ရေလျှံလမ်းကို ဖြတ်သန်းကြတဲ့အခါ

သိပ္ပံစာရေးဆရာကိုကိုအောင်

 

ကမ္ဘာ့ဒေသအသီးသီးရှိ သန်းနှင့်ချီသော စက်မှုလုပ်ငန်းများနှင့် အင်ဂျင်စက် ဘီလီယံပေါင်းများစွာတို့က နေ့စဉ်စွန့်ထုတ် လိုက်သော ကာဗွန်ဓာတ်ငွေ့ တန်ချိန်ပေါင်းများစွာတို့မှာ ကမ္ဘာ့လေထုထဲသို့ စုပြုံရောက်ရှိနေသည်။ ကမ္ဘာ့လေထု အပေါ်လွှာအတွင်းရှိ အမှုန်ကလေးများသည် ကမ္ဘာမြေပေါ်သို့ နေ၏အပူရှိန် ပြင်းထန်စွာ ကျရောက်ခြင်းမှ ကာကွယ် ပေးထားသလို တစ်ဖက်ကလည်း ကမ္ဘာ့လူသားတို့အပေါ်နေမှ ထုတ်လွှတ်လိုက်သည့် ဓာတ်ရောင်ခြည်များ သင့်ရောက်မှု မဖြစ်စေရန်အတွက်ပါ ခုခံကာကွယ် ပေးထားလျက်ရှိသည်။

ဖန်လုံအိမ်အာနိသင်
ဤမျှ ကြီးမားလွန်းသော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်နေရချိန်တွင် ကမ္ဘာ့မြေပြင်ပေါ်မှ လူသားတို့က အတိုင်းအဆမဲ့စွာ စွန့်ထုတ်လိုက်သော ကာဗွန်ဓာတ်ငွေ့များကိုပါ စုပ်ယူနေရသည့်အတွက် ဖန်လုံအိမ်အာနိသင် မြင့်မားလာကာ ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေလျက်ရှိသည်။ အကျိုးဆက်များအဖြစ် ရေခဲတောင်နှင့် ရေခဲမြစ်များ အရည်ပျော်နှုန်း မြင့်မားလာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ပင်လယ်ရေ၏အပူချိန် ပို၍ တိုးလာခြင်းတို့နှင့်အတူ ရာသီဥတု ဖောက်ပြန် ပြောင်းလဲပြီး မိုးလေဝသ အခြေအနေများ ကစဉ့်ကလျား ဖြစ်ပေါ်လျက် ရှိနေသည်။

အစွန်းရောက် ရာသီဥတုများဖြစ်ကြသော ပူပြင်းခြောက်သွေ့မှု လွန်ကဲသည့် အယ်နီညိုနှင့် အေး၍စွတ်စိုပြီး မုန်တိုင်းများ ဖြစ်ပေါ်စေသော လာနီညာတို့၏ အာနိသင်ကို ကမ္ဘာ့ဒေသအချို့ ၌ ခံစားနေကြရသည်။ အထူးသဖြင့် မိုးရေမလိုအပ်သည့် ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးရေလိုအပ်သော ဒေသများတွင် မိုးခေါင်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းသော ဒေသများတွင် မိုးရေချိန်ပမာဏ စံချိန်သစ်တင်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်း၊ အဆောက်အအုံနှင့် သစ်ပင်များ ပျက်စီးမျောပါခြင်း၊ လူ ့အသက် အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားရလေ့ရှိသည်။

