၄  ဇူလိုင်

နိဒါန်း

“ဆရာ”

“ဗျာ”

“ ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် မီဒီယာနိုင်ငံရေးပါတဲ့”

“ဘာကိုဆိုလိုပါသလဲ”

“ကျွန်တော်နဲ့လက်တွဲခဲ့တဲ့ သတင်းစာဆရာ ဦးရဲတင့် (ရဲတင့်) ဘာသာပြန်တဲ့ မီဒီယာနိုင်ငံရေးစာအုပ်အကြောင်း တင်ပြချင်လို့ပါ။”

“ဘာတွေထူးခြားလို့လဲဆရာ”

“ကိုင်း …… သိချင်သမျှဖတ်ကြည့်ကြစို့ ”

သတင်းမီဒီယာသမား

အထက်တန်းကျောင်းသားဘဝတွင်ကျွန်တော်မန္တလေးမှာနေခဲ့သည်။ အ.ထ.က(၂)(နေရှင်နယ်ကျောင်း) တွင် (၈၊ ၉၊ ၁၀ တန်း)တက်ရောက်သည်။ လူထုသတင်းစာက (၁၉၆၅−၁၉၆၆) ထိုခေတ်တွင် သြဇာကြီးသည်။ သတင်း စာဆရာကြီး လူထုဦးလှ၊ လူထုဒေါ်အမာတို့ထံမှကျွန်တော် သတင်းစာပညာ လေ့လာခွင့်ရသည်။ လူငယ်သတင်း၊ လူငယ်ဆောင်းပါးရေးသားခဲ့သည်။ ဤသို့ဖြင့် သတင်း မီဒီယာသမားဘဝ စတင်ခဲ့သည်။

ဥပဒေကျောင်းသား

ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (၁၉၆၈)တွင် ဥပဒေ ကျောင်းသားဖြစ်လာသည်။ ထိုအချိန်က ဗိုလ်တထောင် သတင်းစာမှာ သြဇာကြီးသည်။ အယ်ဒီတာချုပ်သတင်းစာ ဆရာကြီး ဦးသိန်းဖေမြင့်ဖြစ်သည်။ ဆရာကြီးထံမှသတင်းစာ ပညာ လေ့လာခွင့်ရပြန်သည်။ တက္ကသိုလ်သတင်း၊ လူငယ် ဆောင်းပါး၊ ဥပဒေဆောင်းပါး ရေးခွင့်ရသည်။ သတင်း မီဒီယာသမားဘဝ အားကျခုံမင်ခဲ့သည်။ ဥပဒေလည်း သင်၊ သတင်းလောကထဲလည်းဝင်.....။

ထို့နောက် သတင်းထောက်၊ ဆောင်းပါးရှင်၊ သတင်း မီဒီယာကောင်စီဝင်အဖြစ် ဆရာစုံ၊ ဌာနစုံ၊ ဘဝစုံတို့မှ သင်ယူခွင့်၊ လေ့လာခွင့်၊ ဆည်းပူးခွင့်ရသည်။ သတင်းစာ ဆရာ ဦးရဲတင့်(ရဲတင့်)သည်လည်း ကျွန်တော့်ဆရာပါပဲ။ ဗိုလ်တထောင်သတင်းစာ ဝိုင်းတော်သားတစ်ဦးအဖြစ် ၁၉၆၉၊ ၁၉၇၀၊ ၁၉၇၁၊ ၁၉၇၂ များက လက်တွဲခဲ့ကြသည်ပါ။ ယနေ့တိုင် မမေ့နိုင်ပါ။ ယခု ဆရာရဲတင့် ဘာသာပြန် သော မီဒီယာနိုင်ငံရေးစာအုပ်ဖတ်ခွင့်ရပြန်သည်။

