နေပြည်တော်၊ ဧပြီ ၂၈

 

ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၃၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန မှူးများ၊  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး က မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် (၂,၈၃၂) ကီလိုမီတာ ၊ ကမ်းဦးရေတိမ်ပိုင်း ( ၂၂၈,၇၈၁) စတုရန်း ကီလိုမီတာ နှင့် သီးသန့်စီးပွားရေးဇုန် (၄၈၆,၀၀၀) စတုရန်း ကီလိုမီတာရှိပြီး ကြီးမားသော အဏ္ဏဝါ သယံဇာတ အရင်းအမြစ်များကို ပိုင်ဆိုင် ထားကြောင်း၊ သဘာဝ အခြေအနေကောင်းများကြောင့် ၂၀၂၁ ခုနှစ်စာရင်းများအရ ငါးထုတ်လုပ်မှု မက်ထရစ်တန်(၆)သန်းခန့်ရှိခဲ့ပြီး (၂၃)ရာခိူင်နှုန်းခန့်မှာ ငါးမွေးမြူရေးမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ ငါးဖမ်းဆီးမွေးမြူ ထုတ်လုပ်မှု တွင် မြန်မာနိုင်ငံက အရေးပါသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်လျက် ရှိကြောင်း၊ အမျိုးသားလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအစီအမံတွင် ချမှတ်ထားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ငါး၊ ပုစွန် မွေးမြူမှု တိုးချဲ့ ဆောင်ရွက်နိုင်ရန်၊ ငါးသယံဇာတ အရင်းအမြစ်များ ရေရှည် တိုးတက်စေရေး ဆောင်ရွက်ရန်၊ ငါးလုပ်ငန်း စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးစေရေးအတွက် သုတေသနနှင့် တိုးချဲ့ပညာပေး လုပ်ငန်းများ အရှိန်မြှင့် တင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မြန်မာ့ငါးလုပ်ငန်းကဏ္ဍသည် အလုပ်အကိုင်အခွင့်လမ်း ၊ GDP နှင့် ပြည်ပတင်ပို့မှု အခွင့်အလမ်းများအတွက် အရေးပါသော ကဏ္ဍတစ်ရပ် ဖြစ်ကြောင်း၊ ပြည်သူများ၏ အစာအာဟာရ အတွက် ပရိုတိန်း ရရှိစေရေး အထောက်အပံ့ပေးထားရုံမက နိုင်ငံသား (၃ဒသမ၅)သန်းခန့် အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်အကိုင်ကို အထောက် အပံ့ပေးထား နိုင်သည့် ငါးလုပ်ငန်းအနေဖြင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး အစားအစာ ဖူလုံမှုကိုအာမခံနိုင်လျက်ရှိကြောင်း၊ နော်ဝေသုတေသနရေယာဉ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော သုတေသန ရလဒ်များအရ သဘာဝမှ ငါးဖမ်းဆီးထုတ်လုပ်မှုကို လက်ရှိပမာဏထက်ကျော်လွန်မှု မရှိစေရေး နှင့် ရေရှည် တည်တံ့သော ငါးလုပ်ငန်းဖြစ်စေရေးကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ငါးမြင်း (Silonia Silondia) ကို နိုင်ငံတော်ငါးအဖြစ် သတ်မှတ်နိုင်ရေးကိစ္စကိုလည်း အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့်  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ အနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပေးကြရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က အစည်း အဝေးပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက် ကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက် လာကြသူများ က ငါးထုတ်လုပ်မှုကဏ္ဍ တိုးမြင့်ရေး၊ ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ ရောင်းချမှု၊ ငါးမြင်း (Silonia Silondia) ကို နိုင်ငံတော်ငါးအဖြစ် သတ်မှတ်နိုင်ရေး၊ ငါးဖမ်းဆီးမှု၊ ငါးထုတ်လုပ်မှုနှင့် ပြည်တင်ပို့ ရောင်းချမှု တိုးတက်စေရေး အတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ငါးမြင်း (Silonia Silondia) ကို စမ်းသပ် သားဖောက်မွေးမြူရေးတို့ကို ရှင်းလင်းတင်ပြ  ဆွေးနွေးခဲ့ကြသည်။

 

ယနေ့ နံနက်ပိုင်းကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ နေပြည်တော် လယ်ဝေးမြို့နယ် လေဆင်နှာမောင်းဒဏ်သင့် ကျေးရွာ များဖြစ်သည့် ကံသာအုပ်စု၊ တံတားဦးကျေးရွာ၊ အောင်မြင်ကျေးရွာ၊ တလုပ်ပင်အုပ်စု၊ စမ်းကလေး ကျေးရွာနေ မွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစားအစာများ ထောက်ပံ့ ပေးအပ်ပွဲ သို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ကျေးရွာမွေးမြူရေးတောင်သူများကို အားပေးစကားပြောကြားကြပြီး တိရစ္ဆာန် အစာအိတ် (၁၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)