ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း “ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် နေပျော်အောင်မြင် ပါတဲ့”

“ဘဝမှာနေပျော်ရမယ်။ အောင်မြင်ရမယ်။ တန်ဖိုးရှိ အောင် နေတတ်ရမယ်။ နေနိုင်ရမယ်"

"အလွန်ကြီးကျယ်တဲ့ ကျယ်လောင်တဲ့ ကြွေးကြော် သံတွေပါလားဆရာ”

“အေးဗျာ..ဆက်ဖတ်ပြီး သုံးသပ်ဆုံးဖြတ်ကြည့်တော့ပေါ့”

ဘဝသခင်

“နေပျော်အောင်မြင် ဘဝသခင်..တဲ့။ စာအုပ်အမည် ကလေးက စွဲမက်စရာပါ။ စုစည်း ပြန်ဆိုသူက အိမ်ကြီးမောင်ပါ။ စိတ်ကူးချိုချိုစာပေက ထုတ်ဝေတာပါ။ ထုတ်ဝေသည့်နှစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ။

မာတိကာ

ဆောင်းပါး ၂၈ ပုဒ် ပါရှိသည်။ ဘဝမှာ နေပျော်စေဖို့၊ စည်းမျဉ်း (၁)၊ (၂)၊ (၃) ရိုးရှင်းတဲ့နည်းလမ်း(၃)ခု၊ တစ်ယောက်တည်း အထီးကျန်နေသလား။ ပင်လယ်ကမ်းခြေက သရဲတိုက်၊ သက်ရောက်မှုများ၊ နေပျော်အောင် နေထိုင်နည်း၊ လူဆိုတာ၊ စိတ်ညစ်နေသလား။ ဘယ်သူ အပျော်ဆုံးလဲ။ အတိတ်ကိုထားခဲ့လိုက်ပါ။ မိတ်သဟာယ ဖွဲ့ပါ။ ဘဝဆိုတာတိုက်ပွဲပါ။ အခက်အခဲဆိုတာ လမ်းပြသူ တွေပါ။ မင်းလုပ်နိုင်ပါတယ်။ တန်ဖိုးအစစ်အမှန်ကို သိနား လည်ပါ။ မိမိကိုယ်သာ အားကိုးပါ။ သင်စိတ်ဓာတ်ကျနေ ပြီလား။ ပျော်ရွှင်မှုဆိုတာ စစ်မှန်တဲ့ပျော်ရွှင်မှု။ မနက်ဖြန်မှာ အားလုံးအဆင်ပြေသွားမှာပါ။ အောင်မြင်မှုနဲ့ ကြောက်စိတ်၊ ငွေကြေးနဲ့ပျော်ရွှင်မှု၊ မလိုအပ်ဘဲ တောင်းပန်နေ သလား၊ အမှားကိုပြင်ပါ။ ပျော်ပျော်နေကြပါစို့ တို့ဖြစ်သည်။

ရှေ့နေဘာတွေဖတ်

ကျွန်တော်သည် ရှေ့နေတစ်ယောက်ဖြစ်သည်။ နေ့စဉ် အမှုလိုက်ရသည်။ ရာဇဝတ်မှု၊ တရားမမှုစသည်။ ရှေ့နေ ရုံးခန်းဖွင့်ထားသည်။ အမှုသည်မျိုးစုံလာသည်။ သူတို့ အမှုတွေ ကြားနာရသည်။ နားထောင်ရသည်။ နားထောင်ရုံနှင့်မရ၍ မှတ်စုရေးမှတ်။ စာအုပ်ထဲမှာ မှတ်တမ်းတင်။ ပြန်ပြော။ အတည်ပြုချက်ယူ။ လက်မှတ်ထိုးထား။ ဥပဒေ ပြဋ္ဌာန်းချက်များနှင့် တိုက်ဆိုင်စိစစ်။ စီရင်ထုံးများနှင့် ရည်ညွှန်း။ အလွန်စိတ်ရှည်ရသောအလုပ်။ လူတွေ အကြောင်း နားလည်ပေးရသော အလုပ်။

