၁၅ ဇွန်
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့်စာရေးဆရာဦးသန့် ပါတဲ့”
“ရှင်းလင်းရေးပြပါဦးဆရာ”
“ဖတ်ကြည့်ကြစို့”
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ဦးသန့်ဆိုလျှင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် လူတိုင်းသိသည်။ ကမ္ဘာမှာ ထင်ရှားသည်။ မြန်မာလူမျိုးထဲက နိုင်ငံတကာမှာ ထူးချွန်သူ၊ ထက်မြက်သူ၊ မြန်မာကိုသိလျှင် ဦးသန့်ကို သိသည်။ ဦးသန့်ကိုသိလျှင် မြန်မာကိုသိသည်။ ကုလသမဂ္ဂတာဝန်တွေကို ဤမျှအထိ တာဝန်ထမ်းခဲ့သော ဦးသန့်။ ကမ္ဘာ့အရှုပ်အရှင်း ပြဿနာပေါင်းစုံကို အေးဆေးတည်ငြိမ်စွာ ခေါင်းအေးအေးဖြင့် ရှင်းလင်းအဖြေပေးနိုင်ခဲ့သော ဦးသန့်။ ဘာကြောင့်များ ဤသို့ ရှင်းနိုင်၊ ဖြေရှင်းနိုင်ခဲ့ပါလိမ့်။
အရင်းစစ်တော့ အဖြေတွေ့ပြီ။ ဦးသန့်သည် စာအလွန်ဖတ်သူ။ ညလုံးပေါက် ဖတ်သူ။ စာများစွာရေးခဲ့သူ။ စာရေးဆရာ အမည်မခံသော်ငြား စာရေးဆရာစစ်စစ်ဖြစ်သူ။ ဦးသန့်၏ လက်ရွေးစင်စာများက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ကျွမ်းကျွမ်းကျင်ကျင် တာဝန်ထမ်းဆောင်စေနိုင်သူ။ စာရေးခြင်းဖြင့်ပြည့်ဝသူ။ စာဖတ်ခြင်းဖြင့် ပြည့်ဝသူ။ ဘဝတစ်ခုလုံး စာပေဖြင့်ပျော်မွေ့သူ။ စာရေးဆရာ ဦးသန့်။
စာရေးဆရာ
ရာထူးဂုဏ်ထူးတွေ ဘယ်လောက်ကြီးမားကြီးမား ဘယ်သောအခါမှ မနိမ့်ကျ၊ ဘယ်သောအခါမှ အရောင်မညှိုးသည် ကတော့ စာရေးဆရာဟူသောဂုဏ်။ ပညာရွှေအိုး လူမခိုးဆိုသကဲ့သို့ အသိဉာဏ်ပညာ၊ အတွေးအခေါ် ဂုဏ်ရောင် ထွန်းပြောင်တည်တံ့နေမည်မှာ စာရေးဆရာ။ ဘယ်တော့မှ ပစ္စည်းဥစ္စာမချမ်းသာသည်မှာ စာရေးဆရာ။ ဘယ်တော့မှ အသိဉာဏ်ပညာ မဆင်းရဲသည်မှာလည်း စာရေးဆရာပါပဲ။
ဆောင်းပါးခေါင်းစဉ်
ကျွန်တော်၏ ဆောင်းပါးခေါင်းစဉ်ကို ရှေ့နေနှင့်စာရေးဆရာဦးသန့်ဟု ဂုဏ်ဒြပ်ပြု အမည်တပ်လိုက်ရပါသည်။ ဘာကြောင့်လဲ။
ရှေ့နေတစ်ဦးအနေဖြင့် စာစုံဖတ်ခဲ့ပါသည်။ နာမည်ကျော်တွေ ရေးသမျှစာတွေ ရွေးထုတ်ဖတ်ခဲ့ရသည်များရှိပါသည်။ အဆင်သင့် စုဆောင်းထားသည်များ ရှိသကဲ့သို့ ရှားပါးစာပေများလည်း ရှိစမြဲ။ ရှေ့နေဖြစ်၍ ဥပဒေစာအုပ်တွေ အမြဲဖတ်ရပေသည်။ ယခုဆရာကြီးဦးသော်ကောင်းနှင့် မောင်ဇေယျာတို့စုဆောင်းထုတ်ဝေသော ဦးသန့်၏ လက်ရွေးစင်စာများကို (၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလထုတ် ဂန့်ဂေါ်မြိုင်စာပေ၊ ပထမအကြိမ်ထုတ်) စုစုစည်းစည်းဖတ်ရပါသည်။ ထိုအခါ စာရေးဆရာဦးသန့်အကြောင်း ပို၍နားလည်သဘောပေါက်ခဲ့ပါသည်။ ကမ္ဘာကျော်သူ စာရေးဆရာတစ်ဦး၏ ဘဝအမှန်ကို သိလာခဲ့ပါပြီ။
