ရှေ့နေနှင့် ခေတ်စမ်းစာပေ

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် ခေတ်စမ်းစာပေဖြစ်ပါတယ်”

“အဓိပ္ပာယ်ရှင်းပြပါဦး ဆရာ”

“ဖတ်ရင်းနဲ့ အဓိပ္ပာယ်ပေါ်လွင်သွားမှာပါ”

“ဘာကြောင့် ဒီဆောင်းပါးရေးတာလဲ ဆရာ”

“ကျောင်းသားဘဝကစပြီး စာရေးလေ့ကျင့်ရင်း၊ စာဖတ်ရင်းနဲ့ခေတ်စမ်းစာပေကို အငမ်းမရ၊ အားကျလာခဲ့လို့ပါပဲ”

ဆရာကြီးသိပ္ပံမောင်ဝ

ဆရာကြီးသိပ္ပံမောင်ဝသည် ခေတ်စမ်းစာပေ၏ ဖခင်ဖြစ်သည်။ ခေတ်ကို စမ်းသည့်စာပေကို ခေတ်စမ်းစာပေဟု ခေါ်ကြသည်လား။ တကယ်ပဲစမ်းသပ်ခဲ့ကြပြီ။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ခေတ်စမ်းစာပေသည် တိုသည်၊ ရှင်းသည်၊ ပြတ်သည်၊ ပေါ်လွင်သည်၊ ထိမိသည်။ ဆရာကြီးသိပ္ပံမောင်ဝတို့ခေတ်က ခေတ်စမ်းစာပေ။ ဘာတွေလဲ။

အတုယူအားကျ

ဆရာကြီးသိပ္ပံမောင်ဝကို ကျွန်တော်အားကျသည်။ စာရေးကောင်းလွန်း၍ပါ။ ပညာလည်းတတ်၊ အုပ်ချုပ်ရေးလည်းကျွမ်း၊ လူထုနှင့်လည်း မခွဲမခွာ နားလည်မှုလည်းရှိ၊ ကျေးလက်ကိုလည်း မမေ့၊ စာရေးဆရာလည်းဖြစ်၊ လောကကိုနားလည်သူ အဖြစ်ပါထင်ရှား။ အရေးအသားများက ဒက်ခနဲ ဒက်ခနဲ။ ဘေးမှာလာပြီး ထိုင်ပြောနေသလို။ ဤလိုစာရေးဆရာမျိုး ဖြစ်ချင်လိုက်တာ။ ခေတ်စမ်းစာပေအထွေထွေအကြောင်း ဘာတွေရေးထားပါလိမ့်။

ဦးစိန်တင်၏ကလောင်သုံးမျိုး

(၁) မောင်မြသွင် (စာပေဝေဖန်သူ သက်သက်)( CRITIC)

(၂) မောင်ဝ (NOVELIST) (ဝတ္ထုဆရာ)

(၃) တင်မောင်မြင့် (လမ်းညွှန်ဆရာ) (ESSAYIST)

မြန်မာစွယ်စုံကျမ်း၊ ဦးစိန်တင် အခန်း၌ ၁/၈/၃၃ နေ့စွဲပါ ဦးစိန်တင် (ခ) သိပ္ပံမောင်ဝရေးခဲ့သော စာတစ်စောင်တွင် အထက်ပါကလောင်သုံးမျိုးအကြောင်း သိရသည်။

