ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် မြန်မာ့မျက်ပွင့်တဲ့”

“ဟာ- လှလိုက်တဲ့ စကားလုံးကလေးနော်”

“အေးဗျာ၊ စာရေးဆရာကြီး ဇေယျရေးခဲ့တာ၊ ဘယ်လောက်အရေးကြီးပြီး ဘယ်လောက်သိသင့်၊ ဖတ်သင့်သလဲဆိုတာ လက်တွေ့ရေးပြပါရစေ၊ ကျွန်တော်နဲ့ အတူတူဖတ်ကြည့်ကြစို့”

လူ့ဓလေ့

လူ့ဓလေ့သည် လူနှင့်ဓလေ့ကို ပေါင်းစပ်ခေါ်ဝေါ် ခြင်းဖြစ်သည်။ စာတစ်လုံးချင်း စိတ်ထဲဖြာကြည့်လျှင်

- လူ- man; homo sapiens; male

-ဓလေ့ - custom; tradition

ဟု(မြန်မာအင်္ဂလိပ်အဘိဓာန်ဖွင့်ဆိုချက်) တွင် မြင်ရသည်။ စာရေးဆရာကြီး ဇေယျက မြန်မာ့မျက်ပွင့်(လူ့ဓလေ့) ကို ရေးခဲ့ခြင်းဖြစ်သည်။

မာတိကာ

မြန်မာ့မျက်ပွင့် (ဒုတိယအကြိမ်၊ ၂၀၁၀ ပြည့်နှစ်၊ ရာပြည့်စာအုပ်တိုက်) မာတိကာ၌ -အမျိုးသား အတ္ထုပ္ပတ္တိအဘိဓာန်၊ အင်ရုံဝန်ကြီး၊ မင်းခေါင်နော်ရထာ၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မွန်၊ ပထမခေတ်သစ် ဗမာ၊ ဤငါးဦး၊ ယောမင်းကြီးနှင့် ရှိတ်စပီးယား၊ စုံနံ့သာမြိုင်ဦးကြော့၊ ဦးရွှေဇံအောင်၊ စစ်ကဲကြီး ဦးရွှေနော်၊ စပါယ်ပင်ဦးလတ်နှင့် မှော်ဘီဆရာသိန်းကြီး၊ ဦးရွှေကြူး၊ ဆရာရော၊ ဦးပြုံးချိုနှင့် ဆရာသိန်းကြီး၊ ပီမိုးနင်းနှင့် ရွှေလရောင်၊ တဂိုး၊ စာပြင်ဆရာဦးဘချိုနိဂုံး၊ ဆရာကြီးဦးဝေတို့ ပါဝင်သည်။

အချီးနိဒါန်း

ဤဆောင်းပါးများကို ၁၉၄၅ မှ ၁၉၅၇ အတွင်း အစိုးရရာထူးတာဝန် ထမ်းဆောင်နေစဉ် ကြိုးကြားကြိုးကြားဖြင့် ဆရာကြီးဇေယျရေးခဲ့ခြင်း ဖြစ်သည်။ မြန်မာ့မျက်ပွင့်ဆိုတာ ဘာလဲ။

အင်္ဂလိပ်ဘာသာကို အထင်ကြီးပြီး မြန်မာဘာသာကို အထင်သေးခဲ့ပုံအကြောင်း ဆရာကြီးဇေယျက ထောက်ပြသည်။ ပြင်သစ်ပြည်မှ နပိုလီယန်နှင့် အင်္ဂလန်ပြည်မှ နဲလ်ဆင်တို့အကြောင်းကို လွမ်းလောက်အောင် စာဖွဲ့၍ ပြောနိုင်ကြသော်လည်း မြန်မာပြည်မှ မင်းကြီးရန်နောင်နှင့် မဟာသီလဝတို့ အကြောင်းကိုမူကား ကြားဖူးသူပင် မရှိသလောက် ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ချောကလက်နှင့် ထန်းလျက်

နိုင်ငံခြားမှလာသော ချောကလက်သည် မည်မျှပင်အဖိုးတန်၍ မည်မျှကောင်းလှပါသည်ဟု ဆိုစေကာမူ တကယ့်အရေးဆိုသော် မြန်မာများအဖို့ မြန်မာပြည်ထွက် ထန်းလျက်ဖြူခဲလောက် ချိုမည်မဟုတ်ချေ။

