သိပ္ပံစာရေးဆရာ ကိုကိုအောင်

 

ရှေးကပန်ထွာပြည်ဟုခေါ်ဆိုသော ပျူမြို့တော်ဗိဿနိုးသည် အေဒီတစ်ရာစုကပင် စည်ပင်ထွန်းကား ထင်ရှားခဲ့သည်။ ဗိဿနိုးမြို့ကို ရစ်ခွေလျက် ရန်ပယ်ချောင်းက စီးဆင်းလျက်ရှိရာ မြို့ကျုံးမြို့ရိုးကဲ့သို့ ရှိခဲ့သည်။ ထိုမြို့ကို စိုးမိုးအုပ်ချုပ်သော ပန်ထွာမင်းသမီးတွင် သိကြားမင်းကဆက်သသော အတုလစည်တော်ရှိပြီး ထိုစည်ကို တီးလိုက်ပါက ရန်ပယ်ချောင်းမှ ရေများ ရုတ်တရက်လျှံတက်လာသဖြင့် ရန်သူတို့သည် မြို့အနီးသို့ မချဉ်းကပ်နိုင်၊ မထိပါးနိုင်ရှိသည်ဟု ရာဇဝင်ကျမ်းက ဆိုသည်။ စိတ်ကူးယဉ်ဆန်သည်၊ ဒဏ္ဍာရီဆန်သည်ဟု ဆိုချင်စရာ ကောင်းလှသည်။


သို့သော် လက်တွေ့ကျကျဆင်ခြင်ပါက ဗိဿနိုးခေတ်က ပျူတို့သည် ချောင်းရေကို အလွယ်တကူပိတ် နိုင် လွှတ်နိုင်သော ရေတံခါးကို ကောင်းစွာလုပ်တတ်ကြကြောင်း ကောက်ချက်ချနိုင်သည်။ ပျူတို့သည် ရန်ပယ်ချောင်း တွင် ရေတံခါးတပ်ဆင်ထားပြီး ရေစီးရေလာကို ထိန်းထားသည်။ ရန်သူများချဉ်းကပ်လာသည်ကို မြင်လျှင် အစောင့်မျှော်စင်စသည့် တစ်နေရာရာမှ စည်တီး၍ အချက်ပေးလိုက်သောအခါ ထိုရေတံခါးကို ဖွင့်လိုက်ခြင်းအားဖြင့် ရန်ပယ်ချောင်းတွင် ရေများ တစ်ဟုန်ထိုးစီးဆင်းကာ ရေလျှံသွားစေပြီး ဤနည်း ဖြင့် ရန်သူကို တားဆီးခဲ့သည်ဟု ယူဆနိုင်သည်။


ဗိဿနိုးမြို့ဟောင်းနေရာမှ တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းတို့တွင် ပျူတို့၏ ယဉ်ကျေးမှုအဆင့် အတန်းကိုပြသော ပစ္စည်းအများအပြားကို တွေ့ရှိရသည်။ လက်သုံးကိရိယာ သို့တည်းမဟုတ် လက်မှု ပညာအဆင့်အတန်း မနိမ့်ကြောင်းကိုဖော်ညွှန်းသော သံမှိုကြီးများနှင့် သံပစ္စည်းများလည်း ပါဝင်သည်။ တံခါးကြီးများ၌ ယခုခေတ်ကဲ့သို့ ပတ္တာကိုမသုံးဘဲ တံခါးရွက်နှင့် တံခါးတိုင်ကို ဆုံလည်သဘောဖြင့်တွဲသော သံတုံးသံကွင်းကြီးများကို ထောက်ရှု၍ အလွယ်တကူ ဖွင့်နိုင်ပိတ်နိုင်သော ရေတံခါးများကို ဆောက်လုပ် နိုင်ခဲ့ကြမည်ဟု ခန့်မှန်းရသည်။