ထပ်မံတွေ့

(၁) မောင်မြသွင်၊ (၂) မောင်လှမောင်၊ (၃) မောင်မောင်၊ (၄) ဦးကုလလ၊ (၅) မောင်ခကွေး၊ (၆) သတင်းစာဖတ်သူတစ်ဦး၊ (၇) မောင်ကကြီး၊ (၈) မောင်ယပက်လက်၊ (၉) ဦးသက္က၊ (၁၀) မောင်သိန်းဖေ၊ (၁၁) မဏိ၊ (၁၂) ဝတ္ထုဆရာတစ်ဦး၊ (၁၃) အမှန်ကြိုက်သူ၊ (၁၄) ဦးသာမောင် ၊ (၁၅) ဘိလပ်ပြန်၊ (၁၆) ခေတ်စမ်းမောင်၊ (၁၇) ခြင်းသမားသခင်၊ (၁၈) မောင်လူအေး၊ (၁၉) ခင်ခင်ထွေး စသည်ဖြင့် ၁၉၃၃၊ ၁၉၃၄၊ ၁၉၃၅ ခုနှစ်ရေးခဲ့သောစာများအရ (ဦးစိန်တင်၏ဇနီး ဒေါ်ခင်သန်းမြင့်ထံမှ ရရှိသော စာအုပ်မှတ်တမ်း) အခြားကလောင်အမည်များ၊ အရေးအသားများပါ ထပ်မံတွေ့ရလေသည်။

မြန်မာစာပေတိုးတက်ရေး

ဦးစိန်တင် (သိပ္ပံမောင်ဝ) ၏ ဆန္ဒတစ်ရပ်မှာ မြန်မာစာပေတိုးတက်အောင် ဆောင်ရွက်လိုခြင်း ဖြစ်သည်။ တစ်ခါသော် အောက်ပါအတိုင်း တိုက်တွန်းစာရေးခဲ့သည်။ မြန်မာစာပေ တိုးတက်ရေးသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့ပြုမှ နုမည့် မြန်မာစာဖြစ်သည်။ ကြိုးစားကြစို့။ ( ၂၂. ၉ .၃၁ )

ဆောင်းပါးရေးဖို့အမြဲရှာ

ဦးစိန်တင်သည် သွားလေရာတွင် မျက်စိကိုဖွင့်လျက်၊ နားကိုစွင့်လျက် ဆောင်းပါးရေးရန် အကြောင်းရပ်တို့ကို အမြဲရှာသည်။ ကုန်သည်သည် အမြတ်ရလျှင်ပျော်သကဲ့သို့ ဦးစိန်တင်သည် ဆောင်းပါးရေးဖို့ အကြောင်းရလျှင်ပျော်သည်။ မည်မျှကိစ္စများသော်လည်း ဆောင်းပါးရေးရမည်ဆိုလျှင် အပင်ပန်းခံလေ့ရှိသည်။ သူ့စာတစ်စောင်တွင်-

ရှေ့ကတော့ ရွှေဘိုဟာ သူပုန်နယ်ဆိုပြီး ဝါရင့်တဲ့အင်္ဂလိပ်အရေးပိုင်များကိုသာ အုပ်ချုပ်စေတယ်။ အခုတော့ ဝါနုတဲ့ မြန်မာအရေးပိုင်ကလေးကို ပို့လိုက်တော့ ဘယ်လိုအုပ်ချုပ်မယ်ဆိုတာကို စောင့်စားပြီး ကြည့်နေကြတယ်။ ဒီတော့ကြိုးစားပြီး လုပ်ရတာပလေ။ သန်းခေါင်ကျော်မှ အိပ်ရတဲ့ညတွေများတာပါပဲ။ အလုပ်တွေ ဘယ်လိုများများ ကိုယ်ဝါသနာပါတဲ့ ဆောင်းပါးတွေကိုတော့ ရေးဖြစ်အောင်ရေးတာပါပဲ။ အထက်မြန်မာပြည်ဆိုတော့ ရောက်လေရာ၊ သွားလေရာမှာ ရေးချင်စရာတွေကို တွေ့တာပဲ။ ရေးချင်တာကို တွေ့မှဖြင့်လည်း ကောက်ပြီးရေးရတော့တာပဲ။ ဒီတော့ လူပင်ပန်းတာပေါ့ဗျာ။

