ရေး၊  ၈  ဇန်နဝါရီ    

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ မြသီတာဈေးတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ထားရှိမှုကို မြို့နယ်မီးဘေးကြိုတင် ကာကွယ်တားဆီးရေးအဖွဲ့မှ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းနှင့် ဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဇန်နဝါရီ  ၈ ရက် နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါလက်တွေ့သရုပ်ပြခြင်းအစီအစဉ်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှူး ဦးလှမိုးအောင်နှင့် ဝန်ထမ်းများ၊ ဈေးသာယာ ရေးအဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းနှင့် ရေးမြစ်ချောင်း (ကမ်းနားချောင်း)ရေဖြင့် မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့ သရုပ်ပြဆောင်ရွက်ခြင်း၊ ဈေးအတွင်းရှိ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လျှပ်စစ်သွယ်တန်းထားရှိမှုများ စစ်ဆေးခြင်းနှင့် ဈေးအတွင်းရှိ  ရေငုတ်ပိုက်များ အပေါ့စားပိုက်ဖြင့် မီးငြှိမ်းသတ်နိုင်မည့် အခြေအနေများကို ဆောင်ရွက်ခဲ့ကြသည်။

ဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသုံးစွဲမှု၊ မီးငြိမ်းသတ်ဆေးဘူးများကို သုံးစွဲတက်စေရန်၊ ခြောက်သွေ့ရာသီနှင့် အခြားရာသီ ကာလတွင် မီးကို ပေါ့ဆစွာမသုံးစွဲဘဲ စနစ်တကျ သုံးစွဲတက်စေရန်နှင့် မီးဘေးကြိုတင်ကာကွယ် ရေးသုံးပစ္စည်းများကို သုံးစွဲတတ်စေရန် ယခုကဲ့သို့ မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)