ရှေ့နေနှင့် လျှောက်လဲချက်

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

ဆရာ

ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

ရှေ့နေနှင့် လျှောက်လဲချက်ပါ

အဓိပ္ပာယ်ရှင်းပြပါဦးဆရာ

တစ်သက်လုံးပြောခဲ့ရတဲ့ လျှောက်လဲချက်အကြောင်းပါ

ဘာတွေထူးခြားချက်ရှိလို့ပါလဲဆရာ

အေးဗျာ၊ ဖတ်ကြည့်ကြစို့

လျှောက်လဲချက်ဆိုသည်မှာ

လျှောက်လဲချက်ဟူသည် လျှောက်ထားသည်၊ ပြောကြားသည်၊ လျှောက်ထုံးပြုသည်၊ တင်ပြသည်၊ ရှင်းလင်းသည်ဟု အဓိပ္ပာယ်ရသည်။ လျှောက်လဲတင်ပြချက်၏ အနှစ်သာရဖြစ်သည်။ တစ်နည်းအားဖြင့်တရားရုံးသို့ အမှုတစ်မှု၏ကျိုးကြောင်းဖြစ်စဉ်ကိုနှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တင်ပြသည့် ဖြစ်စဉ်ဖြစ်သည်။

လျှောက်လဲချက်မှာဘာတွေပါသလဲ

အမှုဖြစ်စဉ်အကျဉ်းပါသည်။ သုံးသပ်ချက်ပါသည်။ တင်ပြချက်ပါသည်။ လိုတိုရှင်းဖော်ပြသည်။ ဥပဒေပြဿနာ၊ စပ်ဆိုင်သည့်ပုဒ်မ၊ စီရင်ထုံး၊ အင်္ဂါရပ်တို့ပါဝင်သည်။ ဘယ်တရားရုံးမှာလဲ။ အမှုအမှတ်ဘယ်လောက်လဲ။ ဘယ်နေ့ရုံးချိန်းလဲ။ ဘာပြောချင်တာလဲ။ အနှစ်သာရပေါ်လွင်သလား။

ရှည်လျားထွေပြား

အနှစ်လေးဆယ်ကျော် ရှေ့နေဘဝခရီးတွင် ရှည်လျားထွေပြားဖွယ် လျှောက်လဲချက်ပေးခြင်းများ ကြုံခဲ့ရသည်။ မိမိနှင့်တစ်ဖက်ရှေ့နေ။ တစ်ဖက်ရှေ့နေကြီးက တော်ပါပေသည်။ တော်လွန်း တတ်လွန်းတာတွေပညာပြလေသည်။ လိုတိုရှင်းမပြော။ အချိန်အကြာကြီး ပြောနေပေသည်။ တရားသူကြီးကလည်း အားနာ၊ အားနာ၍မတား၊ မတား၍ ရှေ့နေက မသိနားမလည်၊ မသိနားမလည်ခြင်းလည်း ဟုတ်ပါမည်လား။ တမင်တကာ ရှည်လျားစွာပြောချင်သည်။ ဗီဇကြောင့်လား။ အကင်းမပါးခြင်းကြောင့်လား။

ပစ်မှတ်

အဓိကပစ်မှတ်ဘာလဲ။ တရားခံလွတ်ဖို့ပါပဲ။ တရားခံလွတ်ရာ လွတ်ကြောင်း မည်မျှကြိုးပမ်းထားပါသလဲ။ ကြိုးပမ်းချက် ထိရောက်ပါရဲ့လား။ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားမည်လား။ ဤကား တရားခံဘက်က ရှေ့နေအတွက် လျှောက်လဲချက်ဖြစ်ပါသည်။ တရားသူကြီးက လက်ခံမှဖြစ်မည်။ မိမိ၏တင်ပြချက်က မခိုင်လုံလျှင် တရားသူကြီးက လက်ခံမည်မဟုတ်။ အပြောကောင်းတိုင်း လျှောက်လဲချက်မဟုတ်။ အနှစ်သာရမပါသော လျှောက်လဲချက်၊ ပစ်မှတ်ကိုမထိသောလျှောက်လဲချက်၊ စာမျက်နှာများလျှင်ပြီးရောရေးထားသည့် လျှောက်လဲချက်များသည် အချည်းနှီးပင်တည်း။