လူငယ်ရှေ့နေများ

လူငယ်ရှေ့နေများနှင့်တွေ့။ သူတို့မေးခွန်းတွေဖြေ။ စုံနေတာပါပဲ။ လူငယ်တွေက စာသိပ်မဖတ်ချင်။ အသင့် ခူးပြီးခပ်ပြီးမှ လိုချင်ကြသည်။ ဥပဒေပုဒ်မတွေချည်း ပြောနေလျှင်လည်း သူတို့ နားမလည်။ ထိုအခါ ဘဝကို အရှုံးပေးချင်ကြသည်။ ဘဝသည် နေပျော်သည်။ အောင်မြင်မှုတွေနဲ့ ပြည့်ဝနေမည်။ နေပျော်အောင်မြင် ဘဝသခင်လို စာအုပ်မျိုးကို နမူနာပေးဖတ်စေသည်။ ပြုစုသူ အိမ်ကြီးမောင် ၏စေတနာ။ မူရင်းပြုစုရေးသားသူ Damrong Pinkoon ၏ ရည်ရွယ်ချက်။ မူရင်းစာအုပ် Happiness through your eyes ၏ ဆိုလိုရင်းကို သိစေလိုသည်။

အောင်မြင်မှုရဖို့ဘာလုပ်ရမှန်းမသိ

အောင်မြင်မှုရဖို့ ဘာလုပ်ရမလဲ။ ဘာလုပ်ရမှန်း မသိဘူးတဲ့။

တွေးခေါ်နိုင်စွမ်းပြည့်စုံရင် လိုချင်တဲ့ အောင်မြင်မှု ရတယ်ဆိုတာ မမေ့ပါနဲ့။

ပထမဆုံးနေ့

နေ့ရက်တိုင်းဟာ ဘဝရဲ့ ပထမဆုံးနေ့။ ဒီလိုဆိုရင် ပျော်ရွှင်မယ်။

လူ့ဘဝထဲ စတင်ရောက်တဲ့နေ့ဟာ ပျော်စရာဖြစ်တယ်။ မိတ်ဆွေသစ်တွေနဲ့ စတင်တွေ့ဆုံရတဲ့ နေ့ဟာ ပျော်စရာ ဖြစ်တယ်။ သားသမီးစတင်ရတဲ့နေ့ဟာ ပျော်စရာဖြစ်တယ်။

နေ့ရက်တိုင်းကို ဘဝရဲ့ ပထမဆုံးနေ့လို့ သဘောထား မယ်ဆိုရင် ပျော်စရာအတိ ဖြစ်နေလိမ့်မယ်။ (စာ-၈)

ခက်ခဲတဲ့ပုစ္ဆာတွေ လုပ်မထားရဘူး

ဒါကြောင့် ဘဝကို ပျော်ရွှင်ဖြတ်သန်းချင်ရင် ခက်ခဲတဲ့ ပုစ္ဆာတွေ လုပ်မထားရပါဘူး။ ပျော်ရွှင်မှုဆိုတာ သူတစ်ပါး ထဲက ရယူရတာ မဟုတ်ပါဘူး။ ကိုယ်တိုင်ပျော်ဖို့ ကိုယ် တိုင်ဖန်တီးယူရတာပါ။

ရာထူးအဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ ငွေကြေး၊ ကျော် ကြားမှုတွေနဲ့ ဘဝကိုတည်ဆောက်ထားသူအဖို့ ဝန်လေး ပင်ပန်းနေရလိမ့်မယ်။ ရိုးသားဖြောင့်မတ်ခြင်းနဲ့ဘဝကို တည်ဆောက်ထားသူဆိုရင် ပေါ့ပါးရလိမ့်မယ်။ ပေါ့ပါးသူဟာ ဘဝကိုသက်သောင့်သက်သာ ဖြတ်သန်းရလိမ့်မယ်။ ဒါကြောင့် တပ်မက်တွယ်တာမှုတွေ လျော့ပါးအောင် လုပ်ဆောင်ပါ။ အစားအသောက်ချေးမများသူ၊ အပူအပင်ကင်းကင်းနဲ့ အိပ်စက်နိုင်သူ၊ အဆင့်အတန်းမခွဲဘဲ ဆက်ဆံတတ်သူ၊ အုပ်စုအားမကိုးတတ်သူတွေအဖို့ စိတ်ဖိစီးခံရမှုမရှိတာ သေချာပါတယ်။ ရာထူး၊ ငွေကြေး၊ ဂုဏ်သိက္ခာ၊ ကျော်ကြားမှုတွေနဲ့ ဘဝကို တည်ဆောက်ထားသူအဖို့ ဘဝတစ်လျှောက်လုံး အဲဒီဝန်ထုပ်ကြီးကို သယ်ဆောင်နေရတာကြောင့် လေးလံပင်ပန်းနေရလိမ့်မယ်။ တောင့်တမှုများလေ ပိုမိုပင်ပန်းရလေ။ သင်ဆုပ်ကိုင်ထားတာမှန်သမျှ သံယောဇဉ်နှောင်ကြိုးတွေသာ ဖြစ်နေလိမ့်မယ်။ သံယောဇဉ်များလာလေလေ၊ ဝန်ထုပ်ဝန်ပိုး ကြီးမားလာလေလေပါပဲ။ ဘဝမှာ ဝန်ထုပ်ကြီးရွက်ပြီး သွားလာနေရသူအဖို့ ပင်ပန်းနေတာ ကြောင့် ပျော်ရွှင်နိုင်ဖို့ မလွယ်ကူပါဘူး။ (စာ-၁၀)

