ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် မြို့ပိုင်မောင်ပြုံးချိုပါ”
“မြို့ပိုင်ခေတ်ကုန်သွားပြီမဟုတ်လားဆရာရဲ့”
“ဟုတ်ပါတယ်၊ ဒါပေမယ့် မရိုးမအီနိုင်တဲ့ဇာတ်လမ်း၊ မှတ်တမ်းတွေ ကျန်နေခဲ့တယ်လေ”
“ဆရာအပြောကြီးလှချည်လား”
“သြော်...ည၊ ဖတ်ကြည့်ပါဦးဗျာ”
ရှေ့နေတစ်ယောက်အနေဖြင့်
ရှေ့နေတစ်ယောက်အနေဖြင့် ဥပဒေစာအုပ်တွေ၊ အမှုတွဲတွေ၊ အဂတိတိုင်စာတွေနှင့် တာဝန်အရ နေ့စဉ်နပန်းလုံးနေရလေသည်။ တာဝန်ချိန်လွန်သည့်ခဏ၊ အားလပ်ချိန်ရသမျှတွင် ရသစာပေကို ဖတ်ရှုခံစားခြင်းဖြင့် အေးချမ်းမှုအနှစ်သာရ ရှာရပေသည်။
မြို့ပိုင်မောင်ပြုံးချိုဆိုတာ ဘယ်သူလဲ
မြို့ပိုင်မောင်ပြုံးချိုဆိုတာ ဘယ်သူလဲ။ ကျောင်းသားဘဝကပင် မိတ်ဆက်ခဲ့ရတာပါ။ မြို့ပိုင်မောင်ပြုံးချို၏ ပရိသတ်ပါ။ စာရေးဆရာကြီးမန်းတင်၏ ကိုယ်ပွားပါ။ စွဲလမ်းခဲ့ရသော ဇာတ်ကောင်ပါ။ အပြင်မှာ တကယ်ရှိတယ်ဟု ကျွန်တော်ယုံကြည်နေဆဲပါ။ ဤရွေ့ ဤမျှ၊ ဆရာကြီးမန်းတင်က ရေးပြနိုင်ခဲ့သည်ပါ။ စာဖတ်သူကိုဖမ်းစားနိုင်ခဲ့သည်ပါ။ အများအသိပါ။
ဒဂုန်တာရာ၏ အကဲဖြတ်ချက်
(၁)မောင်ပြုံးချိုသည် နုအက်တလီစာချုပ်ခေတ် (၁၉၄၅-၄၇) ရှိ မြို့ပိုင်ဖြစ်သည်။
(၂) မောင်ပြုံးချိုသည် လူထုလှုပ်ရှားမှုခေတ် မြို့ပိုင်ဖြစ်သည်။ လူထုကို အသေအချာ တွေ့မြင်သည်။ လူထုကို လျစ်လျူမရှု။
(၃) လူထုကို ဘယ်နေရာကမြင်သလဲ။ အပေါ်လှမ်းလှမ်းကစီး၍ ကြည့်သလား။ ရင်းရင်းနှီးနှီး လူထုကြားထဲရောနှော ဆက်ဆံပြီးကြည့်သလား။ လူထုကိုကြည့်ပြီး လေးစားသလား။ မထီမဲ့မြင်ပြုသလား။ လူထုကို သရော်သလားဟု စာရေးဆရာကြီး မန်းတင်အပေါ် စာရေးဆရာကြီး ဒဂုန်တာရာက ၁၈-၁၂-၁၉၄၈ ရက်စွဲဖြင့် အကဲဖြတ်ခဲ့ပါသည်။
မောင်ထင်၏အကဲဖြတ်ချက်
စာရေးဆရာကြီး မောင်ထင်ကမူ ၁၇-၆-၁၉၄၈ ရက်စွဲဖြင့် မန်းတင်သည် လူထုကို ခနဲ့ထားသည်မှန်၏။ ထို့ကြောင့် လူထုကလည်း မန်းတင်ကို ခဲနှင့်ပေါက်ချင်မည်မှာလည်း ဒိဋ္ဌပင်ဖြစ်၏။ သို့သော် သူခနဲ့ထားသော စကားလုံးတိုင်း၌ လူထုအတွက် စေတနာကောင်းများ ကိန်းဝပ်နေသည်ကိုလည်း လူထုက မိမိ၏မျက်ချေးတို့ကို ပွတ်ကြည့်လျှင် မြင်နိုင်ပေသည်။