မီဒီယာနိုင်ငံရေး

စာပေဗိမာန်မှ ဘာသာပြန်စာစဉ် ထုတ်ဝေသည်။ စာအုပ်အမည်မှာ“မီဒီယာနိုင်ငံရေး” ဖြစ်သည်။ ဘာသာ ပြန်သူမှာ ရဲတင့် ဖြစ်သည်။ John Street ရေးသားသည့် Mass Media, Politics and Democracy စာအုပ်မှ ထုတ်နုတ်ဘာသာပြန်ခြင်းဖြစ်သည်။ စာပေဗိမာန်က ၂၀၁၉၊ ဒီဇင်ဘာလတွင် ပထမအကြိမ်ထုတ်ဝေသည်။

မာတိကာ

မာတိကာတွင် နိုင်ငံရေးသတင်း၊နိုင်ငံရေးဘက်လိုက် မှု၊ လူထုဆက်သွယ်ရေးမီဒီယာနှင့်နိုင်ငံရေး၊ နိုင်ငံရေးနှင့် ဖျော်ဖြေရေး၊ မီဒီယာ၏အကျိုးသက်ရောက်မှု၊ နိုင်ငံတော် ထိန်းချုပ်မှုနှင့်နိုင်ငံတော်ဝါဒဖြန့်မှု၊ လုပ်ငန်းစုံကော်ပိုရေးရှင်းကြီးများ၏ချုပ်ကိုင်မှု၊ လွတ်လပ်သောစာနယ်ဇင်း၊ ဒီမိုကရေစီနှင့်မီဒီယာတို့ ပါဝင်သည်။

စာပေဗိမာန်၏အမှာစာ

ဤစာအုပ်သည် အမေရိကန်စာရေးဆရာ ဂျွန်စထရိ (John Street)၏Mass Media, Politics and Democracy စာအုပ်အတွင်းမှ လူထုဆက်သွယ်ရေးနှင့် မီဒီယာဆိုင်ရာအကြောင်းရပ်အချို့ကို ဆရာဦးရဲတင့်က ရွေးချယ်ကောက်နုတ်ဘာသာပြန်ဆိုထားသည့်စာအုပ် ဖြစ်ပါကြောင်း၊ နိုင်ငံရေးသတင်း၊ နိုင်ငံရေးဘက်လိုက်မှု၊ လူထုဆက်သွယ်ရေး မီဒီယာနှင့် နိုင်ငံရေး၊ မီဒီယာ၏အကျိုးသက်ရောက်မှု၊ နိုင်ငံတော်ထိန်းချုပ်မှုနှင့် နိုင်ငံတော်ဝါဒဖြန့်မှု၊ လွတ်လပ် သောစာနယ်ဇင်း ဒီမိုကရေစီနှင့်မီဒီယာ စသည့်အကြောင်း ရပ်များအပါအဝင် အခန်း(၈)ခန်း ပါဝင်ကြောင်း၊ လွန်ခဲ့ သည့် ၁၀ စုနှစ်ကျော်က ထုတ်ဝေခဲ့သည့်စာအုပ်ဖြစ်သော် လည်း လူထုဆက်သွယ်ရေးမီဒီယာကဏ္ဍတွင် ပါဝင်ဆောင် ရွက်နေသူများ၊ လေ့လာသုတေသနပြုသူများနှင့် အင်အား ကြီး အနောက်နိုင်ငံများ၏ မီဒီယာနိုင်ငံရေးကိုမျိုးဆက် သစ်လူငယ်များ လေ့လာနိုင်ရန်အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ထုတ်ဝေခဲ့ကြောင်း၊ ဤစာအုပ်ကို ဘာသာပြန်ဆိုပေးသည့် ဝါရင့်သတင်းစာဆရာ၊ ဘာသာပြန် ဆရာ အမျိုးသားစာပေဆု(ဘာသာပြန်)ဆုရ ဆရာကြီး ဦးရဲတင့်(ရဲတင့်)နှင့် မူရင်းစာရေးသူနှင့် မူပိုင်ခွင့်ဆက်သွယ် တောင်းခံပေးသူ ဆရာဦးမျိုးအောင်(ပြည့်စုံစာပေတိုက်)တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

