လမိုင်း နိုဝင်ဘာ ၁၆
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရေးမြို့နယ် လမိုင်းမြို့ သွားရောက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုလားကုတ်ကျွန်း၊ အပေါ်ဆိပ်ကျေးရွာ ဆိပ်ကမ်းသို့ သွာရောက်ပြီး ဘုရားကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကုလားကုတ်ကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ကြည့်ရှုစစ်ဆေးပြီး ဟင်္သာနှစ်ကောင်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ကုလားကုတ်ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ရန် လျာထားမြေနေရာနှင့် ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လမိုင်း- မော့ကနင်- နှစ်ကရင် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)


