ဦးဟန်ညွန့်(ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ချင်းတွင်းပါတဲ့”
“ဘာအဓိပ္ပာယ်လဲဆရာ”
“ဖတ်ကြည့်ကြစို့”
ချင်းတွင်း
ချင်းတွင်းက စစ်ကိုင်းတိုင်းဒေသကြီးထဲကပါ။ ချင်းတွင်းစာပေခရီးကို စာရေးဆရာချစ်စံဝင်းဦးဆောင်ပြီး သွားခဲ့ဖူးပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့်ကပါ။ ခရီးစဉ်တစ်လျှောက်၊ မြစ်ရိုးတစ်လျှောက် တွေ့သမျှမြို့တွေဝင်၊ စာအုပ်တွေလှူ၊ စာပေဟောပြောပွဲတွေလုပ်။ ခန္တီးအထိသွား၊ တိုင်းရင်းသားများနှင့်တွေ့။ ထိုစဉ်က စစ်တိုင်းမှူးကလည်း အကူအညီပေး။ သဲသောင်ပြင်တွေမှာ စာပေဟောပြောပွဲတွေလုပ်။ ကျေးလက်တောရွာ။ ဘုန်းကြီးကျောင်းတွေမှာ ညအိပ်။ ရွာသူ ရွာသားတွေနှင့် ရင်းရင်းနှီးနှီးတွေ့။ သူတို့ဆီက ဒေသန္တရဗဟုသုတတွေ ယူခဲ့ဖူးသည်များကို ယနေ့တိုင် မမေ့နိုင်ပါ။
မဂ္ဂဇင်း
မဂ္ဂဇင်းစာအုပ်အမည်က ချင်းတွင်း အမှတ်(၉၁) ရောက်ပြီ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွက် ထုတ်ဝေ သည့်စာအုပ်။ အတိုင်ပင်ခံ အယ်ဒီတာကိုတာ။ အယ်ဒီတာ ဒေါက်တာမြင့်ဇော်နှင့် ဉာဏ်သာဇော်။ မုံရွေးစာအုပ် တိုက်က ထုတ်ဝေဖြန့်ချိသည်။
မာတိကာ
သည်လစကား။ ကဗျာမောင်လင်းကြည်။ ပုသိမ် မောင်ရွှေမူ၊ မှူးနေဝန်း၊ ဒုဒ္ဓ၊ နေမျိုးတို့ ပါဝင်သည်။ နှစ်ပါးသွား ခေါင်းစဉ်အောက်တွင် ကိုတာ၊ ဆောင်းပါးတွင် ဒေါက်တာတင်အောင်၊ ကျွန်း၊ စောလူ၊ မယ်မွှေးတို့ ပါဝင်ရေးသည်။ ယဉ်ကျေးမှုကဏ္ဍတွင် ထုံးစံအတိုင်း မြဝင်း(ဒဿန)၊ မှတ်စုတွင် ဘသန်း(ဓမ္မိက)။ သိပ္ပံ မောင်မြတ်ထင်။ ရသစာတမ်းတွင် ဝေယံဘုန်း၊ အေးမင်းစောနှင့် မိုဘူး၊ ဘာသာပြန်ဝတ္ထု အောင်ဖြိုး၊ ဘာသာပြန်စာအုပ် သင့်လူ ဖတ်စရာစာအုပ်တွေမှာကေး၊ အထူးကဏ္ဍ သိပ္ပံမောင်ဝ ဖြစ်သည်။
စာမူရှင်တွေထဲမှာ ထင်ရှားသူပါသလို ကြိုးစားသူတွေပါသည်။ နာမည်မကြီးသေး။ သို့ဖြစ်၍ ကျွန်တော် စွဲလမ်းစွာ ရှာဖွေဖတ်ရှုတာပါ။ ကိုယ်တိုင်လည်း ဒီဘဝကလာခဲ့တာပဲ။ စာပေလောက ကြယ်တစ်ပွင့်ဖြစ်ဖို့ လွယ်မှတ်လို့ ...။
ငြိမ်းချမ်းရေး