စာရေးသူ၏အမှာစာ

“မီဒီယာနိုင်ငံရေး”ဟု အမည်ပေးထားသော ဤစာအုပ် မှာ အမေရိကန်စာရေးဆရာ ဂျွန်စထရီ (John Street)၏ Mass Media, Politics and Democracy ကို ကောင်းနိုး ရာရာစုစည်း၍ ကောက်နုတ်ပြန်ဆိုထားခြင်းဖြစ်ကြောင်း၊ ဂျွန်စထရီက ၎င်း၏ “ လူထုဆက်သွယ်ရေးမီဒီယာ၊ နိုင်ငံ ရေး၊ ဒီမိုကရေစီရေး” စာအုပ်တွင် မီဒီယာများနှင့်နိုင်ငံရေး၊ ဒီမိုကရေစီရေးတို့ မည်သို့ဆက်နွှယ်နေပုံကို ဝေဖန်ရေး အမြင်ဖြင့် စိစစ်သုံးသပ်ထားကြောင်း၊ သူသည် ထိုစာအုပ် အပြင် Rebel Rock: The Politics of Popular Music (June 5 , 1986) ၊ Politics and Technology (September 25, 1992)၊ Music and Politics (November 21, 2011) နှင့် Politics and Popular Culture (May 2013) စသည့် ထင်ရှားကျော်ကြားသော စာအုပ်ပေါင်းများစွာကို ရေးသား ခဲ့ကြောင်း၊ ဂျွန်စထရီသည် University of East Anglia တက္ကသိုလ်တွင် နိုင်ငံရေးဘာသာရပ် (Politics) ကို သင်ကြားသော စီနီယာကထိကတစ်ဦးဖြစ်ပါကြောင်း၊ ၎င်းစာအုပ်များမှာ အနောက်ကမ္ဘာ၏ မီဒီယာလောကတွင် လူကြိုက်များသော အကြောင်းအရာများဖြစ်ကြောင်း၊ စာဖတ်သူများအနေဖြင့် ၂၁ ရာစုခေတ်ဦးကာလ မီဒီယာ နှင့် နိုင်ငံရေးအခြေအနေ၊ မီဒီယာနိုင်ငံရေးနှင့် ဒီမိုကရေစီ အခြေအနေတို့ကို လေ့လာသုံးသပ်ရာ၌ ဤစာအုပ်သည် အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း စာရေး သူ ရဲတင့်က ပြန်ဆိုရေးသားထားသည်။

နိုင်ငံရေးသတင်းဆိုတာဘာလဲ

ရုပ်မြင်သံကြား သို့မဟုတ် သတင်းစာများတွင် နိုင်ငံရေး သတင်းများကို ထုတ်လွှင့်ဖော်ပြကြသည်။ ၎င်းတို့သည် ကမ္ဘာကြီးအကြောင်းဇာတ်လမ်းများကို ပြန်ပြောင်းထုတ် ဖော်ပြောဆိုနေခြင်းဖြစ်၏။ ၎င်းတို့သည် ကမ္ဘာ့ဖြစ်ရပ် များကို ကြေးမုံမှန်သားပြင်ဖြင့် ထိုးပြနေခြင်းမဟုတ်၊ အဝေးကြည့်မှန်ပြောင်းဖြင့် ပြသနေခြင်းမဟုတ်၊ လူထု ဆက်သွယ်ရေးမီဒီယာသည် ထင်သာမြင်သာသော ဖြစ်ရပ် များကို ဖော်ပြနေခြင်းမျှမဟုတ်၊ အဖြစ်အပျက် အချက် အလက်များကို သတင်းပေးနေခြင်းမျှသာ မဟုတ်၊ ကမ္ဘာ့ ဇာတ်လမ်းများကို ဇာတ်အိမ်၊ ဇာတ်ကွက်၊ ဇာတ်ကောင် များဖြင့် သက်ဝင်လှုပ်ရှားလာအောင် ရှုချင်စဖွယ်၊ ဖတ်ချင် စဖွယ်ဖြစ်အောင် ဇာတ်ကြောင်းပြန်ပြောပြနေသူများ ဖြစ်၏ဟူ၍ ရေးသားထားသည်။

နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးပြိုင်ဘက်များ၊ နိုင်ငံရေးမဟာမိတ်များ၊ လူ့သဘာဝ အားနည်းချက်၊ အားသာချက်များနောက်သို့ တကောက်ကောက်လိုက်၍ သတင်းများကို ဖန်တီးတည်ဆောက်ဖော်ပြကြ၏။ နိုင်ငံရေးလုပ်စားတတ်သူများက တစ်ခါတစ်ရံ ကြေကွဲ ဖွယ် ဇာတ်လမ်းရှည်ကြီးဖြစ်အောင် သို့မဟုတ် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းခန်းဖြစ်အောင် ဖန်တီးတတ်ကြ၏။ ၎င်းတို့၏ သတင်းပုံစံမှာ များသောအားဖြင့် ပြဇာတ်၊ ကဇာတ်၊ သရုပ်ဖော်ဇာတ်လမ်းပုံစံမျိုးဖြစ်၏။ ဤအချက် မှာ စကားလှအောင်တင်စားခြင်းမဟုတ်။“သတင်း” ကို မည်သို့ပြောပြနေသနည်းဆိုသည်ကို ဖော်ပြခြင်း ဖြစ်ကြောင်း၊ ဤနေရာတွင် “သတင်း” သည် အနုပညာပုံစံ တစ်ရပ်ဖြစ်သည်။ သတင်းရေးသားခြင်းသည် အနုပညာ ရပ်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံရေးသတင်းကို နေရာပေး၍ ဖော်ပြပုံသည် ဤအနုပညာရပ်၏ ထူးခြားပုံစံ တစ်မျိုးဖြစ်သည်။ နိုင်ငံရေးအဖြစ်အပျက်များ ဇာတ်ကြောင်း ပြန်ပြောပြနေသည့်ပုံစံကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာ၌‘ဘောင်’ ကို လေ့လာအသုံးချရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

ဘောင်များနှင့် ဘက်လိုက်မှုများ

ဘက်လိုက်မှုအကြောင်း မီးမောင်းထိုးပြရာ၌ အဓိပ္ပာယ် လွဲမှားအောင် တမင်သက်သက်လုပ်ကြံဖန်တီးမှုကိုလည်း လှစ်ဟပြသခဲ့ကြောင်း၊ ဤအပိုင်းတွင် မီဒီယာတင်ပြချက် အကြောင်းအရာကို သိနားလည်စေရန်အတွက် သဘော တရားရေး ဘက်လိုက်ခြင်းအပေါ် အလေးမထားဘဲ ‘ဘောင်’နှင့် ‘ဘောင်ခတ်ခြင်း’ကိုသာ လေ့လာသုံးသပ် အကဲဖြတ်ခြင်းက ပိုမိုထိရောက်သည်ဟူသော အယူအဆ ကိုတင်ပြထားကြောင်း ဖော်ပြထားပါသည်။

သမာသမတ်ကျမှု

ဟိုလီဆီမက်ကိုက “သမာသမတ်ကျမှု” ၊ “မျှတမှု” နှင့် စပ်လျဉ်း၍ ဤသို့သုံးသပ်သည်။ “သမာသမတ်ကျ” ရမည်ဆိုလျှင် ရရှိသည့်သတင်းဖြစ်ရပ်အပေါ် မည်ရွေ့ မည်မျှ ဖော်ပြရမည်ကို သတင်းတန်ဖိုးဖြင့် ဆုံးဖြတ်ရလိမ့် မည်။ သတင်းတန်ဖိုးဆိုသည်မှာ သတင်းဖြစ်ရပ်၏ အရေး ပါမှု၊ ထင်ရှားမှုအပေါ်အခြေခံ၍ ဆုံးဖြတ်ရသည်။ ‘မျှမျှ တတ’ ရှိရမည်ဆိုလျှင် သတင်းတန်ဖိုးကို အလေးမထား ဘဲ ပတ်သက်ရာပါတီအားလုံးကို တစ်ပြေးညီ အညီအမျှ နေရာပေးဖော်ပြရမည်ဟု ဆီမက်ကိုကဆိုကြောင်း ဖော်ပြသည်။

