မောင်သာယာ

 

တူနီးရှားနိုင်ငံတွင် ရာသီဥတုပူပြင်းခြောက်သွေ့သော အခြေအနေများကြောင့် ပြည်သူများအား ရေကိုခွဲတမ်းချ သုံးစွဲရမည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့ရသည်။ တူနစ်မြို့တော်အပါအဝင် နိုင်ငံတစ်ဝန်း နေရာဒေသ အတော်များများတွင် ည ၉ နာရီမှ နံနက် ၄ နာရီအထိ တစ်နေ့လျှင် ခုနစ် နာရီကြာ ရေဖြတ်ထားမည်ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်အမိန့်သည် ဧပြီလမှ စက်တင်ဘာလ အထိ ကြာမြင့်မည်ဖြစ်သည်။ အမိန့်ကို လိုက်နာမှုမရှိသူများသည် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျခံရနိုင်သည်။ 

 

ယခုအခါ အိမ်ထောင်စုများတွင် လက်ဆေးရန်၊ အိမ်သာသုံးရန်နှင့် ညဉ့်နက်ပိုင်းတွင်  အစားအသောက်များ ပြင်ဆင်ရန်အတွက် ရေသန့်ဘူးများ လိုအပ်နေပြီဖြစ်သည်။ ထို့ပြင် အာဏာပိုင်များက သောက်သုံးရေများကို စိုက်ပျိုးမြေများနှင့် မြို့တွင်းရှိ စိမ်းလန်းသောနေရာများတွင် သုံးစွဲမှုကို တားမြစ် ထားသကဲ့သို့လမ်းများနှင့် ကားများရေဆေးခြင်းများကိုလည်း တားမြစ်ထားသည်။

 

စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရူဒါဒရစ်ဒီက အဆိုပါအမိန့်သည် နိုင်ငံပိုင်ရေ သုံးစွဲမှုစနစ်နှင့် ချိတ်ဆက်ထားသော နေရာအားလုံးတွင် အကျုံးဝင်ကြောင်းနှင့်  နိုင်ငံပိုင်ရေစနစ်မှ ရေကိုမရနိုင်သည့် ကျေးလက်ဒေသများမပါဝင်ကြောင်း ပြောကြားသည်။

 

တူနီးရှားနိုင်ငံရှိ ဆည်များအားလုံးနီးပါး ရေခန်းခြောက်သွားခဲ့ရသည်။ အချို့သောဆည်များသည် ရေသိုလှောင်မှု    ၁၇ ရာခိုင်နှုန်းသာရှိသည်။ လောလောဆယ်တော့ ရေရှားပါးမှုပြဿနာက အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကို ရောက်နေပါပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် အေမင် ဟေမီက ပြောကြားသည်။

 

တူနီးရှားနိုင်ငံ၏ ဒေသအများစုသည် သဲကန္တာရဖြစ်ပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိရှိသည်။ တူနီးရှားနိုင်ငံသည်  စီးပွားရေးအကျပ်အတည်းနှင့်လည်း ရင်ဆိုင်နေရသည်။ နိုင်ငံရေးတင်းမာမှုများ ကြောင့် လွန်ခဲ့သည့်နှစ်တွင် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က အစိုးရကို ဘဏ္ဍာငွေ ၁ ဒသမ ၈ ဘီလီယံ ချေးငွေပေးမည့် သဘောတူညီချက်အတွက် ဆွေးနွေးမှုသည်  နှောင့်နှေးကြန့်ကြာနေခဲ့သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တူနီးရှားနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာထောက်ပံ့မှုနည်းပါးနေကြောင်း ပြောကြားသည်။

 

တူနီးရှားနိုင်ငံတွင် ခရီးသွားရာသီစတင်တော့ မည်ဖြစ်ပြီး ပြည်ပခရီးသွားများဝင်ရောက်လာမှုနှင့် အတူ ရေလိုအပ်ချက်သည်လည်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ တူနီးရှားနိုင်ငံ၏ ဝင်ငွေသည် ခရီးသွား လုပ်ငန်းအပေါ်တွင် မူတည်သည်။ လူဦးရေ ၁၂ သန်းရှိ သော နိုင်ငံတွင် ဟိုတယ်ပေါင်း ၈၅၀ ခန့်ရှိသည်။ ဟိုတယ်အများစုသည် မြေထဲပင်လယ်ကမ်းရိုးတန်း အနီးတွင်တည်ရှိသည်။

 

စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရူဒါဒရစ်ဒီက ဟိုတယ်နှင့် ဆေးရုံများသည် နေ့ဘက်တွင် ပေးထားသည့်ရေကို သိုလှောင်ထားပြီး ရေမပေးသည့်အချိန်တွင် သုံးစွဲနိုင်ကြောင်း ပြောကြားသည်။ ကားရေဆေးခြင်းနှင့် တားမြစ်ထားသော ရေသုံးစွဲမှုအတွက် ဒဏ်ကြေးမှာ  ဒေါ်လာ ၂၀ မှ ၃၂၀ ကြားတွင်ရှိသကဲ့သို့ ထောင်ဒဏ်ခြောက်ရက်မှ  ကိုးလအထိ  ကျခံရနိုင်သည့် အန္တရာယ်လည်း ရှိနေသည်။ တရားမဝင် ရေအသုံးပြုသူများသည် နိုင်ငံပိုင်ရေပေးဝေရေးစနစ်မှ ရေဖြတ် တောက်မှု ခံရနိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

တူနီးရှားရေထိန်းသိမ်းစောင့်ကြည့်ရေးအဖွဲ့မှ ရာဒီယာ အက်စ်မင်က ‘‘ ရေပေးဝေမှုဖြတ်တောက်မယ့် ဆုံးဖြတ်ချက်က အံ့အားသင့်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေသူတို့ကိုယ်တိုင် ပြင်ဆင်နိုင်စေဖို့ ကွဲကွဲပြားပြား  လုပ်ဆောင်သင့်ပါတယ်။ ဒါကြောင့်ဒီအစီအစဉ်က မပြည့်စုံဘူးလို့ ယူဆပါတယ်။ တစ်စုံတစ်ရာ  အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်ခင်မှာ ပြည်သူတွေအနေနဲ့ ရေခွဲတမ်းရဲ့ အရေးပါမှုကို သိရှိနေဖို့လိုအပ်ပါတယ်။ ရေသုံးစွဲမှု၊ သိုလှောင်မှု၊ အချိန်နဲ့ သိုလှောင်ခွင့်ပမာဏတို့ကို ရှင်းလင်းဖော်ပြထားတဲ့ စာအုပ်ငယ်ကို ထုတ်ဝေသင့်ပါတယ် ” ဟု ပြောကြားသည်။

 

ပူပြင်းခြောက်သွေ့သော ရာသီဥတုနှင့် ရေသုံးစွဲမှု ဖြတ်တောက်မှုနှစ်ခုလုံးကြောင့် လူအများ အံ့အားသင့်ခဲ့ရကြောင်း တူနစ်မြို့ပြင်နေထိုင်သည့် အက်ဒီကဒါ ဟမ်စီက ပြောကြားသည်။ ဟမ်စီက သူသည်လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရေလှောင်ကန်တစ်ခု တည်ဆောက်ခဲ့ပြီး ယခုအခါ မျှဝေ သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။  ။

 

ကိုးကား-     Tunisia’s Government Orders Water Saving  Measures, Threatens Fines  and Jail ကို ဘာသာပြန်သည်။