မြန်မာဆိုတာဘယ်သူလဲ။ မြန်မာ့အခြေအမြစ်သည် ဘာလဲ။ မြန်မာ့စိတ်ဓာတ်ဆိုတာ ဘယ်အရာလဲ။ ဤအချက်များကို ခွဲခြားသိမြင်မှ မြန်မာ့အရင်းအမြစ်ကို နားလည်မည်။

မြန်မာဆိုတာ ဘယ်သူလဲဟု သိချင်၍ မြို့ကြီးများတွင် ရှာဖွေစုံစမ်းရာ ဒံပေါက်ထမင်းနှင့် ငါးပိကြော်ကိုသာတွေ့ရ၍ ငါးပိရည်နှင့် ကန်စွန်းရွက်ပြုတ်ကိုတွေ့နိုင်သော ရွာကလေးများသို့ ပြန်ခဲ့ရလေသည်ဟု ဆရာကြီးဇေယျက ဖွင့်ဟခဲ့လေသည်။

မြန်မာ့မျက်ပွင့်

မြန်မာစကား၌ ချစ်မငြီး၊ ရှုမငြီး၊ မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်မြတ်နိုးအပ်သော အရာများကို မျက်ရှု၊ မျက်နှစ်၊ မျက်ပွင့်ဟု ခေါ်ဆိုကြ၏။ မြန်မာတို့ချစ်အပ်၊ မြတ်နိုးအပ်သော မြန်မာ့မျက်ပွင့်များဖြစ်၏။ ဤအကြောင်းအရာများကို တင်ပြလိုက်ရပါ၏။

 အမျိုးသားအတ္ထုပ္ပတ္တိအဘိဓာန်

အေ မှ ဇက် အထိ သူတို့လူမျိုး မှတ်လောက်သားလောက် ပုဂ္ဂိုလ်တွေ၏ အမည်နာမတွေ၊ သူတို့အတ္ထုပ္ပတ္တိဟူသရွေ့ အကုန်အစင်ပါရှိ၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀ဝ၀ ကျော်လောက်ကစပြီး ယခုအထိ မြတ်နိုးအပ်သော၊ မမေ့အပ်သော ပုဂ္ဂိုလ်တွေ အကုန်ပါ၏။

ကျွန်ုပ်တို့မြန်မာလူမျိုးမှာကား ထိုသို့သော စကားများကို စိတ်၌သာ အမှတ်အသားထားကြ၍ စာဖြင့်ရေးမှတ်ထားသော အလေ့အထ နည်းပါးချေသည်။ ဦးကုလား၊ မှန်နန်း၊ တွင်းသင်း၊ မုံရွေးစသော ရာဇဝင်များ၌လည်းကောင်း၊ ရာဇောဝါဒ၊ မဏိရတနာပုံ၊ စွယ်စုံကျော်ထင်၊ ကဝိလက္ခဏာဒီပနီစသော ကျမ်းများ၌လည်းကောင်း၊ အခြားအလားတူ ကျမ်းများ၌လည်းကောင်း များစွာပင်ရှိပေသည်။ ကျွန်ုပ်တို့ စူးစမ်းရှာဖွေ၍ စနစ်တကျ စီစဉ်မှတ်သားကြမည်ဆိုလျှင် ကျွန်ုပ်တို့မြန်မာအမျိုးသား အတ္ထုပ္ပတ္တိအဘိဓာန်ကြီးတစ်ခုကောင်းစွာ ရရှိနိုင်ပေမည်တဲ့။

အင်ရုံဝန်ကြီး

ဟံသာဝတီရောက် မင်းတရားလက်ထက် နိုင်ငံလူထုပျော်ပါးမှု၊ ဇိမ်ခံမှုကြောင့် ပျက်စီးရပုံကို ရေးပြသည်။