ရေကြီးရခြင်း အကြောင်းရင်းများ
ဒေသတစ်ခုတွင် ရေကြီးရေလျှံ ဖြစ်ရခြင်းမှာ ယင်းဒေသရှိ ချောင်းငယ်မြောင်းငယ်များသည် ရွာသွန်းသော မိုးရေထုထည် ပမာဏနှင့် လိုက်လျောညီထွေ စီးဆင်းနိုင်မှုမရှိခြင်း၊ ရေစီးရေလာ ကောင်းမွန်မှုမရှိခြင်း၊ ချောင်းမြောင်းများ တိမ်ကော နေခြင်း၊ မြို့ ရွာတည်နေပုံ စနစ်တကျ မရှိခြင်း စသော အကြောင်းများကြောင့် ဖြစ်ရသလို အဆိုပါဒေသကို ဖြတ်သန်း စီးဆင်းသော မြစ်ချောင်းများ ရေလျှံခြင်း၊ မြေပြိုကျမှုကြောင့် ရေစီးဆင်းရာလမ်းကြောင်းကို ပိတ်ဆို့စေခြင်း၊ ရေစီးအားနှင့် အတူ ဝတ္ထုပစ္စည်းကြီးငယ် အပိုင်းအစများစွာနှင့် သစ်ပင်များ မျောပါပိတ်ဆို့ခြင်း၊ မော်တော်ကားနှင့် ယာဉ်အမျိုးမျိုးတို့ မျောပါ ပိတ်ဆို့ခြင်း၊ ဆီသိုလှောင်ကန်နှင့် ဓာတ်ငွေ့သိုလှောင်သော တိုင်ကီကြီးများ မျောပါပိတ်ဆို့ခြင်း စသည်တို့ကြောင့်လည်း ဖြစ်ပေါ်ရလေ့ရှိ သည်။

ဤသို့သော အခြေအနေမျိုးတွင် မလွှဲမရှောင်သာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ကြရသလို စိုးရိမ်ကြောက်ရွံ့မှု လွန်ကဲခြင်း၊ သတိပြု ဆင်ခြင်မှု အားနည်းခြင်း၊ ကျိုးကြောင်းလျော်ညီစွာ မစဉ်းစားဘဲ ဖြစ်ချင်စိတ်ကို ရှေ့တန်းတင်ခြင်း၊ ကြောက်သင့် သည်ကို မကြောက်ဘဲ ဇွတ်တိုးခြင်း စသည့် လူတို့၏စိတ်ဓာတ်နှင့် လုပ်ရပ်များကြောင့်လည်း မပျက်စီး မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး ကြရခြင်း၊ မသေသင့်ပါဘဲ လူ ့အသက် သေဆုံးရခြင်းများ ဖြစ်ပေါ်ရလေ့ရှိသည်။

ရေကြီးရေလျှံသည့် ဒေသနှင့် မြို့ ရွာများတွင် လျှံတက်လာသောရေသည် စီးဆင်းမှု မရှိသော ရေသေအဖြစ် တည်ရှိနိုင်သလို အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ရေစီးအားကောင်းသည့် ရေလျှံမှုမျိုးလည်း ဖြစ်နေနိုင်သည်။ ရေသေသည် အန္တရာယ် ဖြစ်နိုင်ခြေနည်းပြီး အရှိန်အဟုန်နှင့် စီးဆင်းနေသော ရေကမူ အန္တရာယ်ရှိနိုင်သည်ကို သတိပြုကြရန် လိုအပ်သည်။

ရေကြီးပြီဆိုလျှင်
ရေအနက် လေးပေနှင့်အထက်ရှိပြီး (ရင်စို့လောက်ရှိနေသည့်) စီးဆင်းနေသော ရေသည် ရေစီးနှုန်း တစ်နာရီလျှင် မိုင် ၂၀ ခန့် ရှိနေပါက ဖြတ်ကူးသွားလာနေသော လူနှင့်တိရစ္ဆာန်များ၊ မော်တော်ကားနှင့် စက်တပ်ယာဉ်များအတွက် အန္တရာယ် ကျရောက်ရန် အခွင့်အလမ်း ရှိနေပြီ ဖြစ်သည်။ လက်တွေ့ အခြေအနေတွင် ဤကဲ့သို့ အန္တရာယ်နှင့် ကြုံနေရချိန်၌ ရေစီးနှုန်းကို မည်သူမျှ တိုင်းတာနိုင်မည် မဟုတ်ပေ။