သင်္ကနြ်တွင်းက ရွှေဘိုမှာ ပူအိုက်လွန်းတာနဲ့ ကျောက်မြောင်းမှာသွားနေတယ်။ ကျောက်မြောင်း အကြောင်း ဆောင်းပါးတစ်စောင်ကို ရလိုက်လေရဲ့။ ၂၄/၄/၃၈ နေ့က ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ မွေးဖွားရာ ရွှေကျင်ရွာကလေးသို့ ရောက်သွားတယ်။ ရွှေကျင်အကြောင်း ဆောင်းပါးလေးတစ်စောင် ရေးလိုက်ပါရဲ့။ ရွှေဘိုနယ်မှာ ရေးချင်စရာတွေကတော့ ပေါပါပေ့ဗျာ။ မြေဒူးတို့၊ တပရင်းတို့၊ ဟလင်းတို့၊ ချီပါတို့ပေါ့လေ။ သူရိယမဂ္ဂဇင်းမှာသာ မျှော်ပါတော့။( ၁၅. ၅ .၃၈ )

နောက်တစ်ပတ်တွင်ရှုပါဦးဤ ‘ပဋာစာရီ’ ဆိုသော ဆောင်းပါးနှင့် ‘နောင်’ တို့ကို ဂန္ဓလောက စက်တင်ဘာလထုတ်တွင် ဖတ်ရမည်ထင်၏။ ‘သူပုန်အငွေ့’ ကိုကား ဒဂုန်တွင် တွေ့ရလိမ့်မည်ထင်သည်။ စက်တင်ဘာလအတွက်တော့ ပြီးသွားပြီ။ အောက်တိုဘာလအတွက် လိုသေး၏။ အားလပ်ခွင့်ရ၍ စိတ်ကူးများ ကောင်းနေမှဖြင့် တစ်နာရီအတွင်း ဆောင်းပါးနှစ်စောင်ခန့်ရ၏။ အလုပ်တွေများ၍ စိတ်ရှုပ်ထွေးနေမှဖြင့်လည်း ဘာမှရေး၍မရ။ အားတဲ့အခါ၊ စိတ်ကူးပေါက်တဲ့အခါများရသလောက်ရေးထားရပေသည်။ မောင်မြသွင်တို့ ရေးတုန်းအခါကတော့ တနဂငေ်္နွတစ်ပတ်လျှင် နှစ်စောင်ကျ ရေးခဲ့ပေတယ်။ မောင်ဝတို့ကတော့ တစ်လမှ နှစ်စောင်လောက်ရယ်။ မောင်မြသွင်နှင့် မကွာလား။ ( ၁. ၈ . ၃၈ )

ဦးစိန်တင် (သိပ္ပံမောင်ဝ)သည် မိမိကိုယ်တိုင်လည်း စာအမြဲရေးသည်။ သူတစ်ပါး ရေးသည်တို့ကိုလည်း အမြဲဖတ်သည်။ ချို့တဲ့ ချွတ်ယွင်းချက်တို့ကို တွေ့လျှင်ဝေဖန်သည်။ ကောင်းသည့်အချက်တို့ကို တွေ့လျှင် ချီးကျူးသည်။ ထိုစဉ်အခါက ဆယ်တန်းကျောင်းသားများ မြန်မာစာတွင် ညံ့ဖျင်းနေသည်ကို သိရသောအခါ ဦးစိန်တင်သည် စိတ်မကောင်းဖြစ်သည်။ ထို့ကြောင့်အကြောင်းရှာ၍ ဆေးပေးရန်ကြိုးစားသည်။

