ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ ဆရာ”
“ဗျာ”
“ ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ ရှေ့နေနှင့် နှစ်သစ်မင်္ဂလာပါတဲ့”
“ ဘယ်လိုအဓိပ္ပာယ်နဲ့ရေးတာလဲဆရာ”
“ ဖတ်ကြည့်ကြစို့”
နှစ်သစ်မင်္ဂလာ
နှစ်သစ်ချိန်ခါ ရောက်ပြန်ပါပြီ ... ။
၂၀၁၉ ခုနှစ်ကား ကုန်ဆုံးခဲ့ပြီ။
၂၀၂၀ ပြည့်နှစ်ကို နှစ်သစ်မင်္ဂလာကြိုဆိုပါပြီ။
အဟောင်း
အဟောင်း၊ အဟောင်းတို့သည် ချုပ်ငြိမ်းစမြဲ။
အသစ်၊ အသစ်တို့သည် တောက်ပသစ်လွင်စမြဲ။
အဟောင်း၊ အဟောင်းတို့က အတွေ့အကြုံဖြစ်သည်။
အသစ်၊ အသစ်တို့ကအဟောင်း၏အတွေ့အကြုံများကို သင်ခန်းစာအဖြစ်ခံယူသည်။ ဘာမှားသလဲ။ ဘာချွတ်ယွင်း သလဲ။ အသစ်မှာဘယ်လိုပြင်မလဲ။ လေးနက်တန်ဖိုးရှိသော သင်ခန်းစာ ...။
အဖြေရှာကြစို့ ... ။
တိတ်ဆိတ်ည
၂၀၁၉ ၊ ဒီဇင်ဘာ၊ ၂၁ ည။ တိတ်ဆိတ်ည။
ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူနှင့်ဇနီး နေအိမ်၌ ခရစ္စမတ်အကြိုညကျင်းပ၍ တက်ရောက်ခဲ့သည်။
နှစ်သစ်မင်္ဂလာ (၂၀၂၀)ကို ကြိုဆိုသည့်ပွဲလည်းဖြစ်သည်။ တိတ်ဆိတ်ည။ သန့်ရှင်းည။ မှောင်ကွယ်သွားပြီ။ ရောင်ခြည်သစ်များပေါ်လာပြီ။ ကောင်းကင်သားများ၏ သီချင်းသီဆိုသံကို သိုးထိန်းသားများတို့ နာခံချိန်။ ခရစ်တော်ကယ်တင်ရှင်သည် မြေကြီးပေါ်သို့ သက်ဆင်းပြီ။
တိတ်ဆိတ်ည၊ သန့်ရှင်းညသို့ ကျွန်တော်တို့ပရိသတ်များ အားတက်၊ ရွှင်လန်းစွာ၊ စုပေါင်းညီညာသံပြိုင်တေး၊ ခရစ္စမတ်တေးသီဆိုဟစ်ကြွေး၍ ရွှင်မြူးဖွယ်ပီတိအပြည့်ဖြင့် တက်ရောက်ခဲ့ကြသည်။ တိတ်ဆိတ်ည။ သန့်ရှင်းည။
နိုင်ငံတော်အကြီးအကဲများနှင့် ငြိမ်းချမ်းရေး
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ထင်ရှားသော ခေါင်းဆောင်ကြီးများ၊ ဆင်းရဲချမ်းသာ လူတန်းစားအလွှာစုံ၊ စုံညီချီးမြှင့် တက်ရောက်ခဲ့သည့်ပွဲ။ မွေးနေ့တော်နှင့် ကျေးဇူးတော် ချီးမွမ်းခြင်းအစီအစဉ် ပီပြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်ပွဲ။ အားတက်ဖွယ်ကောင်းသည်။
အဓိကမှာ “မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ” ဟု ပရိသတ်အပေါင်း၏ ဆုတောင်းသံများ စီစီဝေဝေ ...။ နှစ်သစ်မင်္ဂလာ ကြိုဆိုကြပါလေသည်။
(၁) အမျိုးသားပြန်လည်သင့်မြတ်ရေး
(၂) ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးဆိုတာ ဘာလဲ
(What is PEACE?)