အောင်မြင်မှုနှင့်ကြောက်စိတ်

ကြောက်တဲ့စိတ်က အောင်မြင်ချင်သူတွေအတွက် ချည့်နဲ့စေတဲ့ အချက်ပဲ။

ကြောက်စိတ်ကို ကျော်လွှားနိုင်ရမယ်ဆိုတဲ့ ယုံကြည်မှု နဲ့တိုက်ဖျက်ပယ်ရှားပြီးတုံ့နှေးနေတဲ့ သင့်ရဲ့ အောင်မြင်ရေး ခရီးစဉ်ကို ပိုမိုခရီးပေါက်နိုင်ပါစေလို့ ဆရာအိမ်ကြီးမောင် က ရေးထားပါသည်။  (စာ-၆၂)

ဒေါက်တာလှမြင့်

အောင်မြင်မှုနှင့် ကြောက်စိတ်အကြောင်း တွေးရင်းရေးရင်း၊ ပါမောက္ခ ဒေါက်တာလှမြင့်ကို ကျွန်တော်သတိရ၊ လွမ်းဆွတ်မိသည်။ ဒေါက်တာလှမြင့်ကို ၁၉၉၀ ပြည့်နှစ်က ဧရာဝတီတိုင်း ဟင်္သာတမြို့ မှာ စတင်တွေ့ရှိခဲ့သည်။ ထိုစဉ်က ဆရာကြီးက ဟင်္သာတစက်မှုသိပ္ပံ ကျောင်းအုပ် ကြီးပါ။ ကျွန်တော်က ဟင်္သာတခရိုင် ဥပဒေအရာရှိဖြစ်ပါ သည်။ စက်မှုသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် စံနမူနာပြ ကြိုးစားလုပ်ဆောင်ပုံတွေကို ကျွန်တော်မြင်တွေ့အားကျပြီး ကျွန်တော်၏သားများကိုပင် ဆရာကြီးလို ကြိုးစားဖို့ စက်မှုကျောင်းသားအဖြစ် ဆရာကြီးထံ အပ်နှံခဲ့သေးသည်။ ဆရာကြီးက အလုပ်နှင့် ပတ်သက်လျှင် ကြောက်စိတ်မရှိ။ ကြိုးစား၏။ ထို့ကြောင့် အောင်မြင်၏။

၁၉၉၈ မှာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ ဆရာကြီးတာဝန်ဖြင့် ပြောင်းရွှေ့သွားကြောင်း အဝေးမှကျွန်တော်သတင်းစကား ကြားသိရပါသည်။ အဆိုပါတက္ကသိုလ်မှာ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့တွေရသည်။ ၂၀၁၀ မှာ သက်ပြည့်အငြိမ်းစားယူပြီး ကျွမ်းကျင်သူ ပညာရှင် ပါမောက္ခအဖြစ်တာဝန်ထမ်း၊ သုတေသနစာတမ်းတွေ ဖတ်နေဆဲ။ မယုံကြည်နိုင်လောက်အောင် ပြည်တွင်း ပြည်ပဘာသာရေးဆိုင်ရာ ကြိုးပမ်းမှုအောင်မြင်မှုတွေရနေကြောင်း ကြားရ၍ ကြောက်စိတ်ဖယ်ပြီး အောင်မြင်မှု ယူခဲ့သူတစ်ဦးအဖြစ် အားကျမှတ်တမ်းပြုပါသည်။ “အလုပ်တစ်ခုလုပ်လျှင် ဖြစ်ပါ့မလား” ဟု ကြောက်စိတ် လွန်ကဲတတ်သော ကျွန်တော်၏သားများ၊ တပည့်ရှေ့နေများအား ဆရာကြီးဒေါက်တာလှမြင့်၏ ဘဝအောင်မြင်မှုကို နမူနာပြ၍ ဆုံးမနေရဆဲဖြစ်ပါသည်။ ဆရာကြီးနှင့် ပြန်တွေ့မှ ရှေးဟောင်းနှောင်းဖြစ်တွေ၊ သူ့အတွေ့အကြုံ တွေ မေးရဦးမည်။ ဆရာကြီးနှင့် မတွေ့ရတာ အနှစ် ၂၀နီးပါးရှိပြီ။