ဘဝ၏အနိဋ္ဌာရုံ

ဦးစိန်တင်သည် ဘဝ၏အနိဋ္ဌာရုံ အကွက်များကို ဆင်ခြင်သုံးသပ်ခဲ့လေသည်။ ရုံးခန်း၊ ရုံးဝင်းအတွင်း စိတ်ညစ်စရာ အကွက်ကို ‘နယ်ပိုင်မင်း’ နှင့် ‘လေလံပွဲ’ တို့၌လည်းကောင်း၊ ကရုဏာဖြစ်စရာအကွက်ကို ‘ပဋာစာရီ’ ၌လည်းကောင်း၊ ကရုဏာဖြစ်လျက်နှင့် ထိုက်သင့်သော ပြစ်ဒဏ်ပေးရသောအကွက်ကို ‘တစ်ရာ့တစ်ဆယ်’ ၌ လည်းကောင်း၊ ပျော်စရာ နှစ်သက်စရာ အကွက်ကို ‘လှည်းသမား’ နှင့် ‘အညာဘုရားပွဲ’ တို့၌လည်းကောင်း၊ မြို့ပေါ်က ရာထမ်းမှုထမ်း တစ်စုအကြောင်းကို ‘အင်းဝ’ နှင့် ‘မြင်းတွေ့’ တို့၌လည်းကောင်း၊ သူကြီးတစ်ဦး၏ အကြောင်းကို ‘ရွှေတိဂုံ’ ၌လည်းကောင်း၊ ရွာကျောင်းဆရာတစ်ဦးအကြောင်းကို ‘ရွာကျက်သရေ’ ၌ လည်းကောင်း၊ ရာဇဝတ်မှုတစ်မှုအကြောင်းကို ‘ဓားပြမှု’ ၌လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အလုပ်ဝတ္တရားဆိုင်ရာ အမှုကိစ္စတစ်ခုအကြောင်းကို ‘ရွေးကောက်ပွဲ’ ၌လည်းကောင်း၊ တစ်ခါတစ်ရံသနားစရာ၊ တစ်ခါတစ်ရံ နှစ်သက်စရာ၊ တစ်ခါတစ်ရံချီးကျူးစရာ၊ တစ်ခါတစ်ရံ ရှုတ်ချစရာဖြစ်အောင် ရေးသားထားလေသည်။

ဆရာကြီး၏အရေးအသား

ဆရာကြီးဦးစိန်တင် (သိပ္ပံမောင်ဝ) ၏ ခေတ်စမ်းစာပေ အရေးအသားများကို စာရေးသူ (ကျွန်တော်) ၏ ဆယ်တန်းကျောင်းသားဘဝ မန္တလေးအမျိုးသားအထက်တန်းကျောင်း အထက-၂ (၁၉၆၄ ခုနှစ်) ကစ၍ အသည်းစွဲ စတင်လေ့လာမှတ်သားခဲ့ပါသည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ဥပဒေကျောင်းသားဘဝ (၁၉၆၇ ခုနှစ်) တွင်လည်း ဥပဒေပညာသင်ယူရင်း လိုတိုရှင်းစာအရေးအသားများ လေ့လာသဘောကျ နှစ်ခြိုက်လျက် ဆရာကြီး၏ ခေတ်စမ်းစာပေကို အတုယူရေးသားခဲ့ပါသည်။ ဆရာကြီး၏ အရေးအသားများ၊ အတွေးအခေါ်များက စာပေ၏ သဘော၊ စာပေ၏အနှစ်သာရ (မြန်မာစာပေ၏ဂုဏ်ရောင်) ကို ထွန်းပြောင်စေခဲ့သည်မှာ ‘ကျွန်တော့်ဘဝ၏မှတ်ကျောက်’ ဟုခံယူမိပါသည်။ ထိုအခါ ဆရာကြီးအား ပိုမိုရိုသေလေးစား အားကျမိပါသည်။

အထွေထွေ

စိတ်ကူးချိုချိုက တတိယအကြိမ် ၂၀၁၀ ပြည့်နှစ်ထုတ်ဝေသော သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာပေ အထွေထွေစာအုပ်တွင် ဆောင်းပါးပေါင်း ၇၂ ပုဒ် ပါဝင်သည်။ ခေတ်စမ်းကဗျာ (နံပါတ်-၁) မှ (နံပါတ်-၄ (ခ) အထိ) ခေတ်စမ်းပုံပြင်များ (သမိုင်း) နှင့် ဝါကျတိုရှည်ကိစ္စ၊ ခေတ်စမ်းစာပေ ၉ ပုဒ်တွင် -