နှလုံးသားမှာ ငြိမ်းချမ်းမှုရှိရင် အိမ်မှာ ငြိမ်းချမ်းပါလိမ့်မယ်။ အိမ်မှာ ငြိမ်းချမ်းရင် အိမ်နီးနားချင်း ရပ်ရွာအတွင်း ငြိမ်းချမ်းပါလိမ့်မယ်။ ရပ်ရွာငြိမ်းချမ်းရင် နိုင်ငံလည်း ငြိမ်းချမ်းပါလိမ့်မယ်။ နိုင်ငံငြိမ်းချမ်းရင် ကမ္ဘာလည်း ငြိမ်း ချမ်းပါလိမ့်မယ်---တဲ့။ ကြားရပြန်ပါပြီ ငြိမ်းချမ်းရေး။
ကျွန်တော်တို့ နှလုံးသားတွေမှာ ငြိမ်းချမ်းမှုရှိကြပြီ လားဗျာ။
မောင်လင်းကြည်
မောင်လင်းကြည်၏ နိဗ္ဗန္ဒကဗျာစာသားအားလုံးကိုတော့ ကျွန်တော် မမှတ်မိ။
“အင်တိုင်းတောမှ ဥဩညိုမြ၊
ခွန်းချိုသသော်၊ တောရ ပျော်တို့ မျက်ရည်စို့သည်။
လွမ်းလို့လေလား ဝိုးတဝါး--------” ဟူသော စာပိုဒ်ကိုကျွန်တော်ဖတ်ပြီး ကျွန်တော်လည်း မျက်ရည် စို့မိသည်။ ပြီးတော့ ဥဩသံကို ကြားမိသလိုခံစားရ သည်။ ဥဩညိုမြ ခွန်းချိုသသည့် နေ့ရက်များကို ကျွန်တော်ကြိုဆိုချင်သည်။ နေ့စဉ်ဆိုသလိုပေါ့။ ကျန်ကဗျာများလည်း ကောင်းပါသည်။ ခံစားချက်နှင့် အလျဉ်းသင့်သလို ရေးပါမည်။
နေမျိုး
နေမျိုး၏ မိုးဘွဲ့( စကားပြေကဗျာ) ကိုဖတ်ရသည်။ “ချစ်ခြင်းမေတ္တာဖြင့် တခစ်ခစ်ရယ်မောစေအံ့။ ချစ်ချင်းမေတ္တာဖြင့် တစ်ကိုယ်တည်း ရှိနေချိန်တွင် အနီးအပါး၌ ရှိနေဘိသကဲ့သို့ ထင်မှတ်စေအံ့။
ညဉ့်ယံ၌ လျောင်းစက်လျှင် ကောင်းသောအိပ်မက်ကို မြင်မက်စေအံ့။ ငုံသောပန်းသည်ဖူး၍ ဖူးသောပန်းသည်ပွင့်ကာ ပွင့် သောပန်းသည် မွှေးပျံ့စေအံ့။”
လေပြည် ပြတင်းပေါက်ကိုဖြတ်၍ခန်းဆီးစကိုလှုပ်စေ”ကာ အတိုင်းမသိ ဝမ်းမြောက်စကားကို ဆိုဘိသို့ နိုးထစေအံ့။
ကဗျာအစအဆုံး မဖော်ပြနိုင်သော်ငြား ကျွန်တော် ချစ်ခြင်းမေတ္တာကို စွဲလမ်းမိသည်။ အိပ်မက် မက်မိသည်။ ပန်းတွေကလည်း မွှေးနေသည်။ ခန်းဆီးစကလေး လှုပ်”နေသည်ကို ကျွန်တော်မြင်ရသည်။
ဥပဒေစာအုပ်၊ ပုဒ်ထီး၊ ပုဒ်မ ကျမ်းစာအုပ်တွေအကြား လောဘ၊ ဒေါသ၊ မောဟ တိုင်စာများအကြား နေ့စဉ် နစ်မွန်းသော ဝေဒနာပျောက်၍ ချင်းတွင်းဆရာဝန်က ကုသပေးဘိအလား ခံစားရသည်။ ကျေးဇူးတင်သည် ချင်းတွင်းခင်ဗျား။
ဒေါက်တာတင်အောင်
ဒေါက်တာ တင်အောင်၏ဆောင်းပါးမှာ မှတ်သားဖွယ် အောက်တိုဘာ အရေးအခင်းအကြောင်းက ဤသို့ပါ