ရှေးမြန်မာခေတ်က စက်ယန္တရားများ

ခေတ်အဆက်ဆက်က မြန်မာမင်းများသည် မိုးနည်းသော မြန်မာနိုင်ငံအလယ်ပိုင်းတွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများဖောက်လုပ်၍ ကန်ကြီးများကို တူးဖော်ပြုပြင်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်လယ် ဗဒုံမင်း လက်ထက်တွင် အောင်ပင်လယ်ကန်၊ မောင်းမကန်၊ မိတ္ထီလာကန်များကို ဆည်ဖို့ပြုပြင်ရာ၌ ရေလွှတ် ပြွန်ကို ခိုင်ခံ့စွာပြုလုပ်၍ ရေကိုအလိုရှိသလို လွှတ်နိုင်ထိန်းထားနိုင်ရန် ရေတံခါးကို ယန္တရားစက်နှင့်တွဲ၍ တပ်ဆင်ထား သည်ဟု ဆိုသည်။


အောင်ပင်လယ်ကန်ကို မြန်မာသက္ကရာဇ် ၁၁၅၀ ပြည့်နှစ်တွင် ဆည်ဖို့ပြုပြင်ရာ၌ အဝ ၁၀ တောင်၊ အနက် ၁၅ တောင်၊ အလျား ၁၀ တာ (အတောင် ၇၀) ရှိသော ရေပြွန်တလားကို အုတ်ရိုးအင်္ဂတေဖြင့် သေချာ ကောင်းမွန်အောင် လုပ်ဆောင်ပြီးလျှင် အဖွင့်ကို ယန္တရားစက်နှင့် ထားရှိသည်။ ထို့အတူ အလောင်းစည်သူမင်း တည်လုပ်ခဲ့သော မောင်းမကန်ကို ဆည်ဖို့ ပြုပြင်ရာ၌ အဝ ၂ တာ (၁၄ တောင်) ၊ အနက် ၁၅ တောင်၊ အလျား ၁၀ တာ (အတောင် ၇၀) ရှိသော ရေပြွန်တလားကို အုတ်ရိုး အင်္ဂတေများဖြင့် ကောင်းမွန်သေချာစွာ လုပ်ဆောင်ပြီး အဖွင့်ကို ယန္တရားစက်နှင့် ထားတော်မူ ကာ နန္ဒာကန်ဟု ကမ္ပည်းစိုက်တော်မူသည်ဟု ရာဇဝင်ကျမ်းက မှတ်တမ်းတင်ခဲ့သည်။


မိတ္ထီလာကန်ကို မြန်မာသက္ကရာဇ် ၁၁၅၈ ခုနှစ်တွင် ဆည်ဖို့ပြုပြင်ရာ၌ ပို၍ပင် သိပ္ပံနည်းကျသေး သည်ဟု ပြောရမည်ဖြစ်သည်။ ရေပြွန်တလားတည် ဆောက်ထားပုံကို မိတ္ထီလာကန်တော် မော်ကွန်းများ၌ “ရေပြွန်တလား၊ ကျောက်တံခါးနှင့် နဂါးခွေပတ်၊ ညီနောင်နတ်တို့၊ လက်တတ်ဆရာ၊ ဗိသုကာထင်ပေါ်၊ ဆရာကျော်လည်း၊ မြော်မြော်တင်းတင်း၊ အနှုံးထွင်း၍၊ မယွင်းမချွတ်၊ မရွတ်မယိုင်၊ ခိုင်စေလသေး၊ ကျောက်လေးအုတ်ချပ်၊ ထပ်ထပ်ဖြည့်သား၊ မျှော့ဘားသံရွက်၊ မှိုဝန်း နှက်၍၊ ဘွဲ့ရှက်ယန္တရား၊ စက်ဖြင့်ထားလျက်” ဟူ၍ လည်းကောင်း၊ တွင်းသင်းတိုက်ဝန် မဟာစည်သူက “သံမှိုမျှော့ကပ်၊ မြဲသိုကြပ်သား၊ ပျဉ်ထပ်တလား၊ ယန္တ ရားနှင့်၊ ခွန်အားပြင်းသုန်၊ ဂဠုန်ပျံလွှား၊ ချီသယ်စား လည်း၊ နှစ်ပါးညီနောင်၊ နံတောင်နှစ်ဘက်၊ ဘွဲ့ရှက် ရစ်ထပ်၊ ကျောက်နှုတ်တပ်လျက်၊ အုတ်ချပ်သံကျောက်၊ ပြွန်ပေါက် ယဉ်ထွေ၊ ရေတီပြည့်လျှမ်း” ဟူ၍လည်းကောင်း ဖွဲ့ဆိုထားခဲ့ကြသည်။ ဤအဖွဲ့အဆိုတို့သည် နဂါး၊ ဂဠုန်၊ ယန္တရားစက်ဟူသော ဝေါဟာရများကြောင့် ဒဏ္ဍာရီဆန်သကဲ့သို့ ရှိသော်လည်း စင်စစ်အားဖြင့် သိပ္ပံနည်းကျသော လုပ်ဆောင်ချက်များ ဖြစ်ကြသည်။ အနက်အဓိပ္ပာယ်မှာကား-


