ရေး ၄ ဒီဇင်ဘာ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်သူ့ဆေးရုံ (ကုတင် ၁၀၀ ဆံ့) ဆေးရုံဝင်းအတွင်း၌ အောက်ဆီဂျင် ထုတ်လုပ်မည့် စက်ရုံတစ်ရုံတည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နေ့လယ် (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ဇေယျာကျော်ဝင်းက စက်ရုံတည်ဆောက်ခြင်း၊ မတည်ငွေလှူဒါန်းမှုအခြေအနေများ၊ စက်ရုံတည် ဆောက်မည့်နေရာနှင့် အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု အခြေအနေများကို တင်ပြဆွေးနွေးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက စက်ရုံတည်ဆောက်ခြင်း၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းများကို တင်ပြဆွေးနွေးပြီး၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဘက်လူမှု အဖွဲ့စည်းများမှ ကိုယ်စားလှယ်များက အကြံပြုတင်ပြချက်များ ဆွေးနွေးခဲ့ပြီးနောက် စက်ရုံတည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ရေးမြို့ ပြည်သူ့ဆေးရုံတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မော်လမြိုင် ဆရာဝန်များအသင်း၊ ဝိသာခါဖောင်ဒေရှင်း၊ အများပြည်သူစေတနာရှင်များ လှူဒါန်းမည့် စက်ရုံ၊ ဓာတ်ငွေ့ဖြည့်စနစ်၊ ပိုက်လိုင်းသွယ်တန်း စနစ်တို့ဖြင့် တည်ဆောက်မည့် စက်ရုံတစ်ရုံဖြစ်ပြီး စက်ရုံ တည်ဆောက်ပြီးစီးပါက ရေးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၄) ရုံနှင့် အများပြည်သူတို့အတွက် အောက်ဆီဂျင်ကို ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


