ရေး ၁၇ အောက်တိုဘာ
ရေးမြို့နယ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ကျော်သူပရဟိတကွန်ရက်အဖွဲ့တို့မှ ဦးစီး၍ လူထုအခြေပြုရှေးဦးကူညီသူများအတွက် လျှပ်တပြက်အရေးပေါ်အခြေခံ အသက်ကယ် သင်တန်း (Community First Responder) ကို ယနေ့ နံနက် ၉ နာရီက ရေးမြို့၊ အောင်သုခ ရပ်ကွက်၊ ထန်းခြောက်ပင်ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ထန်းခြောက်ပင်ကျောင်းတိုက်ဆရာတော်မှ သြဝါဒစကား ချီးမြှင့်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ကျော်သူပရဟိတကွန်ရက်အဖွဲ့မှ သင်တန်းမှူး ဦးဇော်သီဟက သင်တန်းဖွင့်မိတ်ဆက်စကားပြောကြားခြင်းနှင့် သင်တန်းဖြစ်မြောက်ရေးအဖွဲ့မှ ဦးအောင်ကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ရေးမြို့ပေါ်ရှိ ပရဟိတအဖွဲ့ပေါင်းစုံနှင့် ကျေးရွာများမှ စိတ်ပါ ဝင်စားသူများတက်ရောက်ရာ သင်တန်း/သင်တန်းသူ(၈၇)ဦး တို့အား သင်တန်းဆရာ(၁၂)ဦးတို့မှ အရေးပေါ်အသက်ကယ်နည်းများနှင့် ကျန်းမာရေးစောင့်ရှောက်နည်းများကို သင်တန်းကာလ ၁၇ ရက်မှ ၂၁ ရက်ထိ (၅)ရက်ကြာ စာတွေ့၊ လက်တွေ့ ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


