ရှေ့နေနှင့်နံနက်ခင်းစကား

ဦးဟန်ညွန့် (ဥပဒေ)

"ဆရာ"

"ဗျာ"

" ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

"ရှေ့နေနှင့် နံနက်ခင်းစကားပါ "

“ဘာကိုဆိုလိုတာလဲဆရာ”

"အေးဗျာ- နံနက်ခင်းဟာ လူတိုင်းအတွက် တစ်နေ့တာ ဘဝအစပါပဲ"

"အဲဒါ ဘာဖြစ်သလဲဆရာ"

"ဆက်တွေး၊ ဆက်ရေး၊ ဆက်ပြီးလေ့လာကြည့်ရအောင်

International Books

The Voice Weekly  ဂျာနယ်ကို ကျွန်တော်အမြဲဖတ် သည်။ ဂျာနယ်ထဲမှာ ဆရာဇေယျသူရေးသော International Books ကဏ္ဍပါသည်။ ဆရာက ကမ္ဘာနှင့် မြန်မာကို မိတ်ဆက်ပေးနေသူ။ အထူးသဖြင့် နိုင်ငံတကာက ထင်ရှားသော စာအုပ်တွေအကြောင်း ရွေးတတ်၊ ရေးတတ်၊ တင်ပြတတ်သူဇေယျသူ။ ထိုကဏ္ဍ ကျွန်တော် ကြိုက်သည်။

ယခုလည်းကြည့်။ မနက် ၅ နာရီထမလားတဲ့။ အတွဲ ၁၅ အမှတ် ၃၉ ( (Nov 11-17, 2019 နေ့ထုတ်ဂျာနယ်တွင် နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ စာအုပ်ရေ ၁၅ သန်းလောက် ရောင်းရတဲ့ ကမ္ဘာကျော် စာရေးသူ ROBIN SHARMA peo&a The monk who sold his Ferrari cos နှင့် နာမည်ကြီးသူအကြောင်း ဇေယျသူရေးသည်။

အလုပ်တွေ အများကြီးလုပ်နိုင်သူတွေဟာ မနက်အစောကြီး ထကြတယ်။ မနက်စောစောထပြီး ဘာတွေ လုပ်ရမလဲ။ ဒီစာအုပ်မှာ အရေးအကြီးဆုံးက ၂၀-၂၀-၂၀ ပုံသေနည်းပါ။

မနက် ၅ နာရီထပြီး ပထမဆုံးမိနစ် ၂၀ က လေ့ကျင့်ခန်း လုပ်ရမယ်။ ချွေးလေးတရွှဲရွှဲထွက်အောင် နှလုံးခုန်သံ မြန်လာအောင်လုပ်ပါ။ စိတ်ဓာတ်တက်ကြွစေတဲ့ ဓာတ်တွေထွက်လာမယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကိုလျော့ကျစေတယ်။ ဒီနှစ် ၂၀ဟာ တစ်နေ့တာလုံးအတွက် အသင့်ဖြစ်အောင် ခန္ဓာကိုယ်ကို စက်နှိုးလိုက်တာ။ ကိုယ်ကို ပြင်လိုက်တာ။

ဒုတိယဓိနှစ် ၂၀ က ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။ ကိုယ့်ရည်မှန်းချက်တွေက ဘာလဲ။ ဒီတစ်နှစ်အတွင်း ဘာတွေ ပြီးမြောက်ချင်လဲ။ဒီလလုပ်ရမယ့်ဟာတွေ့ပြီးပြီ လား။ စဉ်းစားကြည့်ပါတဲ့။

တတိယနှစ် ၂၀ ကတော့ သင်ယူပါ။ စာအုပ်ကောင်းကောင်းတစ်အုပ် ဖတ်။ ပုဂ္ဂိုလ်ကျော်ကြီး တွေရဲ့ အတ္ထုပ္ပတ္တိကို လေ့လာ။ ကိုယ့်လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ ပို့ချချက်ကို နားထောင် ။ ကိုယ်သင်ချင်တဲ့ ဘာသာစကား တစ်ခုသင်။ နောက်ဆုံးမိနစ် ၂ဝ က ဦးနှောက်ကို နှိုးဆွတာတဲ့။

ဆရာဇေယျသူစကား (သူ့ အရေးအသားက ကျွန်တော့် ကို ရင်ခုန်စေသည်။ တတိယဓိနှစ် ၂၀ အတွက်(သင်ယူပါ အတွက်) စာအုပ်ကောင်းကောင်းတစ်အုပ် ဖတ်ဖို့တဲ့ ခင်ဗျာ။ ROBIN SHARMA ၏ အဓိကအကြံပေးချက်ပါ။