- ၁၉၅၂ စာသင်နှစ်မှာ ကျောင်းပိတ်ရက်လဝက်လျှော့
- ကျောင်းသားထု မကျေနပ်
- တစ်ခဲနက် ဆန္ဒပြ ဆူပူကြ
- အင်းဝဆောင်ရှေ့ စုဝေးကြ
- နှောင်ကြိုးမဲ့ အင်းဝဟူသော ဆိုင်းဘုတ်ကိုကျောင်းသားများ ချိတ်ဆွဲကြ
- ရဲတွေ တက္ကသိုလ်နယ်မြေထဲဝင်လာ
- ကျောင်းသားထု မကျေနပ်၊ ရဲကို ခဲနှင့်ပေါက်
- တက္ကသိုလ်အာဏာပိုင်ကို ဆန့်ကျင်ရာ၌ ဒေါက်တာတင်အောင်ပါခဲ့(ဝင်၍ခဲနှင့်ပစ်ခဲ့)
ဆရာခကဒေါက်တာတင်အောင်ကိုပြောခဲ့သောစကား ဆောင်းပါးတစ်စောင်ကို အင်္ဂလိပ်လို ဒေါက်တာ တင်အောင်က ရေးထားသည်(စာ-၄၅)
Don't worry, our students aren't rude or reckless. They won't harm us. No way” ပါတဲ့။
တက္ကသိုလ်ကျောင်းသားများ၏စိတ်ဓာတ်။ မှန်တယ်ထင်ရင် ကျောင်းသားနှင့် ဆရာ လက်တွဲ ပါဝင်ခဲ့ကြောင်း သူတို့ခေတ်က လွမ်းစရာရေးထားသော “ကျွန်တော် ရန်ကုန်တက္ကသိုလ်ကျောင်းသား” ဆောင်းပါး စွဲမက်စွာ၊ ရင်နင့်စွာ ဖတ်ရသည်။ တက္ကသိုလ် နှစ်တစ်ရာ အထိမ်း အမှတ်ပေတကား။
ဖတ်စရာများ
လက်မဆေးသော ဆရာဝန်များ၊ မယ်မွှေးနှင့် ဗိုလ်ချုပ်ရုပ်ရှင်၊ အင်္ဂလိပ်လို မင်္ဂလာစကား ပြောခဲ့ခြင်း၊ ဓမ္မိက ဘသန်းမှတ်စု၊ ခရီး၊ တပည့်အပဲ့၊ သေသူထံမှ ပေးစာများ ကိုလည်း ဖတ်သည်။ အားလုံးနီးပါး ဖတ်ဖြစ်သည်။ ရင်မှာ”ခံစားရသည်။ သူတို့လို ရေးချင်လိုက်တာ ... ။
အထူးကဏ္ဍသိပ္ပံမောင်ဝ
ကျွန်တော်က သိပ္ပံမောင်ဝ ကိုးကွယ်သူ။ သိပ္ပံမောင်ဝ ရေးသမျှ မဖတ်ဖူးတာ မရှိသလောက်ပါ။ အဟောင်းရောအသစ်ပါ။ ယခု အောက်စ်ဖို့ဒ်မှ ပြန်လာပြီး ရေးဖြစ်ခဲ့သော ဆောင်းပါးများကို ဖတ်ရသည်။ အထူးကဏ္ဍ အနေဖြင့် ဖော်ပြထားသည်။ မြန်မာစာပေနှင့် ပတ်သက်၍ သိပ္ပံမောင်ဝ၏အားထုတ်မှုမှာ မြန်မာစာပေ အကြောင်း ဆောင်းပါးအပုဒ် ၇၀ ခန့် သူရိယသို့ ပေးပို့ခဲ့သည်ဖြစ်ရာ အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပညာတော်သင် နှစ်နှစ်တာကာလတွင် ပို၍ အာရုံစိုက်ရန် အေးအေးဆေးဆေး အချိန်ရခဲ့သည်ဟု ဆိုရပေမည်။ ထို့နောက် ပညာတော်သင်ကာလပြီးဆုံးပြီး မြန်မာပြည် ပြန်ရောက်သောနှစ်များတွင်မူ မြန်မာဆောင်းပါးများကို ဆက်လက်”ရေးသားခဲ့သည်။