သို့သော် မန်းတင်၏ထေ့လုံးများမှာ ပိဿာလေးနှင့်ဘေးပစ်သကဲ့သို့ မဟုတ်ပါ။ ယဉ်ယဉ်ကလေးနှင့် ထိလှပါသည်။ မန်းတင်အတွက်မူ ကျွန်ုပ်ဆောင်ပုဒ်တစ်ခုပေးချင်ပါသည်။ ယင်းမှာ-
“မှန်ရာပြော သစ္စာ မှန်ရာ လုပ် အလုပ်ပြုတ်” ဟု စာရေးဆရာကြီး မန်းတင်အပေါ် အကဲဖြတ်ခဲ့ပေသည်။
မောင်ပြုံးချိုကို ဖန်တီးခြင်း
မောင်ပြုံးချိုကို ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်သို့ရောက်စအချိန်က စတင်ဖန်တီးခဲ့ကြောင်း၊ မောင်ပြုံးချိုအား ဇာတ်ဆောင်ပြု၍ ပထမဆုံးရေးသားခဲ့သည့်စာများမှာ ၁၉၃၇ ခုနှစ်ထုတ် ဒဂုန်မဂ္ဂဇင်း၊ တက္ကသိုလ်ကဏ္ဍများတွင်ပါဝင်သည့် ‘ထီ’ နှင့် ‘ကုလားဆန်ပြုတ်’ တို့ဖြစ်ကြောင်း၊ ထိုစာများကို ဆောင်းပါးဟုခေါ်မည်လား၊ ဝတ္ထုဟုခေါ်မည်လား။ မည်သို့ခေါ်ရမည် မသိ။ အချို့က ဆောင်းပါးလည်းမမည်။ ဝတ္ထုလည်းမဟုတ်ဟု ဆိုကြသည်။
၁၉၄၁ ခုနှစ်တွင် မောင်ပြုံးချိုသည် ကျူတာပေါက်စ။ သို့ဖြစ်၍ ကျူတာပေါက်စ မောင်ပြုံးချို။
အရှေ့တောင်အာရှ စစ်မီးစသောအချိန်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းချိန်။ အုပ်ချုပ်ရေးဘက်သို့ ကူးပြောင်းရောက်ရှိ။ ထို့ကြောင့် မောင်ပြုံးချိုမြို့ပိုင်ဖြစ်လာသည်။ ထိုအကြောင်းကို ၁၉၄၅ ခုနှစ်တွင်ရေးသားခဲ့သည်။ ထို့နောက် ဂျာနယ်ကျော်ခေတ်။
ဤသို့ဖြင့် မောင်ပြုံးချို ဖြစ်ခဲ့ပေသည်။
လေးစားရိုသေမှု
ကျွန်တော်က ဥပဒေဝန်ထမ်း၊ အုပ်ချုပ်ရေးတာဝန်နှင့် ဆက်စပ်နေသောတာဝန်။ ပြီးတော့ စာပေလေ့လာသူ၊ စာရေးဆရာ၊ သတင်းစာဆရာ။ ထို့ကြောင့် ဆရာကြီး မန်းတင်နှင့်ဆုံခဲ့၊ တွေ့ခဲ့ရသည်။ ဆရာကြီးက တိုင်းမင်းကြီး။ ထို့နောက် သံအမတ်ကြီး။ စာပေလုပ်သားဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီဝင်။ စာပေလုပ်သားဥက္ကဋ္ဌ တာဝန်ထမ်းချိန်တွင် ပို၍ ကျွန်တော်တွေ့ရ ဆုံရ။ ဆရာကြီးကိုကြည်ညိုရင်းစွဲဖြင့် လုပ်ငန်းဆက်စပ်မှုလည်းရှိ၍ လေးစားရိုသေမှု အထူးပြုခဲ့သည်။ ဆရာကြီးရေးသော စာအုပ်တွေကိုဖြင့် ဘယ်တော့မှလက်မလွတ်။
စာအုပ်စင်မှ ကြယ်တစ်ပွင့်