မိတ္ထီလာကန်၏ ကျောက်တလားရေပြွန်မှာ အဝ ၁ တာ (၇ တောင်)၊ အစောက် ၁၀ တောင်၊ အလျား ၅ တာ (၃၅ တောင်) ရှိပြီး အုတ်ရိုးအင်္ဂတေနှင့် ကောင်းမွန်သေချာအောင် လုပ်ဆောင်ထားသည်။ ဒု ၁ မိုက်၊ ဗြက် ၁ တောင်၊ အလျား ၁၂ တောင်ရှိသော ပျဉ်ကိုစီ၍လည်း ညှပ်နှင့် သံမှိုစွဲပြီးလျှင် အဖွင့်ကို ယန္တရားစက်နှင့် ထား သည်။ ထို့ပြင် ပြွန်ဝဝဲယာတစ်ဖက်တစ်ချက်တွင် နဂါးတစ် ကောင်စီ လုပ်ထားသည်။ ထိုနဂါး ညီနောင်သည် ရေချိန် ရေမှတ်ဖြစ်ပြီး နဂါးရေသောက်လျှင် စိုးရိမ်ရေမှတ်သို့ ရောက်သည်ဟု အမှတ်ထားသည်။ ထို့ကြောင့် နဂါးခံတွင်းဝက လွန်သမျှရေကို စည်သူလွှဲက ထုတ်ရသည်။ နဂါးခံတွင်းဝသို့ ရေရောက်လျှင် မြောင်းမ ၃၀၀၊ မြောင်း ငယ် ၂၅၀ က ရေထုတ်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တာတစ်သောင်းစီ သုံးနှစ်သုံးသီး လုပ်ဆောင်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။


ကန်များတွင် ဆောက်လုပ်ထားသော ရေပြွန်တလား တို့၏ ပမာဏကို ထောက်ရှု၍လည်းကောင်း၊ အသုံးပြု ထားသော ကျောက်၊ အုတ်၊ အင်္ဂတေ၊ သံမှိုနှင့် ဒုတစ်မိုက် ရှိပျဉ်ချပ်များ စသည်တို့ကို ထောက်ရှု၍လည်းကောင်း၊ အဖွင့်ရေတံခါးကို သာမန်လူတို့၏ စွမ်းအားဖြင့် မည်သည့် နည်းနှင့်မျှ ဖွင့်ရန် ပိတ်ရန် လွယ်ကူမည်မဟုတ်ကြောင်း သိသာလှသည်။ ထို့ကြောင့်ပင် ယန္တရားစက်နှင့် ထားသည်ဆိုသည့် အချက်ကိုလက်ခံရမည် ဖြစ်သည်။


