ရေး ၂၉ ဇန်နဝါရီ
မွန်ပြည်နယ်အစိုးရအဖွဲ့နှင် ကုလသမဂ္ဂအဖွဲ့ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့ ပူးပေါင်းကာ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ် စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အမှာစကားပြောကြားပြီး မြို့နယ်တာဝန်ခံ(UNDP)မှ ဦးသန်းနိုင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးပိုင်က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)နှင့် စီမံကိန်းဘဏ် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရှိ အဓိကကဏ္ဍများ၏ ရည်မှန်းချက်များနှင့် လက်ရှိအခြေအနေများ စီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဖွဲ့စည်းပုံ တာဝန်နှင့် ဝတ္တရာများ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံစေမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချခြင်း၊ မြို့နယ်အခြေအနေကို ဆန်းစစ်လေ့လာခြင်းနှင့် လိုအပ်သော သတင်းအချက်အလက်များအား ပြန်လည်ဖြည့်စွက်ခြင်း စသည်တို့ကို တက်ရောက်သူများက အုပ်စုများဖွဲ့၍ ဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ (၄၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးဆယ်အိမ်မှူးများ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)