တနင်္သာရီ ၁၁ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တနင်္သာရီမြို့နယ်တွင် သြဂုတ် (၇)ရက်မှ (၁၂)ရက်အတွင်း ပထမအကြိမ် မြစ်ရေကြီးစဉ်က ရေကြီးနစ်မြုပ်ပြီး ယာယီကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာ မိဘ/ဆွေမျိုးများထံ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ရေဘေးသင့်အိမ်ထောင်စုများအတွက်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ယခုထောက်ပံ့ငွေသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပေးပို့လာခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများကိုလဲ သက်ဆိုင်ရာ ရေဘေးသင့်အိမ်ထောင်စုများထံ စနစ်တကျလွှဲပြောင်းပေးအပ်ပေးကြရန် အမှာစကားပြောကြားသည်။

 

ထို့နောက် (ပထမ)အကြိမ် ရေကြီးနစ်မြုပ်ခဲ့စဉ်က ရပ်ကွက်/ကျေးရွာအုပ်စုများမှ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုပေါင်း(၁၇၄)စုနှင့် နီးစပ်ရာမိဘ/ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၁၁၄၃)စု၊ ပြောင်းရွှေ့အိမ်ထောင်စုပေါင်း (၁၃၁၇)စုတို့အတွက် တစ်စုလျှင်ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ နှုန်းစီဖြင့် ထောက်ပံ့ငွေစုစုပေါင်းကျပ် ၆၅၈၅၀ဝ၀ဝ ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အုပ်ချုပ်ရေးမှူးများထံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ရန်ပုံငွေအလှူခံရရှိရေး၊ ခွဲဝေသုံးစွဲရေးနှင့် ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဝင်း၊ တွဲဘက်အတွင်းရေးမှူး ဦးအောင်ဆန်းဝင်းနှင့် ကော်မတီဝင်များက လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။ 

 

ထို့ပြင် (ပထမ)အကြိမ်မြစ်ရေကြီးစဉ်က ရေနစ်မြုပ်သေဆုံးခဲ့သည့် အရှေ့မော်တုန်းကျေးရွာအုပ်စု- ဥယျာဉ်ကွင်းကျေးရွာမှ (အဘ) ဦးဇော်ထက်အောင်၏သမီး (နှစ်နှစ်ခွဲအရွယ်) မဝင်းလဲ့လဲ့အောင်အတွက် ထောက်ပံ့ငွေကျပ်(၄)သိန်းနှင့် အမှတ်(၅၆၁)ခြေမြန်တပ်ရင်းမှ တပ်သားသောင်းချေအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်းကိုလည်း သက်ဆိုင်ရာမိဘများထံ ထောက်ပံ့ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)