ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ရှေ့နေတစ်ဦး၏ အတတ်ပညာ” ပါတဲ့။
“ဟာ---ဆရာ့ဆောင်းပါးကလည်း ရှေ့နေစကားလုံးတွေချည်း ထပ်နေပါလား”
“အေးဗျာ၊ ရှေ့နေကိုးဗျ”
“ဘာကိုရည်ရွယ်ပါသလဲဆရာ”
“ဖတ်ကြည့်ကြစို့”
ရှေ့နေတစ်ဦး၏အတတ်ပညာ (The Art of a Lawyer)
စာအုပ်အမည်မှာ ‘ရှေ့နေတစ်ဦး၏အတတ်ပညာ’ (The Art of a Lawyer) ဖြစ်ပါသည်။ ဘာသာပြန်သူမှာ ဆရာကြီး ဦးဗကြိုင်(B.A.B.L) ဖြစ်ပါသည်။ ဦးဗကြိုင်သည် ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး(ငြိမ်း) ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန (ယခင်) အချိန်ပိုင်း ပါမောက္ခတစ်ဦးလည်း ဖြစ်ပါသည်။ ထို့ပြင် စာရေးသူ(ဆောင်းပါးရှင်) ၏ ကျေးဇူးရှင်ဆရာကြီးလည်း ဖြစ်ပေသည်။ ကျွန်တော်တို့ ဥပဒေဝန်ထမ်း အလုပ်သင်ဘဝကတည်းက ဥပဒေလောကသို့ မိတ်ဆက်ကြိုဆိုခဲ့သော ဆရာကြီးတစ်ဦးလည်း ဖြစ်ပါသည်။ တရားရေးဝန်ထမ်းနှင့် ဥပဒေဝန်ထမ်း အတွေ့အကြုံကြွယ်ဝပြီး စာအုပ်အများအပြားပြုစုရေးသားသူလည်း ဖြစ်ပါသည်။
စာရေးသူ၏အမှာ
မူရင်းအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော The Art of a Lawyer ဥပဒေပညာပေးစာအုပ်ကို ရှေ့နေတစ်ဦး၏ အတတ်ပညာဟု ဆရာကြီး ဦးဗကြိုင်က ဘာသာပြန်ဆိုခဲ့သည်။ နိုင်ငံရပ်ခြား ဥပဒေပညာရှင်များ၊ အင်္ဂလန်နိုင်ငံ (တရားရေးဝန်ကြီး အငြိမ်းစားများ နှင့် တရားလွှတ်တော် ရှေ့နေကြီးများ)နှင့် အိန္ဒိယနိုင်ငံ (အငြိမ်းစားတရားဝန်ကြီးများနှင့် တရားလွှတ်တော် ရှေ့နေကြီးများ) ရေးသားထားသည့် ဆောင်းပါးများကို စုစည်းတင်ပြထားခြင်း ဖြစ်သည်။ B.Malik; M.A; LL.B, Barrister at Law ကတည်းဖြတ်၍ ၁၉၅၇ ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကိုဆရာကြီး ဦးဗကြိုင်က ဘာသာပြန်ဆိုခြင်းဖြစ်သည်။
Bench and Bar
ရှေ့နေများသည် အမှုသည်များ၏ အကျိုးကိုသာ ကာကွယ်စောင့်ရှောက်ရခြင်းသာမကဘဲ တရားရုံးအား အမှန်တရား ရှာဖွေဆုံးဖြတ်ရာတွင် အထောက်အကူပြုရသော တရားရုံး၏ အရာရှိဟုလည်း သတ်မှတ်ပါကြောင်း၊ ရှေ့နေများစုဝေးရာနေရာ (Bar) နှင့် တရားသူကြီးများရုံးထိုင်ရာ ခုံရုံး (Bench) တို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ကူညီဆောင်ရွက်မှုတို့ကို ပြုလုပ်နိုင်ကြမှသာလျှင် အမှန်တရားရှာဖွေရာတွင် လွယ်ကူချောမောမည် ဖြစ်ပါကြောင်း၊ တရားသူကြီးများအနေဖြင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲတင်ပြသော ဥပဒေများကို အလေးထား၍ သုံးသပ်ရပါကြောင်း ဆရာကြီး ဦးဗကြိုင်က ရေးသားတင်ပြထားပါသည်။
အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ အပါအဝင် ဒီမိုကရေစီနိုင်ငံကြီးများတွင် ရိုးသားဖြောင့်မတ်ပြီး ဥပဒေအရာတွင် အထူးတတ်ကျွမ်းသော၊ ဝါရင့်သော ရှေ့နေကြီးများကို တရားလွှတ်တော် (High Court) နှင့် တရားလွှတ်တော်ချုပ် (Supreme Court) တို့၌ တရားဝန်ကြီး၊ တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း တရားလွှတ်တော် ရှေ့နေအချို့ကို တရားလွှတ်တော်တရားသူကြီးချုပ် (ဥပမာ-ဒေါက်တာမောင်မောင်)၊ တရား လွှတ်တော် တရားသူကြီးများ (ဥပမာ-ဒေါက်တာ ဧမောင်၊ ဦးသန့်စင်၊ ဦးသန်းအောင်၊ ဦးအေးမောင်၊ ဦးမွန်စံလှိုင်) အစရှိသော ပုဂ္ဂိုလ်တို့ကို ခန့်အပ်ခဲ့ဖူးကြောင်း လေ့လာသိရှိနိုင်ပါသည်။ ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလျက်ရှိရာ ရှေ့ကာလအဖို့တွင် ရိုးသားဖြောင့်မတ်ပြီး ဥပဒေပညာ အရာတွင် ထင်ပေါ်သော ဝါရင့်လွှတ်တော်ရှေ့နေကြီးများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်နယ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များတွင် တရားဝန်ကြီးများအဖြစ် ပိုမိုခန့်ထားလာနိုင်ဖွယ် ရှိသည်ဟု မျှော်လင့်ရကြောင်းကိုပါ စာရေးသူ၏အမှာတွင် ဖော်ပြရေးသားခဲ့ပါသည်။
မာတိကာ
အကြောင်းအရာ (၃၄)ပုဒ်ကို အောက်ပါအတိုင်း တင်ပြထားပါသည် -
၁။ လျှောက်လဲတင်ပြမှု အတတ်ပညာနှင့်စပ်လျဉ်း၍ မြင်တွေ့မှုအချို့။
၂။ အဖွင့်လျှောက်လဲချက်။
၃။ တရားရုံးတော်တွင် အမှုတစ်မှု မည်သို့လျှောက်လဲရခြင်း။
၄။ ဥပဒေကို လက်တွေ့လေ့လာကျင့်သုံးခြင်း။
၅။ ရိုးသားဖြောင့်မတ်သော ရှေ့နေ။
၆။ သိပ္ပံနည်းကျစွဲဆောင်၍ လျှောက်လဲတင်ပြခြင်း။
၇။ တရားရုံးနှင့် တရားရုံးရှေ့တွင် ပြုမူရမည့် အပြုအမူများ။
၈။ တရားရုံးရှေ့တွင် ပြုလုပ်သော ရယ်ရွှင်ဖွယ်။
၉။ သင်၏အမှုအောင်နိုင်ရေးအတွက် မည်သို့ ဆောင်ရွက်ရမည်နည်း။
၁၀။ အယူခံမှုတွင် မည်သို့လျှောက်လဲတင်ပြရမည်နည်း။
၁၁။ အမှုတစ်မှုကို လေ့လာပြင်ဆင်ခြင်း။
၁၂။ တရားစီရင်ထုံးများကို ရည်ညွှန်းကိုးကားရန် နည်းလမ်း။
၁၃။ တရားမ မူလမှုများကို မည်သို့ပြင်ဆင်ရမည်နည်း။
၁၄။ အမှုများ အောင်နိုင်ရေးအတတ်ပညာ။
၁၅။ တရားလွှတ်တော်ရှေ့နေတစ်ဦးထံမှ ကျွန်ုပ်သည် ဘာကိုမျှော်လင့်ရမည်နည်း။
၁၆။ အမှုသည်များနှင့် တွေ့ဆုံဆွေးနွေးခြင်း။
၁၇။ အယူခံမှုများတွင် လျှောက်လဲတင်ပြရန် နည်းလမ်း။
၁၈။ လျှောက်လဲတင်ပြမှုအတတ်။
၁၉။ ပြန်လှန်စစ်မေးခြင်းနည်းလမ်း။
၂၀။ အမှုတစ်မှုကို မည်သို့လေ့လာရမည်နည်း။
၂၁။ ရှေ့နေကောင်းတစ်ဦးဖြစ်အောင် မည်သို့ ဆောင်ရွက်ရမည်နည်း။
၂၂။ အယူခံတရားရုံးမှ ကျွန်ုပ်ဘာကို မျှော်လင့်နိုင်ပါသလဲ။
