ရေး ၁၁ သြဂုတ်

လူမှုဝန်ထမ်း၊ ပြန်လည်ကယ်ဆယ်ရေးနှင့် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် သြဂုတ် ၁၁ ရက်က မွန်ပြည်နယ်၊ ရေးမြို့သို့ ရောက်ရှိခဲ့ပြီး ကယ်ဆယ်ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ယမန်နေ့ဖြစ်စဉ်ကြောင့် မြို့ပေါ်၌ ယာယီရေဘေးရှောင်စခန်း (၄)ခု ဖွင့်လှစ်ထားကြောင်းသိရသည်။ 

စခန်း သုံးခုသို့ ကုန်းလမ်းမှ သွားရောက်ခဲ့ပြီး စခန်းတစ်ခုသို့ လှေများဖြင့် သွားရောက်ကာ ယာယီခိုလှုံလျက်ရှိသည့် လူဦးရေ (၂,၄၄၆)ဦး ကို အားပေးမှုများပြုလုပ်ခဲ့ကာ  ချောင်းတောင်ရွာ၊ ကျောင်းရွာ၊ မာန်အောင်ရွာ၊ ကလော့ရွာ များတွင်လည်း ယာယီရေဘေးရှောင်စခန်း (၄)ခုဖွင့်လှစ်ထားရှိပြီး လူဦးရေ (၁,၅၁၇) ဦး ယာယီခိုလှုံ လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

တစ်ပတ်စာ စားနပ်ရိက္ခာ လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ခဲ့ရာ လူဦးရေအလိုက်ငွေကြေး ထောက်ပံ့မှုများနှင့် ဆက်လက်ထောက်ပံ့မှုများကို လိုအပ်သလို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီကလည်း ဆန်အိတ်(၅၀)၊ ခေါက်ဆွဲခြောက် အထုပ်(၃၀ဝ၀)၊ ကြက်ဥ (၁၅၀ဝ)လုံး၊ ငါးသေတ္တာ(၅၀ဝ)ဗူး၊ ပြည်နယ်အစိုးရက ဆန်အိတ် (၅၀)၊ တပ်မတော်မှ ဆန်အိတ်(၁၀ဝ) တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ရေးမြို့ရှိ ပြည်သူများ၏ပြောကြားချက်အရ ယခုဖြစ်စဉ်မှာ နှစ်(၃၀) အတွင်း ထူးထူးခြားခြား ဘေးဖြစ်ရပ် တစ်ခုဖြစ်ပြီး ယမန်နေ့ည ပြင်းထန်သော ရေကြီးမှုမဖြစ်ပွားမီကပင် ပြည်သူအများစုက နေအိမ်များကို စွန့်ခွာ၍ ယာယီရေဘေးရှောင်စခန်းများတွင် ကြိုတင် လာရောက်နေထိုင်ခဲ့ကြသည်ဟု သိရှိရသည်။

နေရာတစ်ချို့တွင် နေအိမ်များ ပြိုကျခြင်း၊ မျောပါခြင်းများရှိသော်လည်း အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများ မကြားသိခဲ့ရသေးကြောင်း၊ ယခုအချိန်တွင် ရေများ တစ်ဖြည်းဖြည်း ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။

MDN

ဓာတ်ပုံ- Prof Win Myat Aye