အင်ရုံဝန်ကြီးက အင်းဝမင်း၏သစ္စာကို ခံပြီးဖြစ်သည့် တစ်ပါးသူ၏ အမှုကို ထမ်း၍မဖြစ်။ သူ့လက်တွင်ရောက်နေရာ အမှုထမ်းရန် ငြင်းပယ်သည်မှာ သာမန်သတ္တိမျိုး၊ သာမန်သစ္စာတည်ကြည်မှုမျိုး မဟုတ်ပေ။ သတ်လိုလျှင်သတ်၊ သစ္စာမဖောက်ဘူးဟု အသက်ကိုစွန့်ရဲသော အာဇာနည်စိတ် ဖြစ်လေသည်။ ဤသို့ ရဲရဲဝံ့ဝံ့ ငြင်းပယ်သည်ကို ဟံသာဝတီမင်းသည် အမျက်မထား၊ အတင်းမခိုင်း၊ အင်ရုံဝန်ကြီး၏သဘောအရ မထမ်းမရွက်ဘဲ နေခွင့်ပြုပေသည်။ ဟံသာဝတီရှင်ဘုရင် ဇနက်ပလာ ဆင်မှူးငသာအောင် သစ္စာဖောက်သလောက် အင်ရုံဝန်ကြီးသည် သစ္စာတည်မြဲလေသည်။ သစ္စာဖောက်နှင့်သစ္စာရှိ မျက်နှာချင်းဆိုင်ကြသောအခန်းပင်တည်း။ (စာ - ၃၄)

မယုံသင်္ကာစိတ်

မယုံသင်္ကာစိတ်သည် အထူးပင်ကြောက်စရာ ကောင်းလှပေ၏။ ထိုအကြောင်းကို -

မယုံသင်္ကာစိတ်ကြောင့် မမျှော်လင့်သော အရေးကြီးအခင်းကြီးများ ဖြစ်ခဲ့ရပုံမှာ အလောင်းမင်းတရားကြီး၊ စစ်သူကြီး မင်းခေါင်နော်ရထာနှင့် စစ်သူကြီး မင်းလှနော်ရထာတို့သည် တစ်ဦးကိုတစ်ဦး အသက်ပေး၍ ချစ်ကြည်လေးစားကြသည်။

သို့ပါလျက် သားတော်မြေဒူးမင်းသည် ယိမ်းနွဲ့ပါးဓားတော်ကို အတင်းသိမ်းယူ၊ တပ်များဆုတ်ခွာရာ လမ်းတစ်လျှောက် မြေဒူးမင်းက နောက်တပ်များအား ရိက္ခာမထောက်ရဟု တားမြစ်၊ မင်းခေါင်နော်ရထာက မြေဒူးမင်းအပေါ် မယုံသင်္ကာဖြစ်။ ဤသနစ်က မယုံသင်္ကာဖြစ်ခြင်းကြောင့် အရေးအခင်းကြီး ပေါ်ခဲ့ရလေသည်။ (စာ-၄၇)

အပြုမှား၍ အထင်မှားရပုံ၊ သံသယမှ ဝမ်းနည်းစရာဖြစ်ရပုံ၊ အင်းဝကို တိုက်ခိုက်သိမ်းယူပုံများ ကျွန်တော်ကြေကွဲစွာဖတ်ရသည်။ သမိုင်းသံဝေဂရသည်။ စာရှုသူများ မြင်နိုင်ကြပါစေ။

ပထမခေတ်သစ်

ဗမာဘကြီးတော်ဘုရားလက်ထက်က ထင်ရှားသော မက္ခရာမင်းသားကြီးသည် ပထမဆုံး ခေတ်သစ်မြန်မာဖြစ်သည်။ မြဝတီမင်းကြီးဦးစသည် ဒုတိယခေတ်သစ်မြန်မာဖြစ်သည်။ (စာ-၇၂)

ဤငါးဦး

(၁) မက္ခရာမင်းသားကြီး

(၂) မြဝတီမင်းကြီးဦးစ

(၃) ကနောင်မင်းသားကြီး

(၄) ယောမင်းကြီးဦးဖိုးလှိုင်

(၅)ကင်းဝန်မင်းကြီးဦးကောင်း

(မြန်မာနိုင်ငံတော်သားတို့ တိုးတက်ကြီးပွားရာ ကြီးပွားကြောင်းကို ရှေ့ဆောင်ဦးတည် ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးငါးဦးဖြစ်ကြောင်း ထူးထူးခြားခြား မားမားမတ်မတ် တွေ့မြင်ရသည်။ (စာ - ၈၁)