သို့ရာတွင် ယင်းအခြေအနေမျိုးအထိ ရောက် ရှိလာပြီဆိုလျင် ရေကိုဖြတ်ကူးနေသူ၏ ခြေထောက်များသည် မြေပြင်ပေါ်တွင် တည်ငြိမ်စွာဖြင့် မတ်မတ်ရပ်ရန် ခဲယဉ်းလာလိမ့်မည် ဖြစ်သည်။ ခြေတစ်လှမ်း လှမ်းပြီးတိုင်း နောက်တစ်လှမ်း လှမ်းရန် အတွက် မိမိခန္ဓာကိုယ်ကို အတော်ပင် ကြိုးစားတည့်မတ်နေရပြီဆိုပါက ရေစီးနှုန်းသည် တစ်နာရီလျှင် မိုင် ၂၀ နှင့်အထက် ရှိနေပြီ ဆိုသည်ကို သတိပြုကြရမည် ဖြစ်သည်။

ရေစီးအား
ဤအခြေအနေသို့ ရောက်ပြီဆိုလျှင် တစ်ဦးတစ်ယောက်ချင်း ဖြတ်ကူးသွားလာနေခြင်းသည် ရေစီးအဟုန်တွင် လွယ်လင့်တကူ မျောပါပြီး အသက်ဆုံးရှုံးနိုင်သည့်အတွက် အုပ်စုလိုက် လက်ချင်းချိတ်၍ ဖြတ်ကူးခြင်း၊ တန်း သို့မဟုတ် ကြိုးကို မိမိရရ ဆုပ်ကိုင်ပြီး တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်၍ ဖြတ်ကူးခြင်းတို့ကိုသာ လုပ်ဆောင်သင့်ကြသည်။

အလားတူပင် ရေကြီးနေချိန်၌ အရှိန်အဟုန်ဖြင့် စီးဆင်းနေသောရေကို အန်တု၍ မော်တော်ကားများ ဖြတ်သန်းမောင်းနှင် ခြင်းသည်လည်း အန္တရာယ်ကြီးသော လုပ်ရပ်တစ်ခု ဖြစ်သည်။ ရေသည် အလေးချိန်ရှိသည့်အပြင် ရေကြီးနေချိန်၌ ယင်း၏ ထုထည် ပမာဏသည်လည်း အလွန်ကြီးမားလျက်ရှိနေသည်။ မော်တော်ကားသည်လည်း အလေးချိန်နှင့် ထုထည် ရှိသည့်တိုင် ရေကြီးနေချိန်၌ ရှိနေသည့် ရေပြင်ကြီး၏ အလေးချိန်၊ ထုထည် ပမာဏတို့နှင့် နှိုင်းယှဉ်ပါက လွန်စွာ သေးငယ်လျက် ရှိနေသည်။

သိပ္ပံပညာရှင် အာခိမိဒိက ရေတွင် ဝတ္ထုပစ္စည်းတို့၏ မူလအလေးချိန်ကို လျော့ကျသွားစေသော တစ်နည်းအားဖြင့် ပေါ့သွားစေသော ဖော့ဂုဏ်ရှိကြောင်း ဖော်ထုတ်ပြခဲ့ပြီး ဖြစ်သည်။ မော်တော်ကား၏ အလေးချိန်သည် ပတ်ပတ်လည်တွင် ရှိနေသည့် ရေထု၏ အလေးချိန်နှင့် နှိုင်းစာလျှင် မပြောပလောက်အောင် နည်းပါးနေသည့်အပြင် ရေ၏ ဖော့ဂုဏ်သတ္တိကြောင့် မော်တော်ကားသည် လေထဲ၌လွင့်မျောသည့် ငှက်မွေးသဖွယ် လွယ်လင့်တကူပင် ရေစီးထဲ၌ မျောပါ နစ်မြုပ်သွားနိုင်သည်။

