၂၆  မေ

 

မနက်ခင်း အိပ်ရာကနိုးတဲ့အချိန်ပဲဖြစ်ဖြစ်၊ မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီးရင်ပဲ ဖြစ်ဖြစ် ရေခဲရေသောက်ရင် ခန္ဓာကိုယ် ထိခိုက်မှာစိုးတယ်ဆိုပြီး ရေကျက်အေး  နွေးနွေးလေး တစ်ခွက် သောက်တတ်သူလေးတွေ ရှိလား……… ဒါဆိုရင်တော့ သင့်အနေနဲ့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေရမှာပါတဲ့နော်။

 

ရေကျက်အေး

 

ရေကျက်အေးဆိုတာက လက်ဖက်ခြောက်ခတ်မထားဘဲ ဆူနေအောင်တည်ထားတဲ့ ရေနွေးပါ။ အဖြူရောင် ရေနွေးပေါ့။ ကော်ဖီ ဖျော်သောက်တဲ့ ရေနွေးမျိုးပါ။

 

မနက်ခင်းမှာ ရေနွေးနွေးလေး တစ်ခွက် သောက်ပေးမယ်ဆိုရင်

 

မနက်ခင်း အိပ်ရာနိုးနိုးချင်းမှာ ကြွခွေက်လေးထဲကို ရေနွေးလေးထည့် ပြီးရင် ၁၅ မိနစ် ကနေ နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်။ အကြောတွေဘာတွ လျှော့ပြီးချိန်ဆို ရေနွေးက သောက်လို့ အဆင်ပြေတဲ့ ခပ်နွေးနွေးအခြေအနေပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှ အမောပြေ အနေနဲ့ ဒီရေနွေးနွေးလေးကို သောက်လိုက်ရင် ဖြစ်ဖြစ်၊ မနက်နိုးနိုးချင်းမှာ ရေနွေးလေးကို ခွက်ထဲထည့်ပြီး သောက်မယ်ဆိုရင်ဖြစ်ဖြစ် အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်။

ရေနွေးနွေးလေးကနေ ထွက်နေတဲ့ ရေနွေးငွေ့လေးကို ရှူရှိုက်ပေးတာက နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ ချွဲတွေကို ပျော်စေပြီး အသက်ရှူလမ်းကြောင်းမှာ ခံစားနေရတဲ့ နှာစေးတာ၊ နှာခေါင်းပိတ်တာလိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။ ရေနွေးသောက်ပေးတာက နှာခေါင်းပိတ်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။

 

လည်ချောင်းနာတာအပါအဝင် အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ရှိနေတဲ့ ချွဲတွေကို သန့်စင်စေပြီး အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းအတွင်းက အမြှေးပါးလေးတွေ ရောင်ရမ်းနေတာကို သက်သာစေနိုင်ပါတယ်။

 

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

 

ရေနွေးက အစာခြေစနစ်ရဲ့ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်စေပါတယ်။ ရေက အစာခြစနစ်ရဲ့ ချောဆီပါ။ ရေတွေက အစာခြေစနစ်တလျှောက် အူတွေ နဲ့ အစာအိမ်ဆီကိုစီးဆင်းပြီး အစာခြေစနစ် နံရံတွေကို ရေဓာတ်ဖြည့်ပေးသလို အညစ်အကြေးတွေကို ရှောရှောရှုရှု ပါသွားစေပါတယ်။

 

ရေနွေးနွေးလေးက အစာချေဖျက်ရခက်နေတဲ့ အရာတွေကိုလည်း စွန့်ထုတ်ရလွယ်ကူစေဖို့ အထောက်အကူ ပြုပေးပါသေးတယ်။ အစာမကြေဘူးထင်ရင် ရေနွေးနွေးလေး သောက်ပေးပါ။

 

အာရုံကြောစနစ်ကို ကျန်းမာစေတယ်

 