ကုန်းဘောင်ခေတ်လယ် ဗဒုံမင်းလက်ထက်အရောက် တွင် မြန်မာတို့သည် မီးအားဖြင့်လည်ပတ်သော အင်ဂျင် စက်များ၊ စက်ကိရိယာများနှင့် မစိမ်းကြတော့ဘဲ ကြားဖူး နားဝရှိလာကြပြီဟု ယူဆရသည်။ ထို့ကြောင့် ရေပြွန်တံခါး ကို စက်ယန္တရားနှင့် ထားသည်ဟုဆိုရာ၌ engine၊ machine တို့ မဟုတ်စေကာမူ ရူပဗေဒပညာအရ ရိုးရိုးစက်များဖြစ်သော ဘီး၊ စက်သီး၊ စက်ကြိုး၊ ကုတ်၊ မောင်းတံ စသောလက်သုံးကိရိယာတို့၏ စွမ်းအားကို ပိုင်နိုင်စွာ အသုံးချတတ်နေသည်မှာ သိသာသည်။


ကာလကတ္တားက စက်အသစ်အဆန်းများ

ထိုကာလများအတွင်းမှာပင် မြန်မာတို့သည် မီးအား၊ ရေနွေးငွေ့အား၊ လျှပ်စစ်ဓာတ်အားတို့ဖြင့် လည်ပတ်သော စက်များကို သိမြင်ခွင့် ရရှိလာခဲ့ကြသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် ရန္တပိုစာချုပ်ပါ လိုအပ်ချက်အရ မေဂျာဘာနေသည် မြန်မာမင်းနေပြည်တော်၌ အင်္ဂလိပ်သံ ကိုယ်စားလှယ်အဖြစ် လာရောက်နေထိုင်ခဲ့သည်။ ထို့အတူ မြန်မာတို့ဘက်ကလည်း မင်းကြီးမဟာစည်သူနှင့် အဖွဲ့ကို ၁၈၃၀ ပြည့်နှစ်တွင် အိန္ဒိယသို့သံတမန်အဖြစ် စေလွှတ်ခဲ့ သည်။ မြန်မာသံအဖွဲ့ခေါင်းဆောင် မင်းကြီးမဟာစည်သူက အိန္ဒိယ၌ တွေ့ခဲ့မြင်ခဲ့ရသော အသစ်အဆန်းများကို ဘင်္ဂလားသွား စာတမ်းအမည်ဖြင့် မှတ်တမ်းရေးခဲ့သည်။


မြန်မာသံအဖွဲ့သည် ကာလကတ္တား (ကိုးလ်ကတ္တား) ရှိ စက်ရက်ကန်းစင်ကို သွားရောက်ကြည့်ရှု လေ့လာရာ၌ တိုက်ခေါင်မိုးရှိ ခေါင်းလောင်းသည် လူကမထိုးဘဲ စက်အားဖြင့်ထိုး၍ အသံမြည်ကြောင်း၊ ဝါကြိတ်စက်၊ ဗိုင်းလိပ်ဗိုင်းထောင့်လုပ်သောစက်၊ ချည်ဆွဲသောစက်၊ ရက်ဖောက်ယောက်သောစက်၊ အထည်ရက်သောစက်များ ကို တွေ့မြင်ရကြောင်း၊ လွန်းအသွားအပြန်နှင့် လက်ခတ် ရိုက်စက်၊ ခြေနင်းစက်များကလည်း လျှပ်ပြက်သကဲ့သို့ လျင်မြန်သည်ကို တွေ့မြင်ခဲ့ရကြောင်း၊ ထိုပြင် ဒင်္ဂါးခတ်လုပ်သောစက်များ၊ မီးစက်ဖြင့် မြစ်ရေကို မြို့တွင်းသို့ သွင်းကာ မီးပန်းမီးပွင့်ကဲ့သို့ သံရေပြွန်ငယ်မှ ရေပန်းဖြာလျက် အထက်သို့တက်ပုံတို့ကို တွေ့မြင်ရကြောင်း မှတ်တမ်းတင် ဖော်ပြထားခဲ့သည်။ အပြန်ခရီးတွင် ပင့်ဆောင်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်ကြီးကို သင်္ဘောပေါ်သို့ စက်ဖြင့်တင်ကြောင်းကိုလည်း ဖော်ပြထားသည်။ ကာလကတ္တား (ကိုးလ်ကတ္တား) ကျုံးတံခါးနင်းကြမ်း အကြောင်း နှင့် ပတ်သက်၍ -


