ရေး ဇူလိုင် ၁၉
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။
ဇူလိုင် ၁၉ ရက် နံနက် ၃ နာရီမှ စတင်ကာ ဟံဂံကျေးရွာသို့ ရေများစတင်ဝင်ရောက်လာကြောင်းနှင့် လက်ရှိ ဟံဂံကျေးရွာ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်ကြသည့် ရပ်ကွက် ၂/၃/၇/၈ အပိုင်းများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်တချို့အတွင်း ရေများဝင်ရောက်လျက်ရှိသည်။
“ရွာလယ်လမ်းပေါ်မှာကို ရေက သုံးပေကျော်ကျော်လောက်ရှိတယ်။ တချို့နေရာတွေမှာ ရေက ရင်ညွန့်လောက်ဖြစ်နေတယ်။ ရေကတော့ အခု မနက် ၈ နာရီအထိကို ဆက်တိုးနေတယ်။ ဒီ့ထက်ရေပိုများလာရင် ကယ်ဆယ်ရေးလုပ်ရတော့မယ့် အခြေအနေ ဖြစ်လာနိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောပြသည်။ လက်ရှိ ဟံဂံကျေးရွာအနိမ့်ပိုင်း ရပ်ကွက်များတွင် နေထိုင်ကြသူတချို့မှာ ရေဘေးလွတ်လာသို့ ပြောင်းရွေ့လျက်ရှိကြောင်း သိရသည်။
ရေး(ပြန်/ဆက်)