ရေး ၇ စက်တင်ဘာ     

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ကမ်းနားလမ်း မြသီတာဈေးတို့၌ ဒေသခံပြည်သူများ၊ ဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ဆင်ရေးကမ်ပိန်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကိုဗစ်ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက်  ပြည်သူများ အသိပညာများပေးခြင်း၊ လမ်းထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ခြင်းကို လူတိုင်းဆောင်ရွက်ကြရန်နှင့် နှာခေါင်းစည်း (၂၀၀၀) ကို အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီ နှင့် လူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)