ရေထု၏ ဖိအား
ရေစီး၌ မျောပါရင်း ကားအတွင်းသို့ ရေများ ဝင်ရောက်လာကာ ထိုရေများ၏ အလေးချိန်နှင့် ဖိအားကြောင့်ပင် ကားကို ရေအောက်သို့ နှစ်မြှုပ်ပစ်လိုက်သလို ဖြစ်သွားနိုင်သည်။ ထိုအခြေ အနေရောက်မှ ကြောက်ကြောက်လန့်လန့်ဖြင့် ကားအတွင်းမှ အပြင်သို့ထွက်ရန်အတွက် ကားတံခါးများကိုဖွင့်ရန် ကြိုးစားသည့်အခါ ကြီးမားလှသောရေထု၏ ဖိအားကြောင့် တံခါးဖွင့်၍မရတော့သော အခြေအနေကို ကြုံတွေ့ရနိုင်သည်။ ကားလည်းပျက်စီး၊ လူလည်း အသက်ဆုံးရှုံးရသော ဖြစ်ရပ်သည် မိနစ်ပိုင်းမျှအတွင်းမှာပင် ဖြစ်သွားနိုင်သည်။

ရေထု၏ ဖိအားသက်ရောက်မှုနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ သင်ခန်းစာများစွာကို ပေးခဲ့သော ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘောကြီး၏ဖြစ်ရပ်ကို ပြန်ပြောင်းလေ့လာ ကြည့်သင့်ကြသည်။ ရေခဲတောင်နှင့် တိုက်မိ၍ ပွင့်ထွက်သွား သော အခန်းခြောက်ခန်းမှ ဝင်ရောက်လာသည့် တန်ချိန် ၁၆၀ဝဝ ရှိသော ရေထု၏ အလေးချိန်ကြောင့် သင်္ဘောဦးပိုင်း လေးလံပြီး ရေထဲသို့ ခေါင်းစိုက်ကျသွားချိန်တွင် လေထဲမြောက်နေသော သင်္ဘောပဲ့ပိုင်းနှင့် ဦးစိုက်နေသော ခေါင်းပိုင်းကြား ခါးလယ်နေရာ၌ သက်ရောက်နေသော ဖိအားမှာ တစ်စတုရန်း လက်မပေါ်တွင် ၁၅ တန် ပမာဏရှိနေသောကြောင့် ခရီးသည်ပေါင်း ၂၂၂၇ ယောက်နှင့် ကုန်ပစ္စည်း တန်ချိန်ပေါင်း များစွာတင်ဆောင်လာသော ဧရာမ ဇိမ်ခံသင်္ဘောကြီးသည် မိနစ် ၃၀ မျှ အတွင်းမှာပင် နှစ်ပိုင်းပြတ်ကာ ပေါက်ကွဲပြီး ပင်လယ်ကြမ်းပြင် အောက်သို့ တစ်နာရီလျှင် ၁၃ မိုင်နှုန်းဖြင့် ကျဆင်းနစ်မြုပ်သွားခဲ့သည်။

ဤသည်ကို သင်ခန်းစာရယူလျက် ရေထု၏ဖိအားကို လျှော့မတွက်မိရန် အရေးကြီးသလို ရေစီးအားကိုလည်း ပေါ့ပေါ့တန်တန် သဘော မထားကြရန် လိုအပ်သည်။ ရေသည် ထုနှင့်ထည်နှင့် မြင့်ရာမှနိမ့်ရာသို့ စီးဆင်းသည့်အခါ မြေပြင် အနိမ့်အမြင့်နှင့် ရေထုပမာဏတို့အပေါ် မူတည်ပြီး စီးဆင်းမှုနှုန်းလည်း တိုးမြင့်လာနိုင်သည်။ တစ်နည်းဆိုရသော် ရေစီးအား အလွန်ကောင်း လာနိုင်သည်။