(Jesus Christ is Peace ) မွေးလာကတည်းက with peace။ သေသွားတော့လည်း with peace။ သူ့ဘဝ တစ်လျှောက်လုံးမှာလည်း with peace ။ သိုးကျောင်းသား လေးတွေက နွားစာခွက် (manger) ထဲမှာ ကလေးကို တွေ့တယ်။ ကြယ်ကြီးပေါ်ထွန်းလာပြီး Angels တွေက Glory to God in the highest on earth mercy & peace toward men ( မြေပြင်ပေါ်၌ လူသားအားလုံး ကရုဏာ နှင့် ငြိမ်းချမ်းခြင်းရှိစေသတည်း။ ကောင်းကင်တမန်က ဆိုပြီးတော့မှ everybody rejoice? Jesus Christ ဟာ မွေးကတည်းက အားလုံးရွှင်လန်းပြီး မွေးလာတယ်။ ယေရှုက ခိုက်ရန်ဖြစ်ပွားခြင်းကို ငြိမ်းအောင်ပြုလုပ်သော သူတို့သည် မင်္ဂလာရှိကြ၏) ဟု စာရေးဆရာကြီး မြသန်းတင့်က ဟောပြောခဲ့ဖူးသည်။ မှတ်သားဖွယ်၊ မမေ့ရက်ဖွယ်မို့ ယနေ့ ခရစ္စမတ်ချိန်ခါတွင် ပြန်လည်မျှဝေတင်ပြ ရခြင်းပါ ခင်ဗျာ။ မည်မျှတန်ဖိုးရှိလှပါသလဲ။
ရန်ပွဲများ
ယနေ့ ချိန်ခါတွင် ရန်ပွဲများ၊ စစ်ပွဲများကို မြင်နေရသည်။ ကြားနေရသည်။ သေနတ်သံများ မစဲ၊ စစ်ဘေးရှောင်များ ထူထပ်ဆဲ။ ကိုယ့်အချင်းချင်း ကိုယ့်ဆွေမျိုးအချင်းချင်း၊ ကိုယ့်တိုင်းရင်းသား အချင်းချင်းစစ်ခင်းနေကြဆဲ။ အထင် အမြင်လွဲမှားနေကြဆဲ။ အမြင်မှန်မရကြသေး...။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး
(၁) ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အစိုးရအနေနဲ့ အလေးထားဆောင်ရွက်နေတယ်။
(၂) ဖွံ့ဖြိုးတိုးတက်မှုမရှိတော့ ကျေနပ်မှုမရှိဘူး။
(၃) ကျေနပ်မှုမရှိတော့ ဒေါသတွေကပွားတယ်။
(၄) ဒေါသပွားတော့ လက်နက်ကိုင်တိုက်ခိုက်ရေးကိုတွန်းပို့တယ်။
(၅) မငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူးဆိုတဲ့ အဆိုးကျော့ သံသရာက ဖောက်ထွက်နိုင်အောင် ကြိုးစားနေတာ... ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ၁၉-၁၂-၂၀၁၉ နေ့တွင် ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ပြောကြားခဲ့သည်များ မှတ်သား ရသည်။ သင်ခန်းစာတွေ၊ အမြင်မှန်တွေ ရသင့်ပေပြီ။
ရန်တုံ့မူခြင်းဖြင့်မငြိမ်ကုန်
ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ထိုရန်တို့သည် မည်သည့်အခါမျှ မငြိမ်းကုန်။ ရန်တုံ့မမူ သည်းခံခြင်း ဖြင့်သာ ရန်တို့သည် ငြိမ်းကုန်၏။ လူ့ဘောင်လောက၌ ထာဝရမှန်ကန်နေသော ဓမ္မတာသဘော တစ်ခုဖြစ်၍ ဘေးရန်မရှိနေလိုသူများ ကြုံတွေ့နေရသည့်ရန်ကို ပြေငြိမ်းလိုသူများသည် ရန်မရှိအောင်နေခြင်းဖြင့် ငြိမ်းချမ်းစွာနေနိုင်အောင် အားထုတ်ကြရမည်ဖြစ်၏။
ပိုဆိုးသွားစေသလား
(၁) မိမိတို့လုပ်ရပ်သည် ဒေသခံများအတွက် အခြေအနေပိုကောင်းသွားစေသလား။
(၂) ပိုဆိုးသွားစေသလား ။
(၃) အလွယ်တကူ သိနိုင်ပါသည်။
(၄) အရင်က အချိန်မရွေး၊ နေရာမရွေး၊ အေးအေးချမ်းချမ်း အသက်မွေးဝမ်းကျောင်းနိုင်တဲ့နေရာတွေမှာ ကျီးလန့်စာစား ဖြစ်နေကြပြီလား။
(၅) မိမိတို့လုပ်ရပ်ကြောင့် ကိုယ့်မိဘ၊ ကိုယ့်ရဲ့ ဆွေမျိုး။ ညီအစ်ကိုမောင်နှမများ ဒုက္ခပင်လယ်ဝေနေကြပြီလား။
