မင်းဘူး     ဇွန်     ၄

စကုမြို့သည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ်မှ ယနေ့အထိ ယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားသော မြို့တစ်မြို့ဖြစ်သည်။  စကုမြို့တွင် ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ မှန်ကင်း ရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီး ကျောင်းများနည်းတူ အသင်္ခယာအုတ်ကျောင်း (သို့) ပထမတိုက် အုတ်ကျောင်းဟာလည်း ရှေးမူလက်ရာအတိုင်း မပျက်မယွင်း တည်ရှိကာ ထင်ရှားသော ကျောင်းတစ်ကျောင်း ဖြစ်သည်။

ပထမတိုက် အုတ်ကျောင်းသည် သုံးထပ် ရုပ်စုံကျောင်းဝင်းအတွင်း တည်ရှိပြီး နှစ်ပေါင်း ၆၀၀ ကျော် အဆောက်အအုံဟောင်း တစ်ခုဖြစ်ကာ ရှေးယခင်က အပေါ်ဆုံးထပ်တွင် ပထမကျော် ဆရာတော် သီတင်းသုံးပြီး ပိဋကတ် စာပေများနဲ့ အထောက်အထားရှိလို့ ပိဋကတ် တိုက်ကျောင်းဟုလည်း ခေါ်ကြသေးသည်။

ပထမတိုက် အုတ်ကျောင်းကို မင်းကြီးစွာစော်ကဲယောက်ဖ အတုလမိဖုရားကြီး၏ မောင်တော်ကြီး အသင်္ခယာ မြို့စားမင်းက မြန်မာသက္ကရာဇ် ၇၅၄ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက် ခရစ်နှစ် ၁၃၉၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် လယ်မြေပယ်ပေါင်း ၆၄၂ ပယ်နဲ့ ၁ စိတ်ပေါ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း ကျောက်စာ အထောက်အထား များအရ သိရသည်။ ကျောင်းတော်ကြီးကို အလျား ၇၇ ပေခွဲ၊ အနံ ၅၅ ပေ၊ အမြင့် ၃၈ ပေနဲ့ အတွင်းဘက် လိုဏ်ပတ်လမ်းအကျယ် ၃ ပေ ၈ လက်မ၊ အမြင့် ၆ပေ ၈ လက်မတို့ဖြင့် ဆောက်လုပ် လှူဒါန်းထားသော ရှေးခေတ် ပန်းရံဆရာများရဲ့ သူ့ခုမအနု လက်ရာများနဲ့ အဆန်းတစ်ကြယ် ရှိနေသည့် အပြင် ရှေးခေတ် ရှေးမူအတိုင်း အထင်အရှား တည်ရှိနေတာကြောင့် ကမ္ဘာလှည့် ခရီးသွားများ၊ အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ လေ့လာလည်ပတ်စရာ နေရာ၊ စိတ်ဝင်စားစရာနေရာ ဖြစ်လာပေဦးတော့မည်ဖြစ်သည်။

ဇေယျာထက်(မင်းဘူး)