လွတ်လပ်သော မြန်မာပြည်အတွက်
လှောင်ချိုင့်တွင်း၌ လှောင်ထားအပ်သော ကျေးငှက်တို့သည် လွတ်လပ်စွာလှုပ်ရှားပျံသန်းခြင်းကို အလိုရှိကြသည်။ အလမ္မာယ်၏ ပခြုပ်တွင်းရှိ မြွေတို့သည်လွတ်လပ်စွာ သွားလာလိုကြသည်။ အကျဉ်းခံနေကြရသော အကျဉ်းသမားတို့သည် အကျဉ်းထောင်မှ လွတ်မြောက်လိုကြသည်။ ထိုနည်းအတူပင် လက်အောက်ခံနိုင်ငံတို့သည် လွတ်လပ်သော နိုင်ငံများဖြစ်လိုကြသည်မှာ ဓမ္မတာပင်ဖြစ်တော့သည်ဟု စာရေးဆရာကြီး ဦးသန့်က ရေးခဲ့လေသည်။
(ကြီးပွားရေးမဂ္ဂဇင်း၊ တွဲ-၉ ၊ မှတ်-၄ ၊ ၁၉၄၁ )
ပြည်ရေးပြည်ရာသင်ကြားခြင်း၏ရည်ရွယ်ချက်
(က) အချို့က ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်သည် ပရိယေသနဝမ်းစာအတွက် ဖြစ်သည်ဟုဆို၏။
(ခ) အချို့က ကျောင်းသားသူငယ်အသီးသီး ဝါသနာပါသော ဘာသာရပ်တွင် အစွမ်းကုန်တတ်ကျွမ်းစေရန် ရည်သန်၍ သင်ကြားပေးရမည်ဟုဆို၏။
(ဂ) အချို့က ကျောင်းသားသူငယ်များအား ကာယဗလ ထွားကျိုင်းသန်မာ၍ မိမိတိုင်းပြည်နိုင်ငံ၏ အကျိုးအတွက် ၎င်းဗလကို အသုံးပြုနိုင်ရန် ရည်ရွယ်ရမည်ဟုဆို၏။
(ဃ) အချို့က ပညာသင်ကြားရေး၏ ရည်ရွယ်ချက်သည် ကလေးသူငယ်များအား အသိဉာဏ် ကျယ်ဝန်းလာစေ၍ ပြည်သူပြည်သားကောင်း (Good Citizen)များ ဖြစ်လာကြရန်အရေးကြီးသည်ဟု အယူရှိကြသည်။
ပြည်ရေးပြည်ရာဘာသာရပ်သည်လည်း ခေတ်နှင့်လျော်အောင် ထည့်သွင်းပေးသော ကျောင်းသင်ပညာတစ်ရပ် ဖြစ်ပေသည်။
(ပညာစာစောင် ၊ ၁၉၄၂ ၊ အောက်တိုဘာ ၂၆။ )
ခေတ်သစ်ပညာသင်တန်း၊ ဟောပြောချက်စာအုပ်စာတမ်းများ
ဦးသန့်၏ ပထမဆုံးပုံနှိပ်စာမူမှာ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော ဘားမားဘွိုင်း (Burma Boy) စာစောင်၊ (၁၉၂၈ ခုနှစ် နိုဝင်ဘာလထုတ်) တွင်ပါရှိသည်။ ၁၅ နှစ်အရွယ်မှာ ရေးခြင်းဖြစ်သည်။အင်္ဂလိပ်ဘာသာဖြင့် ရန်ကုန်တိုင်းမ်သတင်းစာ၏ ၁၉၂၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဆိုင်မွန်ကော်မရှင်နှင့်ပတ်သက်သော သူ၏အမြင်ကိုအယ်ဒီတာထံပေးစာအဖြစ် ရေးခဲ့သည်။
