ဒီစီမံကိန်းမှာသုံးပြီးလို့ အောင်မြင်တယ်ဆိုရင် တစ်ခြားဒေသက ရေလျှံဇုန်တွေမှာ ပြန်သုံးလို့ရတယ်၊ ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တောင်သူတွေ ကျေးလက်ဒေသအသိုင်းအဝိုင်းတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ ဆိုတဲ့အချက်(၂)ချက်ကို လုပ်ရင်းနဲ့ကျသွားတဲ့ မြေအောက်လေဖိအားတွေ ပြန်လည် မြှင့်တင်ဖို့ လုပ်မယ်၊ မြေအောက်ရေထိန်းသိမ်းမှုတွေမှာ ဒီပုံစံကိုအသုံးပြုပြီး ပြန်လည်မြှင့်တင်ဖို့ လုပ်သွားမှာ ဖြစ်ပါတယ်”” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက ပြောသည်။
ယင်းမာပင်ရေလျှံဇုန်ရေရှည်တည်တံ့ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် Glorious Monywa ဟိုတယ်ခန်းမတွင် ဒေသခံတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အကြံဉာဏ်များရယူဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ယင်းမာပင်မြို့နယ် ရွာသာကျေးရွာနှင့်လည်ငေါက်ကျေးရွာများသို့ ရေလျှံထွက်မှု အခြေအနေများကို ကွင်းဆင်းလေ့လာမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၉)ရက်နေ့နှင့် (၂၀) ရက်နေ့ တို့တွင် Glorious Monywa ဟိုတယ်ခန်းမတွင် ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပြန်လည်ဆွေးနွေးပြီး ရှေ့ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