(၆) သုံးသပ်ကြပါ။ စဉ်းစားကြပါ ... တဲ့။
ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း
ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း(၂၀၁၈) တွင် ၉၉ ဒသမ ၇ ရာခိုင်နှုန်းသော ကမ္ဘာ့ပြည်သူများပါဝင်သည်။ ပဋိပက္ခ ဆက်လက်ဖြစ်နေသော နေရာများ၊ လုံခြုံမှုနှင့် စိတ်ချမှုရှိသောနေရာများ၊ စစ်ဘက် စိုးမိုးမှုရှိသော နေရာများဟူ၍ ခွဲခြားထားသည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းမှုကျဆင်းနေသေ ာနိုင်ငံ ဖြစ်သည်။ အဆိုးရွားဆုံးကျဆင်းနေသော နိုင်ငံလည်းဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် သေဆုံးသူ စုစုပေါင်း အနည်းဆုံး ငါးသောင်းအထက် ရှိမည်ခန့်မှန်းသည်ဟု ၂၃ -၁၂ - ၂၀၁၉ နေ့ထုတ် မြန်မာ့အလင်းသတင်းစာ ခေါင်းကြီးပိုင်းက ရေးသည်။
စစ်ပွဲ
စစ်ပွဲကို စစ်ပွဲများချည်းသက်သက်ဖြင့် ရင်ဆိုင်နေလျှင် ငြိမ်းချမ်းသည့်အနေအထားကို မည်သို့မျှ မရောက်နိုင်ပါ။ ရန်ကို ရန်ချင်း တုံ့ပြန်နေလျှင် ရန်မီးသာတောက်လောင်တတ်ပြီး ငြိမ်းချမ်းအောင် မလုပ်နိုင်ပေ။
ဗုဒ္ဓက “အမျက်ဒေါသ ထွက်တတ်သောသူကို အမျက် မထွက်ခြင်းဖြင့် (မေတ္တာဖြင့်) အောင်ရာ၏။ မကောင်းသောသူကို ကောင်းသောသဘောဖြင့် အောင်ရာ၏။ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။ မဟုတ်မမှန်ပြောဆိုတတ်သောသူကို မှန်ကန်သောစကားကို ပြောဆိုခြင်းဖြင့် အောင်ရာ၏” ဟု မိန့်ဆိုတော်မူခဲ့ပါသည်။
မာန
ထောင်လွှားတက်ကြွမှု ( Pali - မာန)
(n) conceit, varity; arrogance; pride
မာနကြီး (v) be haughty, be arrogant
မာနခဲ (n) haughty young person (မြန်မာ - အင်္ဂလိပ်အဘိဓာန်- စာ ၃၃၈ တွင် မာန၏ အဓိပ္ပာယ်ကို ဖွင့်ဆိုပေသည်)
အသက်တွေကကြီး
တစ်နှစ်ပြီးတစ်နှစ်၊ အသက်တွေက ကြီးလာပြီး၊ ဇရာက ရပ်မနေ၊ ပြက္ခဒိန်ဂဏန်းများက ရွေ့လျားနေဆဲ။ ကိုယ့်ဘဝကိုယ့်အသက်က ဆုံးဖြတ်သည်။ အတွေ့အကြုံက သုံးသပ်သည်။ နှစ်ဟောင်းကုန် နှစ်သစ်အကူ။ ထူးခြားစွာ ဝေဖန်မှုပြုရမည်။ ပြီးခဲ့သောကာလများအတွက် နောင်တမရသင့်။ အနာဂတ်ကို မျှော်၍ကြည့်...။
တန်ဖိုး
တန်ရာတန်ဖိုးကို နားလည်ပါ။ တန်ရာတန်ကြေးကို ပေးပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ်ပါ။ နိမ့်ကျစေမည်လား မြင့်မားစေမည်လား။ အသက်ရှင်ခိုက် ဘာလုပ်ကြမည်လဲ။ အများအတွက် ဘာလုပ်ကြမည်လဲ။ ကိုယ့်ရွာအတွက်၊ ကိုယ့်မြို့ အတွက်၊ ကိုယ့်နိုင်ငံအတွက် စသည်... စသည်...။
ကြိုဆို
၂၀၁၉ အကုန်၊ ၂၀၂၀ နှစ်သစ်အကူး၊ နှစ်ဟောင်းကိုမလို၊ နှစ်သစ်ကိုတော့ တို့ကြိုဆိုရဦးမည်။ သက်ရှည်ကျန်းမာ၊ ရွှင်လန်းစွာနှင့် မပုပ်မသိုးရအောင် စွမ်းဆောင်လျက် ဇရာသဘောကို အခက်အခဲမရှိ ကျော်လွှားကြည့်ကြဦးစို့။
နိဂုံး
(၁) ၂၀၁၉ ကို နှုတ်ဆက်ပါသည်။
(၂) ၂ဝ၂ဝ ကို ကြိုဆိုပါသည်။
(၃) ကြေးမုံစာချစ် ပရိသတ်များနှင့်အတူရွှင်လန်းစွာ၊ ငြိမ်းချမ်းစွာဖြင့်...။