ကျွန်တော်၏နေအိမ် မိသားစုစာအုပ်စင်မှ ဆရာကြီး မန်းတင်၏ “မြို့ပိုင်မောင်ပြုံးချို” စာအုပ်သည် ကြယ်တစ်ပွင့်ဖြစ်ပါသည်။ ရန်ကုန် ပါရမီစာပေက ၂၀ဝ၁ ခုနှစ်မှ ထုတ်ဝေခဲ့သည်။ မည်မျှကြာကြာဖတ်၍ မရိုးပါ။ မအီပါ။ ထိုစာအုပ်မာတိကာအရ စာ ၄၂ ပုဒ်ပါရှိသည်။ဤဘဝသို့ မောင်ပြုံးချို၊ အင်းပုံပြင်၊ တရားပွဲ၊ သတိပေးခဲ့သူ၊ မြန်မာ့တော်လှန်ရေး၊ သမိုင်း၊ သင်္ကနြ်၊ ငိုသူရယ်သူ၊ ဝါးရင်းတုတ်၊ ရွေးကောက်ပွဲ၊ လကဆုန်၊ သူတို့အစွဲ၊ လျှောက်လဲချက်။ တောလား၊ သတင်းဆိုး၊ အဘမီးထွန်းပွဲ၊ ရေဘေး၊ ကယ်ဆယ်ရေး၊ စစ်ပွဲ၊ လူထုသူကြီး၊ အဖြီးလောက၊ နွေဦး၊ အိမ်သာ၊ တထိတ်ထိတ်၊ တို့ကျေးရွာ၊ ဘယ်ကျောင်းမောင်နေမတုံး၊ ကျွန်းကလေး တံတား၊ မစလ၊ အစွမ်းကုန်ခေတ်၊ အခွာ၊ အရှောင်၊ အပုန်း၊ အစွန့်၊ အနား၊ အပြန်၊ ကျွေးတိုင်းစားသော်၊ မြေနု၊ မိုးဦး၊ ညီညွတ်ရေး၊ အမဲသား၊ သကြားလုံးနှင့်ကြိမ်လုံးတို့ ဖြစ်ပါသည်။
ကောက်နုတ်ချက်အကြိုက်ဆုံး
အားလုံးကြိုက်နှစ်သက်ပါသည်။ သို့သော်လည်း အားလုံးထဲက ကျွန်တော်အကြိုက်ဆုံးများကို ကောက်နုတ်တင်ဆက်ပါရစေ။
လျှောက်လဲချက် (အကြိုက်ဆုံး-၁)
မောင်ပြုံးချိုကား အမှုစစ်၍မပြီးသေး။ နောက်ဆုံးအရက်ချက်မှုတစ်မှု ကျန်နေသေးသည်။ တရားခံအား စွဲချက်တစ်ရာအပြစ်မရှိဟု ထုချေသည်။ တရားခံအဖြစ်ဖြင့် မေးခွန်းများထုတ်ပြီး စီရင်ချက်ချမှတ်လေ၏။ တရားခံအားတင်ထားသော စွဲချက်အရ အပြစ်ပေးရန်သာရှိတော့လေရာ ဒဏ်ငွေငါးဆယ်၊ မဆောင်ထောင်တစ်လကျခံစေဟု မောင်ပြုံးချိုက စီရင်ချက်ဖတ်ပြလေသည်။
တရားခံက ထိုင်ရာ မှ ငေါက်ခနဲထပြီး “ကျွန်တော့်ကိုမလွှတ်ဘူးလားဗျာ” ဟု မေးလေသည်။
“မင်းကိုယ်တိုင်ဝန်ခံနေပြီပဲဟာ”
“ဒီလိုဝန်ခံပြီး လွှတ်ထိုက်ပါတယ်ဗျာ”
“ဥပဒေအတိုင်း အပြစ်ပေးရမှာ”
“ဒီလိုဆိုရင် အတော်မတရားတာပဲ”
“ဘာပြုလို့လဲ”
“ဓားပြမှုတို့၊ ဒီထက်ကြီးတဲ့အမှုတွေကျတော့ သေနတ်အကျိုးအပဲ့လေးတွေနဲ့ လက်နက်ချ ဝင်တယ်ဆိုရင် လွှတ်ပါတယ်။ ကျွန်တော့်ကိုတော့ ဘာမဟုတ်တဲ့အရက်ချက်မှုနဲ့ ဝန်ခံပြီး အဖမ်းခံတော့ မလွှတ်နိုင်တော့ဘူးလားခင်ဗျာ” ဟု ပြောလိုက်လေသည်။
မောင်ပြုံးချို အဖြေမပေးတတ်။ အတန်ကြာမှ “ ဟေး၊ ဟိုဟာက တစ်မျိုးပဲကွ” ဟုဆိုလျက် မျက်နှာလွှဲကာ အခန်းထဲသို့ ဝင်သွားလေသတည်း။
သတင်းဆိုး (အကြိုက်ဆုံး-၂)