(Maung Maung . U Thant. The Guardian Magazine . August 1956.P-26-27)
ဂန္ထလောကမဂ္ဂဇင်းတွင် ကျောင်းပြတင်းပေါက်မှတစ်ဆင့် ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လို ဆောင်းပါးစာများ အများအပြား ရေးသားခဲ့သည်။ ဂန္ထလောကမဂ္ဂဇင်းအပြင် သူရိယ၊ ကြီးပွားရေး၊ ဒီးဒုတ်၊ တိုးတက်ရေး၊ စာဆိုတော်၊ မြန်မာ့အလင်းနှင့် နဂါးနီစာနယ်ဇင်းတို့တွင်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။
လုံးချင်းစာအုပ်
(၁) မြို့ပြပုံပြင်များ ၁၃ အုပ် ( ၁၉၃၄)
(၂) ပြည်တော်သာခရီး ( ပ၊ ဒု၊ တ) (၁၉၆၁)
(၃) ဗမာသစ်နှင့် ပညာသစ် (၁၉၄၅)
(၄) ဦးသန့်၏စာ ( ၁၉၆၇)
ထပ်မံတွေ့ရှိချက်
(၁) ပြဇာတ်အရေးအသားများစွာလိုခြင်း (ဒီးဒုတ်ဂျာနယ်) (၁၈- ဩဂုတ်) (၁၉၂၉)
(၂) သတင်းစာအတတ် ( ဒီးဒုတ်ဂျာနယ် )( ၄၊ မေ၊ ၁၉၃၅ )
(၃) စာရေးဆရာဝင်ငွေ ( စာဆိုတော်မဂ္ဂဇင်း ) (၁၉၃၅)
(၄) စာကောင်းပေကောင်း( စာရေးဆရာမဂ္ဂဇင်း) (တွဲ -၃ ၊ မှတ် -၁ )
(၅) ဝံသာနုရောဂါ ( ကြီးပွားရေးမဂ္ဂဇင်း ) (ဧပြီ ၊ ၁၉၃၇ )
(၆) မျိုးချစ်စိတ်နှင့် ဆင်ခြင်တုံတရား (ကြီးပွားရေးမဂ္ဂဇင်း) (ဩဂုတ်၊ ၁၉၃၉)
(၇) သတင်းစာလုပ်ငန်း (မြန်မာ့အလင်း) (ဧပြီ ၊ ၁၉၃၆)
(၈) ဖတ်သင့်သော စာအုပ် ၁၀ဝ ကျော် ( မြန်မာ့အလင်း) (ဧပြီ၊ ၁၉၃၇ )
(၉) ပန်းသာ မစာအု (ဦအုန်းခင်ထံပေးစာ ဝန်ခံချက်) နဂါးနီစာအုပ်တိုက်
(၁၉၃၉) (ဦးသန့် (သို့မဟုတ်) ကမ္ဘာ့ငြိမ်းချမ်းရေးမဟာလူသားစာအုပ်၊ အောင်ချိုချိုကျော်ပြုစုသည်။
(ပန်းဆက်လမ်းစာအုပ်တိုက်၊ ၂၀၁၈ ၊ ဇန်နဝါရီ )
အစိုးရအစိုးရဆိုသော ဝေါဟာရ၏အဓိပ္ပာယ်
(၁) ဥပဒေအရ ဘုရင်အုပ်ချုပ်နည်း
(၂) သမ္မတ အုပ်ချုပ်နည်း
- ပြည်ထောင်စုခွဲ၍ အုပ်ချုပ်နည်း
- ပြည်ထောင်စု မခွဲဘဲ အုပ်ချုပ်နည်း
အစိုးရကို နောက်တစ်နည်းခွဲခြားပြနိုင်သေးသည်
(က) ဘုရင်အုပ်စိုးနည်း
(ခ) လူတစ်စုအုပ်စိုးနည်း
(ဂ) အများသဘောတူ အုပ်စိုးနည်း(ဒီမိုကရေစီ)
တရားဥပဒေ
(က) တရားဥပဒေဟူသော စကား၏အဓိပ္ပာယ်
(ခ) တရားဥပဒေပေါ်ပေါက်လာပုံ(ဂ) တရားဥပဒေနှင့် လွတ်လပ်ရေးဆက်သွယ်ပုံ
အရှေ့တောင်အာရှတိုက်နှင့်အတူတကွကြီးပွားတိုးတက်ရေးဝါဒ
(က) ၎င်းဝါဒ၏အဓိပ္ပာယ်
(ခ) မြန်မာပြည်နှင့် မည်ကဲ့သို့သက်ဆိုင်ပုံ
မြန်မာဘာသာကျမ်းများ (ဆရာများဖတ်ရှုကိုးကားရန်)