“နင်းကြမ်းမှာ သံကို ကောင်းမွန်သေချာစွာ လုပ်ဆောင်ခင်းထားသည်။ ၎င်းခင်းသည့် နင်းကြမ်းတွင်လည်း အနား တစ်ဖက်တစ်ချက် သံကြိုးကြီးချည်၍ ၎င်းသံကြိုးကို အုတ်ရိုးသို့ ဖောက်ပြီးလျှင် အတွင်းတံခါးအဝင်ဝ တစ်ဖက်တစ်ချက်တွင် စက်နှင့် ထားသည့် သံတုံးကြီး နှစ်တုံး၌ ချည်သည်။ တစ်ဖက်ရန်သူရောက်၍ အရေးရှိ လျှင် ရအောင် တံခါးနှင့် သံတုံးကို စက်ဆင်ထားသည်။ ဆင်ထားသည့် စက်ကိုဖြုတ်က သံတုံးက မြို့တွင်းသို့လိမ့်၍ ဆင်းသည်။ နင်းကြမ်းလည်း တံခါးပိတ်သကဲ့သို့ ပိတ်ဆို့ နေသည်” ဟု ရှင်းလင်းဖော်ပြထားသည်။


ကမ္ဘာ့စက်မှုတော်လှန်ရေး၏ ပထမပိုင်းကို အင်္ဂလန် တွင် ၁၇၇၀ မှ ၁၈၂၅ ခုနှစ်အတွင်းက တွေ့ရပြီး ဥရောပ၌ မူ ၁၈၁၅ ခုနှစ် နောက်ပိုင်းကျမှသာ စတင်ခဲ့သည်။ ကျောက်မီးသွေးကို မီးမြှိုက်ပြီး သံရည်ကျိုခြင်းကို ၁၇၅၀ ပြည့်နှစ် ဝန်းကျင်ရောက်မှ နားလည်ကာ ရေနွေးငွေ့အားကို ၁၇၈၅ ခုနှစ် နောက်ပိုင်းရောက်မှ ကောင်းစွာအသုံးချနိုင်ခဲ့ ကြသည်။ ထို့ကြောင့်ပင် ဗြိတိသျှပိုင် ကာလကတ္တား (ကိုးလ်ကတ္တား) မြို့၏ နင်းကြမ်းတံခါးကို ၁၈၃၀ ပြည့်နှစ်၌ စက်နှင့် ဆင်ထားသည်ဟုဆိုသော်လည်း သံကြိုးကို သံတုံး တွင်ချည်၍ ဘီးတွင်ရစ်ထားကာ အတင်အချပြုလုပ်ခြင်း သာ ဖြစ်ကြောင်းသိသာသည်။ ရှေးမြန်မာတို့၏ အသုံးအနှုန်းအတိုင်း ဘီးကိုစက်ဟုဖော်ပြခြင်းဖြစ်ရာ ၁၇၉၆ ခုနှစ်ဝန်းကျင်က တည်ဆောက်သော မြန်မာတို့၏ ရေတံခါးများကို အထင်မသေးသင့်ပေ။ ကာလကတ္တား (ကိုးလ်ကတ္တား) ကျုံးနင်းကြမ်းတံခါးနှင့် သဘောတရားတူမည်ဟု ယူဆနိုင်သည်။ စက်ယန္တရားနှင့် တပ်ဆင်ထား သည်ဆိုသော အချက်ကို ဒဏ္ဍာရီဆန်သည်ဟု ပေါ့တန်စွာ မှတ်ချက်မချသင့်ပေ။


