ပဲခူး နိုဝင်ဘာ ၇
ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၌ ရွေ့လျားစက်လှေကားဖွင့်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတို့ကို ယမန်နေ့ညနေပိုင်းက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာသည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာကို ရွတ်ဆိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီချုပ်က စက်ခလုပ်နှိပ်၍ စက်လှေကားကိုစတင်မောင်းနှင် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးသည်။
ယင်းနောက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်း တောင်းဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ မြို့မစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာ အဘိဓဇမဟာရဋ္ဌဂုရု မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြသည်။
ထို့နောက် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၁)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အလှည့်ကျဂေါပက ဦးထွန်းမြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမောင်း(၃)ချက်တီးကာ မသိုးသင်္ကန်း စတင် ရက်လုပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီ စင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာ စင်တော်နှင့် သုဇာတစင်တော် ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်းရက်လုပ်နေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဆောင်တိုင်ပွဲတော် အကြို မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက စိန်နားပန်နှင့် အရုပ်မီးပုံးအကြီး(၈)လုံး၊ မီးပုံးပျံအသေး လုံး (၅၀၀) တို့ကို လွှတ်တင်ပူဇော်ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်စင်များမှ ရက်လုပ်ခဲ့သည့် မသိုးသင်္ကန်းများကို ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး မုခ်အသီးသီးရှိ ဘုရားဆင်းတုတော်များအား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်