ရေး၊ ၃ ဇန်နဝါရီ
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းကျုံးတော်ကြီးရှိ အောက်ကျုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၂၇၄ ဒသမ ၄)ဖြင့် ကောင်းစုအေးကုမ္ပဏီလီမိတတ်မှ တာဝန်ယူ ပြန်လည်တူးဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သောနှစ်ပေါင်း (၁၂၀၀)ကျော်က ရှေးမွန်ဘုရင်အဆက်ဆက်တို့က ခံတပ်မြို့အသွင်ဖြင့် ကျုံးတော်ကြီးကို တူးဖော်ခဲ့ရာ သမိုင်းအမွေအနှစ်အဖြစ် ရှေးဟောင်းကျုံးတော်ကြီးကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရေးမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၂၇၄ ဒသမ ၄)ဖြင့် ကောင်းစုအေးကုမ္ပဏီမှ တာဝန်ယူကာ ပြန်လည်တူးဖော်မှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အပြီး တာဝန်ယူ တူးဖော်ရမည်ဟု သိရသည်။
ရေးမြို့၏ ကျုံးတော်ကြီးသည် နွေရာသီတွင် ရေခန်းခြောက်ခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် ရေသိုလှောင်နိုင်ရန် လက်ရှိ (၄)ပေအနက်ရှိသော ကျုံးတော်ကို (၅)ပေခွဲ ထပ်မံပြန်လည်တူးဖော်မည်ဖြစ်ပြီး အောက်ကျုံးပတ်လည် (၁၉)ဧကကိုလည်း စိတ်အပန်းဖြေနေရာ၊ ရှုခင်းများ၊ ပန်းအလှများဖြင့် ပြန်လည်ဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ်အတွက် အထောက်အကူပြုမည့် ရေအရင်းအမြစ် နေရာတစ်ခုဖြစ်ခြင်း၊ အပတ်စဉ် ကျုံးသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးအဖွဲ့များကို ဖွဲ့စည်းပေးနိုင်ရန် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