ရေနွေးနွေးလေးက ခန္ဓာကိုယ်အတွက် ချောဆီဖြစ်သလို ဗဟိုအာရုံကြောစနစ်ကို ကျန်းမာစေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ အာရုံကြောစနစ် ကျန်းမာမှ တစ်ကိုယ်လုံး ကျန်းမာမှာပါ။ နာကျင်တာတာကစလို့ တစ်နေ့တာမှာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းဖြစ်ချင်တယ်ဆိုရင်တေ့ ရေနွေးနွေးလေးတစ်ခွက်သောက်ပေးပါ။

 

အဆစ်နာဝေဒနာရှိသူတွေအနေနဲ့လည်း အဆစ်အမြစ်တွေနာကျင်တာ သက်သာစေဖို့ ရေနွေးနွေးလေး သောက်သုံးပေးလို့ရပါတယ်။

 

ရေဓာတ် ပြည့်ဝစေတယ်

 

ရေနွေးနွေးလေးကလည်း ပုံမှန်သောက်သုံးနေတဲ့ သောက်ရေတွေလိုပဲ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေမှာပါ။ မနက်ခင်းနိုးနိုးချင်းမှာ ရေနွေးနွေးလေး တစ်ခွက်သောက်လို့ တစ်နေ့တာမှာ ရာသီဥတု အခြေအနေကို လိုက်ပြီး ရေအေး ဒါမှမဟုတ် ရေနွေးကို သောက်လို့ရပါတယ်။ အနည်းဆုံး ရေ ၈ ခွက်တော့ သောက်ရပါမယ်။ ဒါမှ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝမှာပါ။

 

ရေဓာတ်ပြည့်ဝမှ ခန္ဓာကိုယ်က အကောင်းဆုံး လှုပ်ရှားနိုင်မှာပါ။ မနက်ခင်းမှာ ရေနွေးနွေးလေး တစ်ခွက်သောက်လို့ ရေဓာတ်ပြည့်ဝစွာနဲ့ တစ်နေ့တာကို စတင်လိုက်ပါ။

 

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

 

ရေနွေးနွေးလေး သောက်ပေးတာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ ရေနွေးသောက်တာက ကိုယ်တွင်း အပူချိန်ကို မြှင့်တင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။

 

ရေနွေးက အူတွေရဲ့ လှုပ်ရှားမှုကိုကောင်းစေပြီး လေပွစေနိုင်တဲ့အရာတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ရေဝိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 

သွေးလည်ပတ်မှု ကောင်းစေတယ်

 

ရေနွေးက သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ အထိရောက်ဆုံး ထေက်ပံ့ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းမွန်ခြင်းက နှလုံးရောဂါ နဲ့ သွေးတိုးရောဂါတွေ ကင်းစေနိုင်ပါတယ်။ ဒါကြောင့် သွေးကြောတွေကျန်းမာပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ရေနွေးနွေးလေး သောက်ပေးပါ။

 

စိတ်ဖိစီးမှု ပြေလျော့စေတယ်

 

ရေနွေးသောက်တာက အပေါ်မှာပြောခဲ့သလို အာရုံကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေခံစားရမှု နည်းစေနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ တအားများနေပြီဆိုရင် စိတ်တည်ငြိမ်အောင် ရေနွေးနွေးလေး သောက်ပေးလိုက်ပါ။

 

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

 

ရေနွေးနွေးလေးသောက်ပေးတာက ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးပြီး ချွေးထွက်စေတာကနေတစ်ဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

 

ချွေးထွက်တဲ့အခါ နေရခက်နိုင်ပေမယ့် ချွေးထွက်သွားပြီးရင်တော့ နေရတာပေါ့သွားတယ်နော်။ ဒါက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်ဆိုတဲ့ သက်သေပါ။

ဒါတွေအပြင် ရေနွေးနွေးလေး သောက်ပေးတာက ဝမ်းမှန်စေပြီး နာကျင်ကိုက်ခဲမှုတွေကို သက်သာစေလို့ ညဘက်အိပ်ပျော်စေဖို့လည်း အားဖြည့်ပေးပါသေးတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Aye Thi Mon

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”