ဤသို့ ရေထုထည်ကလည်းများ၊ ရေစီးအားကလည်း တိုးလာပြီဆိုလျှင် စီးဆင်းရာ လမ်းတစ်လျှောက်ရှိ အတားအဆီး မှန်သမျှကို အင်အားကြီးမားစွာဖြင့် တွန်းတိုက်ဆွဲငင် ယူဆောင်သွားမည်မှာ သေချာနေသည်။ သစ်ပင်များ အမြစ်က ကျွတ်ထွက်ပြီး မျောပါသွားနိုင်သလို လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းသည့် ဓာတ်တိုင်များလည်း ပြိုလဲပျက်စီးသွား နိုင်သည်။ ဓာတ်ကြိုးများတွင် စီးဆင်းနေသော လျှပ်စစ်စီးကြောင်းသည် အကောင်းဆုံး လျှပ်ကူးပစ္စည်း ဖြစ်သော ရေနှင့် ထိတွေ့သည့်အခါ ဧရာမ မီးတောက်ကြီးများ ဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုကို ဖြစ်စေနိုင်ရုံမျှမက ရေနှင့်ထိစပ်နေသူမှန်သမျှ ကိုလည်း ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးစေသည်အထိ အန္တရာယ်ကြီးမားလာနိုင်သည်။

ထို့အတူပင် ကြီးမားသော ရေထု၏စီးဆင်းမှုအားနှင့် အဟုန်ကြောင့် လောင်စာဆီ သိုလှောင်ကန်များ၊ ဓာတ်ငွေ့ သိုလှောင်သော တိုင်ကီကြီးများ စသည်တို့ မျောပါခြင်း၊ လောင်စာကန်နှင့် တိုင်ကီများ ပွင့်ထွက်ပြီး လောင်စာရည်နှင့် ဓာတုပစ္စည်းများ ပေါက်ထွက်ကာ မီးထတောက်ခြင်း၊ ဓာတုအဆိပ်သင့်ခြင်း၊ ပေါက်ကွဲခြင်းများအထိ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နိုင်သည်။

ရေကြီးရေလျှံဖြစ်ပေါ်နေချိန်တွင် ရေစီးအား အလွန်ကောင်းလာသည်နှင့်အမျှ ဝတ္ထုပစ္စည်း ကြီးငယ်တို့နှင့်တကွ သစ်ပင် များနှင့် စက်တပ်ယာဉ်များ မျောပါသည့်အခါ စီးဆင်းနေသော ရေပြင်ပေါ်၌ ဝဲဂယက်များကို ဖြစ်ပေါ်စေပြီး ထိုဝဲဂယက် များကြောင့်ပင် ရေနှင့်အတူ မျောပါလာသော သက်ရှိသက်မဲ့ အားလုံးတို့မှာ လွယ်လင့်တကူပင် ရေအောက်သို့ နစ်မြုပ်သွားနိုင်သည်ကိုလည်း သတိပြုသင့်ကြသည်။

အချုပ်ဆိုရသော် သိပ္ပံပညာအရ သိပ်သည်းခြင်း (Density)ပမာဏမှာ ၁ ဖြစ်ပြီး သိပ်သည်းဆ (Specific Gravity) ပမာဏလည်း ၁ သာရှိသော အလွန်ရိုးစင်းလှသည့် ရေ၏ သဘောသဘာဝသည် ၎င်းရောက်ရှိနေသည့် ရေမြေတောတောင် ဒေသအနေအထားတို့အပေါ် မူတည်ပြီး ဆန်းကြယ်လှသည်ဖြစ်ရာ ရေကြီးရေလျှံချိန်များ၌သာမက ရေကူးသည့်အခါ၊ ရေငုပ်သည့်အခါ၊ ရေလွှာလျှောစီးသည့်အခါ၊ ဝါတာပိုလို ကစားသည့်အခါ၊ ငါးဖမ်းထွက်သည့်အခါ၊ ရေလမ်းခရီး သွားသည့်အခါ၊ ရေအောက် စူးစမ်းရှာဖွေမှု ပြုလုပ်သည့်အခါများနှင့် ရေနှင့်ထိစပ်မှုရှိသည့် အခါတိုင်း၌ ရေ၏ဖိအားနှင့် ရေစီးနှုန်းတို့အပေါ် အမြဲသတိပြု ဆင်ခြင်ကြခြင်းဖြင့် ရေကြောင့်ဖြစ်ရသော ဘေးအန္တရာယ် အသွယ်သွယ်တို့မှ ရှောင်ရှား လွတ်မြောက်နိုင်ကြမည်  ဖြစ်ပေသည်။     ။