ရန်ကုန် ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအနီး အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ရေတွင်းကုန်းနှင့် ကွင်းပေါက်ရွာအကြား ကွန်ကရိခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ ရွှေမုယင်းဒေသသို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်းဖြစ်သော မမျိုးစု-ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်လမ်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(လမ်းနှင့် တံတား)က ဆောင်ရွက်လျက်ရှိသော ခရမ်းဝကျေးရွာမှ ကွင်းပေါက်ကျေးရွာလမ်းပိုင်း သည် အောက်ခံ ၆ လက်မထု၊ အကျယ် ၁၄ ပေ၊ အရှည် ၇၅၀၀ ပေအထိ ဆောင်ရွက်ပြီးဖြစ်ရာ မူလလမ်းအရှည် ၂၁၂၇၀ ပေ၏ အောက်ခံမြေသား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အပြင် လုပ်ငန်းတစ်ခုလုံး ၅၅ ရာခိုင်နှန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်းတစ်ခုလုံး ခင်းကျင်းပြီးစီးပါက တွံတေးမြို့နယ် ရွှေမုယင်းဒေသအတွင်းရှိ လယ်ယာစိုက်ပျိုးရေး၊ ဆန်စပါးနှင့် ငါးမွေးမြူးရေးလုပ်ငန်းများအပြင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများ ပိုမိုကောင်းမွန်ဖွံ့ဖြိုးလာ နိုင်မည် ဖြစ်သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ-တွံတေးလမ်းပေါ်ရှိ ကွန်ကရိဖျော်စက်သို့ သွားရောက်၍ စက်များကြံ့ခိုင်ကောင်းမွန်မှု ရှိစေရေးနှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးအတွက် ကွန်ကရိများ အချိန်မီပေးပို့နိုင်ရေး မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ ပါရမီလမ်းသို့ သွားရောက်၍ ပြည်လမ်းနှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)အဝင်လမ်းအကြား လမ်းသား တိုးချဲ့ မြေပြုပြင်မှု၍ ကွန်ကရိခင်းကျင်းနေမှုကို ကြည့်ရှုရာ ကွန်ကရိခင်းကျင်းနေမှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး တိုးချဲ့လမ်းနှင့် အင်းလျားလေးကန်စပ်အကြား လူသွားစင်္ကြံ စက်ဘီးလမ်းကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)