ဘဝဆိုတာ တိုက်ပွဲပါ

သင် မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့အရာတွေက တကယ်တမ်း သင်လုပ်နိုင်ခဲ့တာဆိုတာ သတိရပါ။ (စာ-၄၀)

ပျော်ရွှင်မှုဆိုတာ

ပျော်ရွှင်မှုဆိုတာ ဘယ်ကဖြစ်လဲ။ ဘယ်လိုနေရင် သင်ပျော်ရွှင်မလဲ။ အရာအားလုံးက သင့်ကို ပျော်ရွှင်စေတာလား။ အလုပ်၊ ငွေ သို့မဟုတ် မိသားစုက ပျော်ရွှင်စေတာလား။ အလုပ်နောက်လိုက်ရင်း မိသားစုကို ပစ်ပယ်ထားသလို ဖြစ်နေတာကို ပျော်ရွှင်တာလား။ ငွေတွေရလာလို့ ပျော်ရွှင်မှုကို ဝယ်လို့ရလို့ ပျော်ရွှင်နေတာလား။ မိသားစုက သင့်ကို စိတ်ချမ်းသာအောင်ထားလို့ ပျော်ရွှင်တာလား။ သူတို့ရဲ့ အခက်အခဲတွေ မသိရလို့ ပျော်ရွှင်တာလား။ တကယ်တမ်းပြောရရင် ပျော်ရွှင်မှုဆိုတာ တခြားလူတွေကို ပျော်ရွှင်အောင် ကြိုးပမ်းအားထုတ်ရာမှ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ပစ္စည်းတစ်ခုသာ ဖြစ်ပါတယ်။ (စာ -၅၁) ဟု ပြုစုသူ အိမ်ကြီးမောင်က ရေးသားသည်။

သူများမျက်ရည်ကျ

သူတစ်ပါး မျက်ရည်ကျအောင် ကျွန်တော် မလုပ်ချင်ပါ။ သူတစ်ပါး မျက်ရည်ကျမှ ကျွန်တော် ထမင်းဝမည်ဆိုလျှင် ထိုထမင်း မစားချင်ပါ။ စားရလျှင်လည်း အရသာ ရှိမည်မဟုတ်ပါ။ သူတစ်ပါး ပျော်ရွှင်နေတာမြင်ရလျှင် ကျွန်တော်လည်း ပျော်ရွှင်တာပါပဲ။ ကျွန်တော့်တပည့် ကားဒရိုင်ဘာ (ယာဉ်မောင်း) မောင်ကြာဝတို့ လင်မယားက သူတို့ခြံထွက် သင်္ဘောသီးမှည့် နှစ်လုံးလာပို့သည်။ အဖေကြီး စားစေချင်လို့ပါ ... တဲ့။ သူ့ကလေးနှစ်ယောက်ကိုပင် မကျွေးဘဲ ဆရာသမားမိဘပမာ ကျွန်တော့်အား စားဦးစားဖျားလာကျွေးသည်။ မင်းတို့ပေးတဲ့ သင်္ဘောသီးက ချိုလိုက်တာကွာ ဟု ကျွန်တော်စားရင်း မောင်ကြာဝတို့ လင်မယား (ဇနီးမောင်နှံ) ကိုပြောသည်။ သူတို့မျက်နှာ ပြုံးရွှင်နေကြသည်။ ပျော်ရွှင်မှု အစစ်ဆိုတာ ဒါပဲလေ ... ။

နိဂုံး

(၁) ဘဝမှာ နေပျော်အောင်နေပါ။

(၂) အောင်မြင်မည် မုချပါ။

(၃) ဘဝသခင်ပင် ဖြစ်နိုင်ပါသည်ခင်ဗျာ။ ။