၂၃။ ဥပဒေနှင့် ရှေ့နေများ။
၂၄။ အမှုတစ်မှုကို ပြင်ဆင်ဆောင်ရွက်ခြင်း။
၂၅။ တရားလွှတ်တော်ရှေ့နေတစ်ဦးထံမှ ကျွန်ုပ်ဘာကိုမျှော်လင့်ပါသလဲ။
၂၆။ မှန်ကန်စွာ ဆုံးဖြတ်သော တရားသူကြီး။
၂၇။ ပြန်လှန်စစ်မေးခြင်း။
၂၈။ အမှုသာဓကများကို တင်ပြရန်နည်းလမ်း။
၂၉။ ရှေ့နေ၏လုပ်ငန်းတာဝန် (၅) ရပ်။
၃၀။ ရှေ့နေတစ်ဦးထံမှ ဘာကိုမျှော်လင့်နိုင်ပါသလဲ။
၃၁။ အပြီးသတ်လျှောက်လဲတင်ပြခြင်း။
၃၂။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အပြုအမူ။
၃၃။ The Just Judge
၃၄။ မြန်မာနိုင်ငံစီရင်ထုံး ကောက်နုတ်ချက်။
ကောက်နုတ်တင်ပြချက်
အကြောင်းအရာ ၃၄ ပုဒ်စလုံးမှာ လက်တွေ့တရားခွင်ဘဝအတွက် လွန်စွာတန်ဖိုးကြီးလှသော အတတ်ပညာများဖြစ်ပေသည်။ The Just Judge ဆောင်း ပါးစာတမ်းတွင် THE JUDGES MUST BE INDEPENDENT ဟု အလေးအနက်ရေးထားသည်။ တရားစီရင်ရေး၏ အဓိကခွန်အား ဖြစ်ပေသည်။ ထို့ပြင် တရားသူကြီးတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အရည်အချင်း တစ်ချက်ချင်း အကြောင်းကိုပါ ဖော်ပြထားပေသည်။ တရားသူကြီးတိုင်း လက်မလွတ်တမ်း ဖတ်ရှုကျင့်သုံး လိုက်နာသင့်ပေသည်။ ဆောင်းပါးရှင် နှစ်သက်သမျ ှကောက်နုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။
အမှုတစ်မှုကို ပြင်ဆင်ဆောင်ရွက်ခြင်း
တရားခွင်သို့မရောက်မီ စီမံဆောင်ရွက်မှု၊ အမှုအောင်မြင်ရန် ကြိုတင်ပြင်ဆင်မှုများကို ဖော်ပြထား သေးသည်။ ဉာဏ်ရည်ထက်မြက်သော နည်းဗျူဟာဖြင့် လျှောက်လဲတင်ပြခြင်း၊ မေးမြန်းခြင်းများ မည်သို့ကြိုတင်ပြင်ဆင်မည်လဲ၊ တရားသူကြီး လက်ခံအောင် ဘယ်လိုလုပ်ရမည်လဲ၊ ပြိုင်ဘက်အမှုသည်၏ အင်အားကို လျှော့မတွက်ဖို့ သတိပြု။
ရှေ့နေ၏ လုပ်ငန်းတာဝန်(၅)ရပ် (The Five Functions of the Lawyer)
(၁) ဥပဒေသိရမည်။
(၂) ခုခံလျှောက်လဲတတ်ရမည်။
(၃) လေ့လာမှု ပြည့်ဝထားရမည်။
(၄) ဉာဏ်ရည်ထက်မြက် လေးနက်ရမည်။
(၅) ပြည်သူ့အရာရှိ ပီသရမည်ဟု ဖော်ပြထားသည့် အခြားဖတ်ရှုမှတ်သားစရာများကို ဆက်လက်လေ့လာ ဖတ်ရှုကြစေလိုပါသည်။
ရှေ့နေတစ်ဦး၏ အတတ်ပညာ
ရှေ့နေတစ်ဦး၏ အားနည်းမှုကြောင့် နိုင်သင့်သော အမှုဖြစ်ပါလျက် ရှုံးနိမ့်သွားတတ်ပုံ၊ ရေရှည် အောင်မြင်မှုရဖို့ ဘာတွေလုပ်ရမလဲ စသည်များ၊ ရှေ့နေတစ်ဦး၏ အတတ်ပညာကို ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ ရှေ့နေတစ်ဦးတတ်ကျွမ်းသင့်သော အတတ်ပညာများကား များပြားလှပါဘိ။
နိဂုံး
ဆရာကြီး ဦးဗကြိုင်၏ စာအုပ်ကိုဖတ်ပြီး ရှေ့နေတစ်ဦး ပီသစေသော အတတ်ပညာများ တိုးပွားရရှိလာမည်ဟု ယုံကြည်မိပါကြောင်း တင်ပြအပ်ပါသည်။
ကြေးမုံ