ယနေ့ လူငယ်များအပါအဝင် ကျွန်တော်တို့ဆောင်းပါးရှင်တို့ပါ သတိမမေ့၊ ရာဇဝင်တွေ့စေပြီး မှတ်စုမှတ်ရာ မော်ကွန်းတင်သင့်ပါသည်။

အင်္ဂလန်တွင် ရှိတ်စပီးယား၊ ကရောင်းမဝဲ၊ ဖရန်စစ်ဘေကွန်၊ ဂျွန်ဘရိုက်၊ ဂျိမ်းဝပ် စသည်တို့၏ အတ္ထုပ္ပတ္တိများ မကုန်နိုင်အောင် ရေးသားကြသည်။ တရုတ်ပြည်၊ အိန္ဒိယပြည်တွင်လည်း သူ့သမိုင်း သူရေးကြသည်။ မြန်မာပြည်၌ကား ဂုဏ်ယူထိုက်သော ပုဂ္ဂိုလ်ကြီးများအကြောင်း ဟုတ်ဟုတ်ညားညား စာစောင်တစ်စောင်တလေမျှ မတွေ့ရသေး။ (စာ-၉၄)

စုံနံ့သာမြိုင်ဦးကြော့ “စုံနံ့သာမြိုင် ရဂုံတွင်းပေမို့၊ ထုံသင်းငယ်ကြိုင်၊ ဂနိုင်ဟေမ၊ နွေအစ၊ ရွေမျာ့ကလျာ၊ ဟိုခင်ရှောက်ပါလို့၊ လင်ပျောက်ကိုရှာခဲ့” အစချီသော စုံနံ့သာမြိုင်ရှာပုံတော်ကြီးကို စပ်ဆိုခဲ့သော ဦးကြော့၊ မြန်မာပညာရှိ ဦးရွှေဇံအောင်၊ စစ်ကဲကြီး ဦးရွှေနော်၊ စပါယ်ပင်ဦးလတ်နှင့် မှော်ဘီဆရာသိန်းကြီး၊ ဦးရွှေကြူး၊ ဆရာရောတို့ အကြောင်းများကို အံ့မခန်း လေးစားကြည်ညိုဖွယ်ရာ၊ မြန်မာ့အရည်အသွေး၊ မြန်မာ့အဆီအနှစ်ပညာကျော်၊ ပညာမော်တို့၏ အတ္ထုပ္ပတ္တိများကို ဆရာကြီးဇေယျက ရေးသားခဲ့ပါသည်။

စာရေးဆရာအတုအယောင်

စာရေးဆရာအတုအယောင်ဝေဖန်ချက်ကို ထောက်ခံခြင်းအကြောင်း။ ဆရာကြီး ဦးပြုံးချိုက အတတ်ပညာအခြေအမြစ်မရှိဘဲ နာမည်ကြီးမှုလောက်သာ ပဓာနထား၍ စည်းမဲ့ကမ်းမဲ့ ပြုမူနေကြသော စာရေးဆရာ အတုအယောင်များကြောင့် တကယ်တတ်စွမ်း နားလည်ကြသော စာရေးဆရာအစစ်အမှန်များ အထင်အမြင် သေးခြင်းခံရမည့်ဘေးကို မြင်သဖြင့် ထိုခေတ်က ဆရာတု၊ ဆရာယောင်များအား ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားလိုက်လေသည်။ (စာ-၁၈၅)

သခင်ကိုယ်တော်မှိုင်း

သခင်ကိုယ်တော်မှိုင်းကြီးသည်သူ့စာကို မမေးစမ်းဘဲ အပြင်မခံချေ။ အသက်လေးဆယ်ကျော်လောက်ကစ၍ ယခုထိ စာရေးလျှင် အက္ခရာ ပုဒ်၊ ပါဒ်၊ အဖြတ်အရပ်ပါရာ ဖြတ်ပုံ၊ ပုဒ်ချပုံ၊ စပိတ်ထိုးပုံမှစ၍ တစ်လုံးမကျန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရေးပေးလေ့ရှိသည်။ လက်ရေးမူများမှာ စာစီထားသလောက်ပင် စနစ်ကျလှပေသည်။ ထို့ကြောင့် ပုံနှိပ်တိုက်သို့ အပ်သည့်အခါ ပုံနှိပ်တိုက်စာပြင်ဆရာက ဘာတစ်ခုမျှ ပြုပြင်ပေးရန်မလို။ စာစီသမားလက်ထဲ အပ်လိုက်ရုံသာရှိပေသည်။ (စာ- ၂၁၇)