၁။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ပုဂံဝန်ထောက်ဦးတင်
၂။ ဝံသာနုရက္ခိတကျမ်း၊ ကျောက်မြောင်းခင်မောင်ကြီး
၃။ နိုင်ငံရေးပညာ၊ ဦးဘဦး
၄။ နိုင်ငံရေးပညာ၊ ပီမိုးနင်း
၅။ သရာဇကျမ်း၊ ဦးတုတ်ကြီး
၆။ ပြည်ရေးပြည်ရာပညာ၊ ဦးဘအေး
၇။ လူမှုရေးရာ သင်ကြားခြင်းအကြောင်း ၊ ဒေါ်မမခင်
၈။ တို့တိုင်းပြည်နှင့် တို့တာဝန်၊ ဦးဘေသိန်း
၉။ ခေတ်သစ်မာဃ ၊ ဦးဘရှင်
၁၀။ နိုင်ငံပေါင်းချုပ် ကျောင်းသုံးစာအုပ်၊ ဦးသန့်
၁၁။ အမျိုးသားပညာသင်ကြားရေးဋီကာ၊ သံတွဲမောင်
၁၂။ ဗြိတိသျှပါလီမန်အကြောင်း၊ ဦးသိန်းမောင်
၁၃။ မြန်မာပြည်ဥပဒေပြုအဖွဲ့အစည်း၏အကြောင်း၊ ဦးသိန်းမောင်
ဆောင်းပါး(အချို့)
(၁) စာသင်ကျောင်းနှင့် စာရိတ္တမဏ္ဍိုင်
(၂) ခေတ်စမ်းကျောင်း
(၃) သတင်းစာလုပ်ငန်း
(၄) သတင်းစာအတတ်
(၅) မြန်မာလူမျိုးနှင့် အင်္ဂလိပ်သတင်းလုပ်ငန်း
(၆) ၁၉၃၃ ခုနှစ်အတွင်း မြန်မာစာပေ
(၇) စာပေစကား
(၈) စာကောင်းပေကောင်း
(၉) ပြဇာတ်အရေးအသားများစွာလိုခြင်း
(၁၀) မဟာဆန်သူနှင့် ပြဇာတ်အရေးအသား
(၁၁) ညိုမြ
(၁၂) ဝံသာနုရောဂါ
(၁၃) လူကြီးနှင့်လူငယ်
(၁၄) ငါးခွန်းသောစကား( အောက်တိုဘာ ၊ ၁၉၃၅) စသည်တို့ ဖြစ်လေသည်
နပိုလီယံထက်အရပ်ပိုမြင့်တယ်
ပြင်သစ်တွေက ဦးသန့်ကို အရပ်ပုလွန်းတယ်၊ ပြင်သစ်စကားလည်း မပြောတတ်ဘူးဟု သံတမန်မဆန်သောစကားကို ပြောလာသောအခါ ဦးသန့်ကလည်း သူတို့လိုပင် သံတမန်မဆန်သောစကားဖြင့် တုံ့ပြန်လိုက်ပုံက –
“ဒီမှာ ကျုပ်ဟာ အင်္ဂလိပ်စကားမပြောတတ်တဲ့ နပိုလီယံထက် အရပ်ပိုမြင့်တယ်ဆိုတာ ပြင်သစ်တွေကို ပြောလိုက်စမ်းပါ” ဟူသတည်း။
(အေပီသတင်းဌာနမှ ဘီလ်အိုတစ္စနှင့် စကားလက်ဆုံကြစဉ် ဦးသန့်ပြောခဲ့သည့်စကား )
လက်လှမ်းမီသမျှ
လက်လှမ်းမီသမျှ၊ လေ့လာဖတ်ရှု စုစည်းရသမျှ တင်ပြချက်များသာပါ။ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေဖတ်ရှုလေ့လာ နိုင်ကြပါသေးသည်ခင်ဗျာ။
နိဂုံး
မြန်မာလူမျိုး၊ ကr္ဘာကျော် ပန်းတနော်သား ဆရာကြီး ဦးသန့်အကြောင်း ရေးစရာတွေက များလွန်းလှပါသည်။ သို့သော်ငြား စာရေးဆရာ ဦးသန့်အဖြစ် ရေးခွင့်ရ၊ လေးစားကြည်ညိုခွင့်ရသည်မှာတော့ စာရှုသူများနှင့်အတူ ကျွန်တော်ဂုဏ်ယူမဆုံး ဖြစ်မိပါသည်ခင်ဗျား။
ဦးဟန်ညွန့် (ဥပဒေ)