ပုဂ္ဂိုလ်စွဲ

ရှေ့နေတစ်ဦးနှင့်တစ်ဦး ပုဂ္ဂိုလ်စွဲ၊ အမှုသည်တစ်ဦးနှင့်တစ်ဦး ပုဂ္ဂိုလ်စွဲများ။ ပုတ်ခတ်ပြောဆိုမှုများကို လျှောက်လဲချက်ထဲတွင် မထည့်သင့်။ အမှုသည်က ကြိုက်ချင်ကြိုက်မည်။ အမှုသည် အကြိုက်လိုက်မည်လား။ ငွေပေးလျှင် ဘာမဆိုဖြစ်မည်လား။ ရန်ပွဲလား။ ဆဲပွဲလား။ အမှန်တရား မသွားဘူးလား။ ပန်းတိုင်သို့ရောက်ပါစေ။ ခြေမချော်ပါစေနှင့်။ ဤသို့ခံယူသင့်သည်။

ရှေ့နေတစ်ယောက်၏ဂုဏ်

ရှေ့နေတစ်ယောက်၏ ဂုဏ်ဒြပ်သည်ဘာလဲ။ ရှေ့နေတာဝန် ကျေပွန်ခြင်းပါပဲ။ တာဝန်ကျေပွန်မှ မိမိ၏အမှုသည်အပေါ်၊ အလုပ်အပေါ် သစ္စာတည်ရာကျမည်။ အရည်အချင်းပြည့်ဝရာရောက်မည်။ သင်ကြားခြင်း၊ သင်ယူခြင်း၊ လေ့ကျင့်ခြင်း၊ လေ့လာဆည်းပူးခြင်းအတွေ့အကြုံကြွယ်ဝခြင်း စသည့်အရည်အချင်းများနှင့်ပြည့်စုံမည်။

ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်များ

တရားရုံးချုပ်ရှေ့နေ မောင်ကိုယုရေးသားပြုစုသည့် ကမ္ဘာကျော်တရားခွင် လျှောက်လဲချက်များ စာအုပ်ကို ရည်ညွှန်းကိုးကား တင်ပြပါရစေ။ ရန်အောင်စာပေက ၂၀၁၁ ခုနှစ်တွင် တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်ပါ။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ၁၁ ဦးဖြစ်သော ဖီဒယ်လ်ကတ်စထရို၊ ရောဘတ်အိပ်ချ်ဂျက်ဆင်၊ ဂျော်ဂျီဒီမီထရော့ဗ်၊ ကလဲရင့်ဒါရိုး၊ မဟတ္တမဂန္ဒီ၊ အဲမီးလ်ဇိုလာ၊ ဂျွန်ဘရောင်း၊ ဒယ်နီယယ်ဝက်စတား၊ ရောဘတ်အင်းမက်၊ ဂျုံးအော့ဖ်အတ်၊ ဆိုကရေးတီးတို့၏ လျှောက်လဲချက်များဖြစ်ပါသည်။

မောင်ကိုယု၏နိဒါန်း

ကျွန်တော့်ဆရာ ( မောင်ကိုယု) ၏နိဒါန်းရေးသားဖော်ပြချက်များမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ရှုပါ။

တရားခွင်ဖြစ်ရပ်တို့သည် လူ့လောကဇာတ်ခုံတွင် စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးသော ဇာတ်လမ်းများဖြစ်ကြသည်။ အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ရတတ်သော လူ့ဘဝတွင် လူတို့သည် ဘဝတစ်လျှောက်လုံး အနည်းနှင့်အများ အမှုပြဿနာများနှင့် ရင်ဆိုင်ကြရသည်။ ထိုမှုခင်းတို့သည် တရားရုံးသို့ ရောက်သည်လည်းရှိ၏။ မရောက်သည်လည်း ရှိ၏။

တရားခံရှေ့နေ

တရားခံရှေ့နေသည် သူ့အမှုသည်အား ကြိုးစင်ပေါ်မှ ဆွဲချနိုင်ရေးအတွက် အသံတစာစာနှင့် လျှောက်လဲနေသည်ကို ကြားနိုင်ပါသည်။ တွေ့နိုင်ပါသည်။ စကားလုံးတိုင်းသည် တရားခံ၏လည်ပင်း၌ စွပ်ထားသော ကြိုးကွင်းကို လှီးဖြတ်နေသော ဓားချက်နှင့်တူပါသည်။

တရားလိုရှေ့နေ

တရားလိုရှေ့နေသည် တရားခံအား ထောင်ချောက်တွင်းသို့ အာဂမယုတ္တိ၊ သဘာဝယုတ္တိတို့ဖြင့် ပိတ်ဖမ်းနေသည်။ သူ၏လျှောက်လဲချက် စကားလုံးတိုင်း စကားလုံးတိုင်းသည် တရားခံအား ရုန်းမလွတ်အောင် ရစ်ပတ်နေသည့်ကြိုးခွေများနှင့် တူပေသည်။