ဒီးဒုတ်ဦးဘချို၏ စိန်ဘယက်

ခင်တုတ်ဈေးကပြန်လာ၊ အိုစာနေသော မိန်းမတစ်ယောက်နှင့်တွေ့။ မမှတ်မိ။ အသေအချာကြည့်မှ ဆင့်ဆင့်ဖြစ်နေ။ ဘာဖြစ်တာလဲမေး။ အိုစာလိုက်တာ။ မမာလို့လား။ ရုတ်တရက် ပြန်မပြောနိုင်။ မျက်ရည်တွေကျ။ သုံးနှစ်ကျော်လောက်က စိန်လည်ကပ် ငှားမိသည့်အကြောင်း ပြန်ပြော။ ပျောက်၍ မသိအောင် တိတ်တဆိတ်ငွေချေး။ အစားဝယ်ပေး။ ချေးငွေအတွက် အတိုးအရင်းကို သုံးနှစ်လုံးလုံး အဆင်းရဲခံ၍ လုပ်ကိုင်ပေးဆပ်ခဲ့ရ။ ကိုယ်စိတ်နွမ်းရိ။ ခင်တုတ်မှာ မျက်စိပြူး။

“ညည်းတကယ် စိန်ကို ဝယ်ထည့်လိုက်သလား”

“ဟုတ်ပါတယ်။ ၁၅၀ဝ ကျပ် ပေးရပါတယ်”

“အမယ်လေး၊ ဖြစ်မှ ဖြစ်ရလေဟယ်”

“ဘာဖြစ်လို့ ဟိုတုန်းက ငါ့ကိုမပြောသလဲ။ ညည်းကိုငှားလိုက်တာ စိန်အစစ်မဟုတ်ဘူး။ ဓားပြတိုက်မှာစိုးလို့ အတုဝယ်ထားတာ။ အားလုံးမှ ခြောက်ဆယ်လောက်ပဲ တန်တယ်။ ညည်းကံပဲအေ၊ ညည်းငါ့ကို မပြောတာ မှားတာပဲ။ ညည်းစိန်လည်ကပ်ရှိသေးတယ်။ ငါပြန်ပေးမယ်။ လိုက်ခဲ့ပေတော့” ဟု ခေါ်သွား၊ ပြန်ပေးလိုက်လေ၏။

စိန်ရွှေဂုဏ်ပွား၊ လူအများသည်

ယူငှားဆင်ယင်၊ မဆင်ခြင်က

ထို့သွင်ဖြစ်တတ်၊ သတိချပ်တဲ့။

 အလွန်မှတ်သားဖွယ်၊ သင်ခန်းစာယူဖွယ် ဇာတ်လမ်း ဖြစ်ပေသည်။

ရှေ့နေတစ်ယောက်အနေနှင့် ဥပဒေစာအုပ်များ၊ စီရင်ထုံးများ၊ အမှုတွဲများကို နေ့စဉ် ပွားများလေ့လာ ဖတ်ရှုရပါ၏။ စိတ်မောရသည့်အခါမော၊ ဒေါသဖြစ်ရသည့်အခါဖြစ်၊ ကြိတ်မှိတ်ခံစားရသည့်အခါမျိုး မကြာခဏ ကြုံတွေ့ရပေသည်။

ယခုကဲ့သို့ ဆရာကြီးဇေယျ၏ မြန်မာ့မျက်ပွင့်အား ဖတ်ရှုလေ့လာခွင့်ရသောကြောင့် ငါသည် မြန်မာ၊ ငါသည် မြန်မာ့စိတ်ရင်း၊ ငါသည် မြန်မာ့သမိုင်းပါတကားဟူ၍ စဉ်းစားပွားများ အကျိုးများလှပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

ကြေးမုံ