လူထုဆက်သွယ်ရေးမီဒီယာနှင့် နိုင်ငံရေး

နိုင်ငံရေးသမားများသည် မည်သည့်မီဒီယာနှင့် မည်ကဲ့ သို့ ချဉ်းကပ်အသုံးချရမည်ကို ပြင်ဆင်ထားသည်။ ၎င်း တို့သည် မီဒီယာနှင့်သင့်မြတ်အောင် စည်းရုံးလှုပ်ရှားနည်း နှင့် ချဉ်းကပ်နည်းများကို စီစဉ်ရေးဆွဲထားကြောင်း၊ ၎င်းတို့ ၏လှုပ်ရှားမှုအချိန်ဇယားကို မီဒီယာများ၏ နောက်ဆုံး အချိန် ကန့်သတ်ချက်နှင့်ကိုက်ညီစေရန် စီမံထားကြောင်း၊ ၎င်းတို့၏ ပြည်သူလူထု ဖျော်ဖြေရေးအစီအစဉ်မှာ ဖန်သားပြင်တွင် အမြင်လှစေရန်ဖြစ်ကြောင်း၊ ၎င်းတို့သည် လူကြိုက်များအောင်လုပ်ရေးဟူသော စီးပွားရေးလုပ်ငန်းထဲသို့ ရောက်ရှိနေကြောင်း၊ လူကြိုက်များမည့်အစီအစဉ် ကို ရုပ်လုံးဖော်နေကြောင်း၊ နိုင်ငံရေးသည် မီဒီယာနှင့် လိုက်လျောညီထွေအောင် တစ်နည်းဆိုရသော် မီဒီယာကို အသုံးချရန် အလုံးစုံ ပြင်ထားပြီးဖြစ်ကြောင်းကို စာ-၄၁ တွင် ဖော်ပြထားပါသည်။

မီဒီယာနှင့် ဩဇာအာဏာ

မက်ကွေး(၁၉၉၄)၏ အဆိုအရ ‘မီဒီယာမှာ ဩဇာအာဏာရှိသည်။ သို့အတွက် ထိုဩဇာ အာဏာကို မည်သူက အသုံးချနေသနည်း၊ မီဒီယာဩဇာ အာဏာကြောင့် မည်သူတွေ ကြီးပွားနေသနည်း၊ မည်သူတွေက မီဒီယာအာဏာကို ကိုင်တွယ်အသုံးပြုနေသနည်း ဟူသော အဓိကမေးခွန်းများ ပေါ်ပေါက်လာသည် ’ ဟု စောဒကတက်သည်။ (စာ-၈၃)

နိုင်ငံရေးနှင့် မီဒီယာဆက်ဆံရေး

နိုင်ငံရေးနှင့် မီဒီယာဆက်ဆံရေးသည်သြဇာအာဏာပေါ်တွင်မူတည်သည်။ ယင်းသြဇာအာဏာကို ရှုထောင့် နှစ်ရပ်ဖြင့် အကဲဖြတ်နိုင်သည်။ မီဒီယာကို သြဇာပေးခြင်း နှင့် မီဒီယာကသြဇာပေးခြင်း အမြင်နှစ်ရပ်ဖြစ်သည်။ အဘယ်သို့ပြသနည်း၊ အဘယ်သို့သောသတင်းနည်း သို့မဟုတ် မီဒီယာကြောင့် မည်သည်များပြောင်းသွား သနည်းကို သုံးသပ်ရန်ဖြစ်ကြောင်း စာ-၄၄ တွင် ဖော်ပြ ထားပါသည်။

လုပ်ငန်းစုံကော်ပိုရေးရှင်းကြီးများ၏ချုပ်ကိုင်မှု မီဒီယာသြဇာကြီးများနှင့် မီဒီယာပါဝါ