တနင်္သာရီကော်မရှင်နာ ဘလန်ဒယ်သည် ၁၈၃၅ ခုနှစ် တွင် အခွန်ဝန်မောင်ရွှေထွန်းနှင့် အဖွဲ့ကို ကာလကတ္တား (ကိုးလ်ကတ္တား)သို့ ခေါ်သွားခဲ့သည်။ ထိုစဉ်က တနင်္သာရီ နှင့် ရခိုင်တို့သည် အင်္ဂလိပ်တို့လက်အောက်သို့ ကျရောက်နေ ပြီ ဖြစ်သည်။ အိန္ဒိယတွင် အင်္ဂလိပ်တို့ ဘုန်းမီး နေလ တောက်ပနေပုံ၊ ခမ်းနားကြီးကျယ်နေပုံ၊ အင်အား ကြီးမားပုံတို့ကို ပြသလိုသောကြောင့် တစ်နည်းဆိုရသော် ဝါဒဖြန့်လို၍ မောင်ရွှေထွန်းတို့ကို ခေါ်သွားခဲ့ခြင်းဖြစ် သည်။ ဤတွင် အောက်မြန်မာနိုင်ငံသား မောင်ရွှေထွန်းနှင့် အဖွဲ့သည် ကာလကတ္တား (ကိုးလ်ကတ္တား) ၌ ရှေးက မမြင်ဖူးသော၊ မသိခဲ့သောစက်များကို တွေ့မြင်ခွင့်ရခဲ့ကြ သည်။ တွေ့မြင်ခဲ့ရသော အထူးအဆန်း အံ့ဩဖွယ်ရာတို့ကို မောင်ရွှေထွန်းက ကာလကုတသွားရာဇဝင်စာ အမည်ဖြင့် မှတ်တမ်းရေးသား ဖော်ပြခဲ့သည်။


မြန်မာတို့က အရှိန်ဖြင့်တစ်သမတ်တည်း လည်ပတ် သောဘီးကို စက်ဟုခေါ်တွင်သောကြောင့် အမြောက်၊ သေနတ် သွန်းလုပ်သောတိုက်တွင် တွေ့မြင်ရသည်တို့ကို မောင်ရွှေထွန်းက ဖော်ပြရာ၌ စက်ကြီး ၂၄ စက်ရှိကြောင်း၊ တစ်စက်လျှင် စက်အရန် ၁၀၀ ခန့် ရှိကြောင်း ၊ ထိုစက် တို့ကို လှည့်ပတ်ရအောင် မီးစက်ကြီးတစ်စက် ဆင်ထား ကြောင်း ဖော်ပြခဲ့သည်။ ၎င်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား သောမူ၌ -


24 large wheels, each large wheel turns about one hundred other, all the wheels are turned by one steam engine ဟု တွေ့ရှိရသည်။ ထို့ကြောင့် ဘီးသည်ရိုးရိုးစက်ဖြစ်၍ မီးစက်သည် ဘီးစက်ကိုလည်စေသော အင်ဂျင်စက် ဖြစ်ကြောင်း သိရှိရသည်။