လှထွန်း (မြန်မာစာ)ကျမ်းအရ ထိုဆောင်းပါးရှည်ကြီးများကို ကဏ္ဍခွဲလိုက်လျှင် (၁) မြန်မာ့ ရာဇဝင်၊ (၂) မြန်မာစာဂုဏ်ထူး၊ (၃)ဦးပုည၊ (၄)မြန်မာပြဇာတ်၊ (၅)ကျောက်စာ၊ (၆)မြန်မာပန်းချီ၊ (၇)မြန်မာ စာပေသင်ကြားရေး စသည်ဖြင့် ပါရှိသည်ဟုဆို၏။ လှထွန်း(မြန်မာစာ)၏ ကျမ်းကို ဓူဝံစာပေမှ ၂၀၀၄ ခုနှစ်တွင် စာအုပ်အဖြစ် ထုတ်ဝေသောအခါတွင် ပညာရှင်စာတမ်းတို့၏ သဘောအရ မူရင်းစာတမ်းပေါင်း ကိုးဆယ်ကျော်ကို ခြုံငုံသုံးသပ်ခြင်း၊ သုံးသပ်ပုံကို ပြန်လည်တင်ပြခြင်းကို အထူးပြုရသည်။ သို့ဖြစ်ရာ ထိုကျမ်းကြောင့် မျက်မှောက်ခေတ်စာဖတ်သူများမှာ ထိုဆောင်းပါးများ အကြောင်းကို ကြားဖူးနားဝသိရသော်လည်း မူရင်းဆောင်းပါးများကိုမူ တစုတစည်းတည်း ပြန်လည်တွေ့ ရှိနိုင်ရန် မလွယ်လှချေ။ ယခုတွင် မူရင်းသူရိယဆောင်းပါးများထဲမှ အချို့ကို ကောက်နုတ်ပြီး စာဖတ်သူများအတွက် သိပ္ပံမောင်ဝ မြန်မာစာပေအတွက် အားထုတ်ပုံများကို ပြန်လည် မိတ်ဆက်မိပါသည်။ (စာ-၂၃၇)
သိပ္ပံမောင်ဝ ဆောင်းပါးတွင် မြန်မာမှု၊ မြန်မာပြဇာတ်များ၊ (နန်းတွင်းဇာတ်စာကိုယ်များ) ရာမနှင့်ညီနောင်၊ နောက်ဆုံးပေါ်ပြဇာတ်တို့၏ ထူးခြားပုံ၊ မြန်မာစာပေ သင်ကြားရေးများပါဝင်သည်။
မောင်မြသွင်(သိပ္ပံကျောင်းသား) အမည်နှင့်ရေးခဲ့သည်။ ဘယ်နှကြိမ်ပြန်ဖတ်ဖတ် စွဲသည်။ ကြိုက်သည်။ မှတ်တမ်းတင်ရသည်။
ဆရာကြီးသိပ္ပံမောင်ဝ၏ အရေးအသားကို ကျွန်တော်တို့ အတုယူကြသည်။ ရှာဖွေကြသည်။ ရှားပါးစာပေများ ရှာပေးသော၊ ဖော်ပြပေးသော ချင်းတွင်း ဖြစ်ပါပေသည်။
ကျွန်တော့်ရင်မှာ စွဲနေပါသည်။ ကျွန်တော်နှင့်အတူ ကြေးမုံစာချစ်ပရိသတ်များလည်း ရင်ဝယ်ခံစားနိုင်ကြပါစေ။ သုတစာပေများ ထွန်းကားပါသည်။ သုတစာပေများကိုလည်း အလေးထားပါသည်။ သို့ရာတွင် ရသစာပေ များကို လက်မလွှတ်သင့်ပါ။
ယခုအခါ ရသစာပေအနုအလှများထဲမှ ကောင်းနိုးရာရာများကို ရွေးထုတ်ခံစားနေကြလေပြီ။ ထိုအထဲတွင် ကျွန်တော်တစ်ဦး အပါအဝင်ဖြစ်ပါသည်။
နိဂုံး
(၁) ချင်းတွင်း
(၂) ထာဝစဉ်စီးဆင်းပါစေ...။ ။
ကြေးမုံ