ဆရာရဲတင့်က ပြန်ဆိုတင်ပြရာတွင် မီဒီယာဩဇာရှင် ကြီးများနှင့် မီဒီယာပါဝါအကြောင်းမှာ လူထုဆက်သွယ်ရေး မီဒီယာလောကတွင် အသစ်ပေါက်ပွားလာသည့် မီဒီယာ ဩဇာရှင်ကြီးများ၏ အခန်းကဏ္ဍသည် အရေးပါ တွင်ကျယ်လာသည်။ ရူးပတ်မားဒေါ့၊ တက်တာနာ၊ ကွန်ရက်၊ ဘလက်နှင့် ဆီလ်ဗီယိုဘာလူစကိုနီတို့ကဲ့သို့ သော ပုဂ္ဂိုလ်များ၊ နယူးစ်ကော်ပိုရေးရှင်းနှင့် ဘာတယ်လ် စမန်းတို့ကဲ့သို့သော ကုမ္ပဏီကြီးများသည် မီဒီယာနယ်ပယ် တွင် အဓိကဆောင်ရွက်သူများအဖြစ် မကြာခဏ ပေါ်ပေါက်လာတတ်ကြောင်း စာ-၉၆ တွင် ဖော်ပြသည်။

ဘက်လိုက်မှုကင်းသည့်မီဒီယာ

ဘက်လိုက်ဖန်တီးထားသော မီဒီယာများကို အသုံးပြု မိသောပြည်သူများမှာ မမှန်မကန် သတင်းအချက်များ ကြောင့် လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုများကို အကြီးအကျယ် ထိခိုက်နစ်နာစေနိုင်ကြောင်း၊ လုပ်ကြံသတင်းများကို ယုံစားမိသူများသာမက ၎င်းတို့၏ နိုင်ငံရေးသမားများမှာ လည်း ထိခိုက်ရနိုင်ကြောင်း၊ ဖြစ်ပေါ်လာသော ဆိုးကျိုး သက်ရောက်မှုများအရ ဒီမိုကရေစီလူ့အဖွဲ့အစည်း အတွင်း ဘက်လိုက်မှုကင်းသည့်မီဒီယာသည် မရှိမဖြစ် လိုအပ်ပါကြောင်း ဆရာကြီးရဲတင့်က ဖော်ပြပြန်ဆိုထား ပါသည်။

အခြားလေ့လာစရာများ

ဤဆောင်းပါးတွင် စာအုပ်တစ်အုပ်လုံး၏ စိတ်ဝင် စားဖွယ်များ အပြည့်အစုံဖော်ပြရန် မဖြစ်နိုင်ပါ။ နိုင်ငံရေး နှင့် ဖျော်ဖြေရေး၊ မီဒီယာ၏ အကျိုးသက်ရောက်မှု၊ နိုင်ငံတော်ဝါဒဖြန့်မှု၊ လွတ်လပ်သောစာနယ်ဇင်း၊ ဒီမိုကရေစီ နှင့် မီဒီယာများအကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လေ့လာဖတ်ရှုစေချင်ပါသည်။ အမှောင်ခွင်း၍ အလင်းဆောင်ပါစေခင်ဗျား ... ။

နိဂုံး

တစ်ခေတ်တစ်ခါက ကြေးမုံသတင်းစာအယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့သော သတင်းစာဆရာကြီးရဲတင့်ကို စာဖတ်ပရိသတ်များက ယနေ့တိုင် မမေ့နိုင်ကြသေး။ ယခုလည်း ဆရာကြီးရဲတင့် စွဲမက်စရာ ပြန်ဆိုတင်ဆက် ထားသော မီဒီယာနိုင်ငံရေးစာအုပ်ကို လေ့လာဖတ်ရှုခြင်း ဖြင့် သတင်းမီဒီယာ ဗဟုသုတအဖြာဖြာရရှိနိုင်မည်

ဖြစ်ပါကြောင်း ...။ ။

ဦးဟန်ညွန့် (ဥပဒေ)