ဤသို့ဖြင့် တရားခွင်ဇာတ်ခုံတွင် လူတို့သည် ကြေကွဲစရာ၊ ဝမ်းနည်းစရာ၊ တုန်လှုပ်စရာ၊ နည်းယူစရာ၊ သံဝေဂရစရာ စသည်တို့ဖြင့် ရသမျိုးစုံပါဝင်သော ဇာတ်ကြီးများကို ကပြနေပါသည်။

တရားခံ၏မျက်ရည်ကို သူမမြင်နိုင်

စင်မြင့်ပေါ်က တရားသူကြီးသည် သူ့၌မူလရှိနေသော လူသာမန်တို့၏ စိတ်ဝေဒနာခံစားမှုကို ဘေးချိတ်၍ထားပြီးလျှင် သူစစ်ဆေးနေရသော မှုခင်း၌ တရားချိန်ခွင်ကိုသာ ချိန်စက်ကြည့်နေရပါသည်။ တရားခံ၏မျက်ရည်ကိုလည်း သူမမြင်နိုင်။ သူမြင်ရမည့်အရာကား ဥပဒေသာဖြစ်သည်။

တရားခံသည် တရားလိုဖြစ်နေရ

တစ်ခါတစ်ရံ တကယ့်တရားခံသည် တရားလိုဖြစ်နေရပြီး တရားလိုသည် တရားခံဘဝသို့ ရောက်နေရသော အမှုများလည်း ရှိသည်။ သန်လျက်ခိုးသူ ဘုရင်က သန်လျက်ကိုဖင်ခုထိုင်၍ အပြစ်ကင်းသူအား ဓားမိုးကာ သန်လျက်သူခိုးကို ရှာဖွေစစ်ဆေးနေသော အမှုများလည်း ရှိခဲ့ပါသည်။

အခြားတစ်ဖက်တွင်လည်း အပြစ်ကင်းပါလျက်သူခိုးက လူဟစ်ခံရသော ပုဂ္ဂိုလ်တို့သည်လည်း ရှိခဲ့၏။ ထိုပုဂ္ဂိုလ်တို့တွင် ကြိုးစင်ကိုမြင်ပါလျက်၊ ကားစင်ကိုတွေ့နေပါလျက် မကြောက်မရွံ့၊ မတုန်လှုပ်ဘဲ အမှန်တရားကိုဖွင့်ထုတ် ခုခံသွားကြသော တရားခံသူရဲကောင်းများလည်း ရှိခဲ့ပါသည်။ တရားခံဘဝဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရမည့်အစား ထောင်ဒဏ်ကို တောင်းခံသွားသူ၊ သေဒဏ်ကိုဖိတ်ခေါ်သွားသူ၊ ကြိုးစင်ပေါ်ရင်ကော့၍ တက်သွားသူများလည်း ရှိခဲ့ပါသည်။

သစ္စာတရား၏ရှေ့နေများ

သူတို့သည် မျိုးချစ်သူရဲကောင်းများဖြစ်သည်။ သူတို့သည် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် လွတ်မြောက်ရေးအတွက် နယ်ချဲ့တို့၏ မတရားသော တရားခွင်တွင် ရဲရဲတောက် လွတ်လပ်ရေးကြွေးကြော်သံကို အော်ဟစ်ရင်း ကြိုးစင်ပေါ်တက်သွားသူများဖြစ်သည်။ သူတို့သည်သစ္စာတရား၏ ရှေ့နေများဖြစ်ကြ၏။

သူတို့သည် သမိုင်းဝင် စာပေဂန္ထဝင်အဖြစ် ကျန်ရစ်ခဲ့အောင် နှလုံးသားမှထွက်ပေါ်လာသော စကားလုံးတို့ဖြင့်ရဲရဲတောက် လျှောက်လဲသွားကြသည်။ ထိုပုဂ္ဂိုလ်၊ ထိုသူရဲကောင်းတို့၏ လျှောက်လဲချက်၊ တင်ပြချက်၊ အစစ်ခံချက်များကို ဥပဒေစာပေမှတ်တမ်း တစ်စောင်အဖြစ် ကျန်ရစ်ခဲ့ရန် ရည်ရွယ်ချက်ဖြင့်ဤစာအုပ်ကို ရှာဖွေပြုစုခဲ့ပါသည်ဟု ဆရာမောင်ကိုယုက ရေးခဲ့ပါသည်။

(၁)ဆိုကရေးတီး

မိမိ၏တွေးခေါ် မြော်မြင်ရေးပညာအတွက် အေသင်တရားသူကြီးတို့၏ရှေ့တွင် ဒူးထောက် အရှုံးမပေးဘဲ အမှန်တရားကို ဖွင့်ဟပြောဆိုကာ အဆိပ်ရည်ကို အေးအေးဆေးဆေး သောက်သုံးသွားသူ။