မောင်ရွှေထွန်းတို့ အဖွဲ့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော စက်ရုံသို့လည်း သွားရောက်ကြည့်ရှုခဲ့ ကြရသည်။ ထိုစက်ရုံတွင် လျှပ်စစ်ဓာတ်ထုတ်လုပ်ပုံကို တွေ့မြင်ကြရပြီးနောက် “မောင်ရွှေထွန်းတို့ကို တစ်ယောက်လက် တစ်ယောက်ဆွဲကိုင်စေကာ စီတန်းရပ်နေစေသည်။ ရှေ့ဆုံးက မောင်ရွှေထွန်းကို ရေထည့်ထားသော အင်တုံငယ် ထဲသို့ လက်တစ်ဖက်ကို နှစ်ထားစေပြီးလျှင် လျှပ်စစ်ဓာတ်လွှတ်လိုက်သည်။ ထိုအခါ လက်ချင်းဆွဲထားကြသော လူအများတို့၏ အကြောသည် တစ်ကိုယ်လုံးတွန့်ကြသည်” ဟု လျှပ်စစ်ဓာတ်လိုက်မှု ကိုယ်တွေ့ခံစားရပုံကို အလွန် အံ့ဩစွာဖြင့် ရေးသားဖော်ပြခဲ့သည်။ ထိုစက်ကို မောင်ရွှေထွန်းတို့က မိုးကြိုးစက်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့်ပင် ကုန်းဘောင်ခေတ်နှောင်း မြန်မာစာပေများ တွင်တွေ့ရသော မိုးကြိုးစက်သည် လျှပ်စစ်ဓာတ် သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးစက်ကို ဆိုလိုခြင်း ဖြစ်သည်ဟု ယူဆရသည်။


မောင်ရွှေထွန်းတို့အဖို့ မိုးကြိုးစက်ကို ၁၈၃၅ ခုနှစ် ကျမှမြင်ဖူးကြသော်လည်း လျှပ်စစ်ဓာတ်ထုတ်နိုင်သော ကစားစရာ မိုးကြိုးစက်ငယ်တစ်ခုမှာ ၁၇၉၅-၉၆ ခုနှစ် ခန့်ကပင် ဗဒုံမင်း၏ နန်းတော်အတွင်း၌ ရှိနေခဲ့သည်။ ဗဒုံမင်း၏ မြေးတော် နောင်တွင် စစ်ကိုင်းမင်း ဖြစ်လာ မည့် ၁၁ နှစ်အရွယ် မင်းသားငယ်သည် လျှပ်သိုအိုး (Leyden Phial) တပ်ဆင်ထားသော ထိုမိုးကြိုးစက် ငယ်ဖြင့် လျှပ်ရိုက်၊ လျှပ်ပွင့်၊ လျှပ်ကူးအထူးအဆန်းများကို လုပ်ဆောင်ကာ ကစားခဲ့သည်။


ခေတ်မီလာသော ရတနာပုံခေတ်

အမြောက်၊ သေနတ်လုပ်သောစက်၊ သံရည်ကျိုစက်၊ ရက်ကန်းစက်၊ ဝါကြိတ်စက်၊ ဆန်ကြိတ်စက်၊ လွှစက်၊ ဒင်္ဂါးလုပ်စက် စသောစက်များ တည်ထောင်ပေါ်ထွန်းခဲ့ သော ရတနာပုံခေတ်၏ မြန်မာစာပေများ၌မူ သမားရိုး ကျ စက်ယန္တရားများသာမက မီးအား၊ ရေနွေးငွေ့အား ဖြင့် ခုတ်မောင်းသောအင်ဂျင်စက်၊ ဖောက်စက်၊ လွန် စက်၊ တွင်စက်၊ ပွတ်စက်၊ ဝန်ချီစက်များအကြောင်းကို မြင်ကြတွေ့ကြရသည်။ ထို့အတူ တချက်ချက်မြည်ကာ စက်အားဖြင့် အလိုအလျောက်လည်ပတ်နေသော စက်နာရီကြီးငယ်များ၊ တေးသံစုံသေတ္တာ၊ ငှက်တွန်သံ မြည်သော သံစုံသေတ္တာ၊ စက်ပါမျောက်ရုပ်၊ စက်ယန္တရား တပ်ဆင်ထားသော ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်စသော ကစားစရာစက်ရုပ်များ (Mechanical Toys) နှင့် အပ်ချုပ်စက်များအကြောင်းကိုလည်း တွေ့ရှိရသည်။ ရတနာပုံခေတ်စာပေတွင် တွေ့ရှိရသော စက်များနှင့် စက်ယန္တရားများသည်ကား အနောက်နိုင်ငံများ၌ စက်မှုတော်လှန်ရေးအပြီး တိုးတက် ပေါ်ထွန်းလာသော ခေတ်မီစက်များဖြစ်ကြကာ ဒဏ္ဍာရီဆန်သောစက်များ မဟုတ်ကြတော့ပေ။


