မင်းဘူး ဖေဖော်ဝါရီ ၂၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာသည် ရှေးနှစ်ပေါင်း ၂၀၀ ကျော်ကြာ နွားလှည်းတန်းဖြင့်  ရွှေစက်တော်ဘုရားသို့ ဘုရားဖူးထွက်သည့် အစဉ်အလာကို ယနေ့တိုင် ထိန်းသိမ်းခဲ့ပြီး တစ်နိုင်ငံလုံးတွင် ရှားရှားပါးပါး တစ်ရွာတည်းသာ နွားလှည်းတန်းဖြင့် ဘုရားဖူးထွက်သော ကျေးရွာတစ်ရွာဖြစ်သည်။

 

မင်းလှကျင်းရွာသည် မင်းဘူးမြို့မှ မိုင် ၂၀ ကျော်ဝေးကာ အိမ်ခြေပေါင်း ၂၀၀ ကျော်ရှိပြီး ရပ်/ရွာထဲတွင် နွားလှည်းမရှိသူနှင့် မိအို၊ ဖအိုများ၊ အဘိုးအဘွားများ၊ ကျန်းမာရေးမကောင်းသည့် နေအိမ်များမှလွဲ၍ ကျန်သည့်အိမ်ခြေမှ လူများမှာ တပေါင်းလဆန်း ၁၃ ရက်မှ တပေါင်းလပြည့်ကျော် ၄ ရက်အထိ ၇ ရက်တိုင် တပျော်တပါး ဘုရားဖူးထွက်လေ့ရှိကြကြောင်း မင်းလှကျင်းရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကြိုင်ထံမှ သိရသည်။

 

ဘုရားဖူးလှည်းများ လှေတင်ဆိပ်တွင် ရောက်ရှိကြသည့်အခါ စခန်းချ၍  ပါဒစေတီတော်ကြီး နှစ်ဆူ၊ ကိုးခန်းကြီးနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဖူးမြော်ကြည်ညိုခြင်း၊ ဆီမီးရေချမ်းနှင့်ပန်းများ ကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ ကုသိုလ်ဘာဝနာ ပွားများခြင်းနှင့် မေတ္တာပို့ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ ညနေဘက်တွင် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်မှ ရွှေသမင်ခြံသို့လည်းကောင်း၊ ကြယ်လိပ်ခြံသို့လည်းကောင်း သွားရောက်၍ ဗဟုသုတရစေခြင်းငှါ ကလေးငယ်များအားပြသပြီး သမင်စာနှင့် လိပ်စာများကျွေး၍ လေ့လာကြည့်ရှုကြခြင်း၊ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ ဆင်လိမ္မာလေးများက ဘောလုံးကန်၊ ထီးဆောင်း၊ တုံးကျော်၍ ကပြခြင်း အကအလှများကို ကြည့်ရှုကြခြင်း၊ ဆင်များစီးကာ ရွှေစက်တော် မန်းချောင်းဝန်းကျင်မှ စိမ်းစိုလန်းဆန်းသည့် တောတောင်နှင့် လျှိုမြောင်ချိုင့်ဝှမ်းများမှ သဘာဝ အလှတရားများ၏ နှစ်လိုဖွယ်ရာ ရသက တစ်ဖုံ၊ တောအုပ်အတွင်းမှ ဒေါင်း၊ ဥဩစသော ကျေးငှက်သာသကာတို့၏ သာယာနာပျော်ဖွယ်ရာ တေးသံသာများကို သာယာငြိမ့်ညောင်းစွာ နားစဉ်ခံစားကြသည်။

 

ထိုကဲ့သို့ သမိုင်းဝင် တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညိုရ၍ စိတ်တည်ငြိမ်ကာ အေးချမ်းမှုရရှိခြင်း၊ စိမ်းစိုလန်းဆန်းသည့် သဘာဝအလှတရားများက  စိတ်ကိုပေါ့ပါးလန်းဆန်းစေခြင်း၊ ကြယ်လိပ်နှင့် ရွှေသမင်တို့၏ မျက်စိပသာဒ အလှအပများနှင့်  ကျေးငှက်သာသကာတို့၏ သာယာနာပျော်ဖွယ်ရာ တေးသံသာများက နားဆင်ခံစားသူ၏ စိတ်ဘဝင်ကို ပျော်ရွှင်ကြည်နူးစေခြင်းနှင် ချမ်းမြေ့စေခြင်းများကို ဖြစ်ပေါ်စေကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)၊ ဓာတ်ပုံ-ဇော်ဇော်အောင်(မင်းဘူး)