အယ်ဒီတာထံပေးစာ၊ ဦးစိန္တာသို့၊ ဆုံးဖြတ်ချက်၊ ရန်ကုန်တက္ကသိုလ်ကို ချိုးလိုသူများသို့၊ ကိုစည်သူသို့၊ ပေးစာ (၁) (၂) (၂-မူကွဲ) ဆောင်းပါးများ ဖတ်ရသည်။ မြန်မာစာစီစာကုံး (နံပါတ်-၁) နှင့် (နံပါတ်-၂) ကိုလည်း ဖတ်ရသည်။ စကားပြေရေးသားရာတွင် ဝါကျအထားအသို နေရာတကျဖြစ်ဖို့၊ စကားပြေပြစ်ဖို့ အရေးကြီးကြောင်း ထောက်ပြထားသည်။

အချို့နေရာ၌ သာဓကတစ်ခု၊ နှစ်ခုနှင့် ပြည့်စုံနေပါလျက် သာဓကအမြောက်အမြား ထုတ်ဖော်ရေးသားနေသောကြောင့် ဆိုလိုရင်းအချက်ပြတ်သွားပုံ၊ သာဓကတွေ များလွန်းသဖြင့် စာကျဲသွားပုံကို သတိပေးထားလေသည်။

စာစွဲခြင်း

ခေတ်စမ်းစာပေအထွေထွေထဲမှ နောက်ဆုံးဆောင်းပါးမှာ စာစွဲခြင်း ဆောင်းပါးဖြစ်လေသည်။ စာစွဲခြင်းအကြောင်းကို ဆရာကြီးသိပ္ပံမောင်ဝက ဘိန်းစားတစ်ယောက် ဘိန်းစွဲခြင်းနှင့် ဥပမာဆောင်၍ စတင်မိတ်ဆက်ပေးထားပါသည်။ ဖတ်စရာများစွာထဲမှ ကောက်နုတ်တင်ပြပါရစေ။

ဘိန်းစွဲခြင်း

ဘိန်းစွဲနေသူ ဘိန်းစားတစ်ယောက်သည် ထမင်းဟင်းကိုသာလျှင် အငတ်ခံပေလိမ့်မည်။ ဘိန်းကို အပြတ်မခံနိုင်။ ထို့အတူ စာစွဲသောသူသည်လည်း ထမင်းဟင်းကိုသာ အငတ်ခံမည်။ စာအုပ်ကို အပြတ်မခံနိုင်ပေ။ ကျွန်ုပ်တို့၏ တာဝန်ကား မြန်မာပြည်ရှိ လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမမည်သူမဆို စာစွဲလာကြစေရန် ဆောင်ရွက်ရမည့် တာဝန်ဖြစ်လေသည်တဲ့။

ဘိန်းစားတစ်ယောက်သည် အဘယ့်ကြောင့် ဘိန်းကိုစွဲပါသနည်း။ ဘိန်း၏အနံ့သည် အလွန်အခံရခက်၏။ သို့ပါလျက် ဘိန်းစားတွေ ထောင်သောင်းမကများလှ၏။ စာစွဲခြင်းမှာလည်း ဘိန်းစွဲသည်နှင့် ခပ်ဆင်ဆင်တူလေသည်။ စာဖတ်လေ့မရှိသောသူတို့မှာ စာဖတ်ရမည်ကို လွန်စွာကြောက်ရွံ့ ပျင်းရိကြလေသည်။ တစ်စုံတစ်ယောက်က အတင်းစာဖတ်ခိုင်းလျှင် စာဖတ်ရင်း ပျင်းရိကာ အိပ်ပျော်သွားလေ့ရှိလေသည်။ စာအုပ်ကိုတွေ့လျှင် ရွံ့၏။ ကြောက်၏။ မုန်းတီး၏။ စာ၏အရသာကိုမတွေ့သေး။ ဘိန်းအနံ့မခံနိုင်သကဲ့သို့ စက်ဆုပ်လှ၏တဲ့။

နိဂုံး

(၁) တစ်သက်လုံး အားကျစွဲလမ်းခဲ့ရသော ဆရာကြီး သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာပေ အချို့အဝက်(နမူနာ) မျှသာဖြစ်ပါ၏။ စွဲမက်စရာတွေကများလှပါဘိ။

(၂) စာရှုသူများ ဆက်လက်ရှာဖွေဖတ်ရှုနိုင်ကြပါစေကြောင်း။

ကြေးမုံ