မိုးသည် တဖွဲဖွဲရွာသွန်းလျက်ရှိလေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ညနေစောင်း အချိန်ဖြစ်သည်။ မောင်ပြုံးချို၏အိမ်တွင် ပြည်သူ့ဆက်ဆံရေးဌာနက ပေးထားသော ရေဒီယိုကို စတင်ဖွင့်လေပြီ။ ပထမဓာတ်ပြားဖွင့်ပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကုန်ခရိုင်ရာဇဝတ်တရားသူကြီး ဦးဘသွယ်၏နေဝင်မီးငြိမ်းအမိန့်ကို ဖတ်ကြားလေသည်။ မောင်ပြုံးချို ခေါင်းကြီးသွားလေသည်။
“အင်း-ရန်ကုန်မှာတော့ တစ်ခုခုဖြစ်ပြီ” ဟုမောင်ပြုံးချိုက ဆိုသည်။
“တိုင်းသူပြည်သားတို့အား မြန်မာပြည်ဘုရင်ခံမင်းကြီးက ကြေညာရမည်မှာ ယနေ့နံနက် ၁၀ နာရီတွင် လက်နက်စွဲကိုင်သော လူတစ်စုက ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက်ရာ ဦးအောင်ဆန်းနှင့်တကွ အခြားဝန်ကြီးငါးဦး သေဆုံးသွားကြောင်း” မောင်ပြုံးချိုပင်လျှင် ဟုတ်မှဟုတ်ပါမည်လောဟု သံသယဖြစ်နေသေးသည်။
“မဟုတ်ပါစေနဲ့” ဟူ၍လည်း အတွင်းက ကျိတ်၍ ဆုတောင်းမိသည်။
သကြားလုံးနှင့် ကြိမ်လုံး (အကြိုက်ဆုံး-၃)
အိမ်သို့ရောက်လျှင် သားသမီးတွေက “ဖေဖေဘာပါလဲ” ဟူသောစကားဖြင့် ဆီးကြိုကြလေသည်။ “ငြိမ်းချမ်းရေးသကြားလုံးတွေပါတယ်” ဟု ပြောပြောဆိုဆို မောင်ပြုံးချိုသည် သကြားလုံးထုပ်ကလေးများကို နှိုက်ယူလိုက်ပြီးနောက် ကလေးတွေကို တစ်ထုပ်စီပေးလိုက်ရာ ဆူနေရာမှ ချက်ချင်းငြိမ်သွားကြ၏။
“ဟေ့...ကိုယ့်သကြားလုံးတွေက တယ်ဟုတ်တာပဲ။ ဆူနေတဲ့ကလေးတွေ ချက်ချင်းငြိမ်သွားတာပဲ” ဟုမောင်ပြုံးချိုက သူ့ဇနီးကို လှမ်း၍ပြောလိုက်လေသည်။
စကားမဆုံးသေးမီ ပွက်လောရိုက်လာပြန်လေသည်။ နှစ်ထုပ်ပေးလို့မငြိမ်ရင် သုံးထုပ်၊ သုံးထုပ်ပေးလို့ မငြိမ်ရင် လေးထုပ်ထပ်ပေးရမလား။
“ဟယ်...သကြားလုံးတွေ ကုန်ပါပကောလား၊ ဒီသကြားလုံးတွေ နောက်ထပ်ဆယ်ထုပ်ပေးလည်း တိတ်ကြမှာ မဟုတ်ပါဘူး၊ အထုပ်တစ်ရာပေးလည်း ဆူနေကြမှာပါပဲ”
“ဒါဖြင့် ဘယ်လိုလုပ်မလဲ”
“ရော့...ရော့ ဟောဒါကလေး ခပ်စပ်စပ်ကျွေးလိုက်စမ်းပါ” တင်မကြီးသည် အနီးရှိကြိမ်လုံးကို ဆွဲယူကာ မောင်ပြုံးချိုလက်ထဲသို့ အပ်လိုက်လေသတည်း။
နိဂုံး
(၁) စာရေးဆရာကြီး မန်းတင်ရေးသားသော မြို့ပိုင်မောင်ပြုံးချို၏ ဘဝမှတ်တမ်း၊ ဇာတ်လမ်းများကား စွဲမက်ဖွယ်ရာ၊ ရင်ခုန်ဖွယ်ရာ၊ စေတနာဝေဖြာစရာ၊ ခံစားမှုအသွယ်သွယ်ကို ပေးစွမ်းနိုင်ကြပေသည်။
(၂) စာဖတ်ပရိသတ်များ ဆက်လက်ရှာဖွေ ဖတ်ရှုခံစားနိုင်ကြပါစေကြောင်း။
ကြေးမုံ