(၂) ဂျုံးအော့ဖ်အတ်

ပြင်သစ်မြေပေါ်သို့ မတရားကျူးကျော်လာသော အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သူ ပြင်သစ်အမျိုးသမီး သူရဲကောင်းမလေးတစ်ဦး၊ အမှန်တရားအစစ်ခံ၍ ကားစင်ပေါ်တက်၊ မီးရှို့အသတ်ခံရသူ။

(၃) ရောဘတ်အင်းမက်

အိုင်ယာလန်ပြည်သူများ၏ လွတ်မြောက်ရေးအတွက် အင်္ဂလိပ်တရားရုံး၌ တရားခွင်တိုက်ပွဲကို ဆင်နွှဲရင်း ကြိုးစင်ပေါ်တက်သွားသူ။

(၄) ဂျွန်ဘရောင်း

နီဂရိုးကျွန်များလွတ်မြောက်ရေးအတွက် တရားရုံးတွင် ရဲရဲတောက်အမှန်တရားကို ဖွင့်ထုတ်ရင်း သေဒဏ်ကျခံသွားသူ။

(၅) အဲမီးလ်ဇိုလာ

မတရားကျွန်းဒဏ်ခံနေရသော အပြစ်ကင်းသူတစ်ယောက်အတွက် တရားရုံးတွင် ဒူးထောက် အရှုံးမပေးဘဲ ထောင်ထဲဝင်သွားသူ။

(၆) ကလဲရင့်ဒါရိုးနီဂရိုး

မိသားစုဘက်မှ ရှေ့နေလိုက်ရင်း အသားအရောင်ခွဲခြားမှုကို ထိထိမိမိ ပြစ်တင်ရှုတ်ချသွားသူ။

(၇) ဒယ်နီရယ်ဝက်စတား

လူမဆန်စွာ လုပ်ကြံသတ်ဖြတ်သော လူသတ်သမားတို့အား ဇာတ်ခင်းပြပြီး ယုတ်မာမှုသရုပ်ပေါ်အောင် ကြိုးစင်ပေါ်ဆွဲတင်ခဲ့သူ။

(၈)ဂန္ဓီ

အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားတို့၏ တရားခွင်၌ ကိုယ့်အပြစ်ကို အယူမခံ။ ထောင်ဒဏ်ကို တောင်းဆိုသွားရင်း အိန္ဒိယပြည်သူတို့၏ လွတ်လပ်ရေးတရားကို ဟောပြောသွားသူ။

(၉) ဂျော်ဂျီဒီမီထရော့ဖ်

နာဇီတို့၏ တရားခွင်တွင် နာဇီတို့၏ လုပ်ကြံမှုကို ကမ္ဘာတုန်အောင် လှုံ့ဆော်ဖွင့်ချခဲ့သူ။

(၁၀) ရောဘတ်ဂျက်ဆင်

နာဇီစစ်တရားခံတို့အား သမိုင်းတွင် ကြီးမားသော သင်ခန်းစာဖြစ်စေရေးအတွက် ရှုတ်ချ ပြောဆိုပြစ်တင် ဝေဖန်သွားသူ။

(၁၁) ကတ်စထရို

အာဏာရှင်အစိုးရ၏ တရားခွင်၌ ပြစ်ဒဏ်ကိုတောင်းခံရင်း ဘာတစ္စတာကို တရားခံအဖြစ် ပြန်လည်စွဲချက်တင်သွားသူ။

အထက်ပါ ၁၁ ဦးအကြောင်းကို ဘာသာရပ်အမျိုးမျိုးက ဘာသာပြန်ဆို၍ တင်ပြခဲ့သော ဆရာမောင်ကိုယု၏ ကမ္ဘာကျော် တရားခွင်လျှောက်လဲချက်များ စာအုပ်သည် လူငယ်မျိုးဆက်သစ် ဥပဒေပညာရှင်များအတွက် အားဆေးတစ်ခွက်ဖြစ်မည်မှာ သေချာပါသည်။

ဦးတည်ချက်မပျောက်ရေး

ရှေ့နေတစ်ယောက်၏ လျှောက်လဲချက်သည် ဦးတည်ချက်ရှိသည်။ ပစ်မှတ်ရှိသည်။ ပန်းတိုင်ရှိသည်။ အနှစ်သာရမပျောက်။ ဝေ့လည်ဘေးချော်မရှိ။

နိဂုံး

(၁) လျှောက်လဲချက်အကြောင်း ရှေ့နေတစ်ယောက်အနေနှင့် ကျွန်တော်လျှောက်လဲချက် ပေးနေတာပါ။

(၂) ပစ်မှတ်ထိပါမည်လားမသိ။

ကြေးမုံ