ခေတ်အဆက်ဆက် ရှေးမြန်မာစာပေများ၌ တွေ့ရှိ ရသော စက်များ၊ စက်ယန္တရားများ၊ စက်လက်နက်များ သည် သာမန်အားဖြင့် စိတ်ကူးယဉ်ဆန်၊ ဒဏ္ဍာရီဆန် နေသကဲ့သို့ရှိသည်။ မီးအား၊ ရေနွေးငွေ့အားဖြင့် လှုပ်ရှား လည်ပတ်သော အင်ဂျင်စက်များ၊ machine စက်များ မဟုတ်ကြစေကာမူ ခြေခြေမြစ်မြစ် တွေးတောဆင်ခြင် ပါက သိပ္ပံနည်းကျကြောင်း၊ သိပ္ပံပညာအခြေခံပါရှိကြောင်း သိမြင်နိုင်သည်။ ရှေးမြန်မာစာပေများ၌ တွေ့ရသော စက်တို့သည် ဝန်းဝိုင်းသည်။ အရှိန်ပြင်းစွာဖြင့် မရပ်မနား လည်ပတ်သည်။ တိတိပိုင်းပိုင်း လှီးနိုင်ဖြတ်နိုင် သည်။ စွမ်းအားကြီးမားသည်ဟူသော အနက်များကို ဆောင်သည်။ စက်ယန္တရားဟု ဆိုရာ၌လည်း ဘီး၊ စက်သီး၊ စက်ကြိုး၊ မောင်းတံ၊ ကုတ်စသော ရိုးရိုးစက် များ၊ လက်သုံးကိရိယာ တန်ဆာပလာများကို ရည်ညွှန်းသည်။


ရူပဗေဒပညာအရ ထိုတန်ဆာပလာများသည် ရိုးရိုး စက်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဘီးနှင့် စက်သီး ကိုသိသော သုံးတတ်သော ရှေးမြန်မာများမှာ စက်ကို အသုံးပြုတတ်ခဲ့ကြသည်ဟု ဆိုရမည်ဖြစ်သည်။ လက်သုံးကိရိယာ များဖြစ်သော ရိုးရိုးစက်များကို အသုံးပြုကာ ရှေးမြန်မာတို့က ရေစီး၊ ရေလာနှင့် ရေအလျဉ်ကို တားဆီး ထိန်းချုပ်နိုင်သော ရေတံခါးများအား ဆောက်လုပ်နိုင်ခဲ့ကြသည်။ လေးလံသော ပစ္စည်းကြီးငယ်တို့ကို သယ်နိုင်၊ မနိုင်၊ တင်နိုင်၊ ချနိုင်၊ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။ ယမ်းကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုကာ ယနေ့ခေတ် ဒုံးပျံတို့၏ အခြေခံဟုဆိုနိုင်သည့် စက်မီး၊ စက်ဒုံး အမျိုးမျိုးကို ရှို့လွှတ်နိုင်ခဲ့ကြသည်။ ဘူတဝါဟနခေါ် စက်ရုပ်ယန္တရားရုပ်များ လုပ်နိုင်ခဲ့ကြကြောင်းကိုလည်း ရှေးမြန်မာစာပေများက ဖော်ပြခဲ့ကြသည်။ ရတနာပုံခေတ် စာပေများ၌မူ မြန်မာစက်ယန္တရားများသည် ခေတ်မီအင်ဂျင်စက်များ၊ machine စက်များ ဖြစ်လာကြောင်း တွေ့ရှိနိုင်သည်။   ။