ဒီနေ့မနက် ၅ နာရီဖတ်ရမည့်စာအုပ်

ဆရာဇေယျသူ၏အတွေး၊ အရေးကြောင့် ဒီနေ့မနက် ၅ နာရီ၊ အိပ်ရာကထ လေ့ကျင့်ခန်းလုပ်။ တတိယမိနစ် ၂၀ အတွက် စာအုပ်ကောင်းတစ်အုပ်ဖတ်ဖို့ ကျွန်တော် ရွေးသည်။ တွေ့ပါပြီ။

စာရေးဆရာ ဟိန်းလတ်ရေးသည့် နံနက်ခင်းစကား၊ နံနက်ခင်းတရား (ဖတ်မှတ်ကြားနာ ဆင်ခြင်စရာအတွေး ပဒေသာ) စာအုပ်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ မေလတွင် မဇ္ဈိမစာပေမှ ထုတ်ဝေတာပါ။

ဟိန်းလတ်၏ အမှာစာ စာရေးဆရာဟိန်းလတ်က စာပေလောက၊ မီဒီယာ လောကမှာ ထင်ရှားသူ။ လူထုကြားထဲ ထိုးဖောက်နေသူ။ စာစုံရေးသူ။ စွယ်စုံထူးချွန်သူ။ ဘိသိက်ဆရာပင် ဖြစ်နေပြီကြားသည်။ နံနက်ခင်းစကား၊ နံနက်ခင်းတရား စာအုပ်တွင် ဆရာဟိန်းလတ်၏အမှာစာမှာ “လူငယ်တွေ သိပ်စာမဖတ်ကြတာ၊ စာအုပ်အရောင်း ကျလာတာတွေဟာ အင်တာနက်တို့၊ ဖေ့စ်ဘွတ်ခ်တို့ အသုံးများနေကြလို့” ဟု အချို့ က ဝေဖန်သုံးသပ်ကြသည်။ ထိုအဆိုကို ကျွန်တော် ရာနှုန်းပြည့် လက်မခံနိုင်ပါ။ မြန်နှုန်းပိုမြင့်ပြီး လိုင်းဆွဲအားအလွန်ကောင်းသော နိုင်ငံများမှ လူငယ်များက ဖေ့စ်ဘွတ်ခ်လည်း အသုံးများကြသကဲ့သို့ စာလည်းဖတ်ကြပါသည်။ စာအုပ်ရောင်းနှုန်း သိသိသာသာ ကျမသွားကြပါ။ ယခု အင်တာနက်ခေတ်ကြီးထဲတွင် မိမိသိလို၊ ရှာလိုသောအချက်ကို မိမိ၏လက်ကိုင် ဖုန်း “ ဂူဂယ်လ်" သုံးပြီး အလွယ်တကူ ရှာဖတ်နေနိုင်ကြပါပြီ။ ကမ္ဘာအနှံ့၊ မြန်မာပြည်အနှံ့နေထိုင်ကြသော မတွေ့ရတာကြား အဆက်အသွယ်တွေ ပြတ်နေကြသူများလည်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အဆက်အသွယ်ရနေကြပါပြီ။ မိုင်ပေါင်းမည်မျှဝေးဝေး “မက်ဆင်ဂျာ” မှတစ်ဆင့် ရုပ်ရောအသံပါ တွေ့မြင်ပြောကြားနိုင်ကြသည်မှာလည်း တိုးတက်မှု၏ အကျိုးအမြတ်များပင်ဖြစ်ပါသည်။ မည်သည့် အရမဆို “သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” ဖြစ်၏။ “တန်ဆေး လွန်ဘေး” ဖြစ်၏။ ဒါတွေက ဆိုရိုး စကားတွေ၊ စကားပုံမျှသာမဟုတ်။ တကယ်လက်တွေ့ ဘဝတွင် အထပ်ထပ်အခါခါ စမ်းသပ်ခဲ့သော တွေ့ရှိချက် အမှန်တရားတွေပင် ဖြစ်ပါသည်။

ကျွန်တော့်အတွက်တော့ “ဖေ့စ်ဘွတ်ခ် " မှတစ်ဆင့် တန်ခိုးကြီးမားစေတီပုထိုးများကို ဖူးမြော်ရ ဆရာတော်။ သံဃာတော်ကြီးများ၏ တရားဓမ္မကို နာကြားရသည်ပင် ကြီးစွာသောအမြတ် ဖြစ်နိုင်သည်။ မနက်တိုင်း အိပ်ရာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးလျှင် ကျွန်တော် ဘုရား ရှိခိုးသည်။ ထို့နောက် အမျှအတမ်းဝေ။ နောက်ထပ်လုပ်ရိုး လုပ်စဉ်ကတော့ ဖုန်းကိုဖွင့်ကာ “မက်ဆင်ဂျာ" မှတစ်ဆင့် ဆရာသမား၊ ဆွေမျိုးရင်းချာမိတ်ဆွေများအား “မင်္ဂလာ နှုတ်ခွန်းဆက်” ပို့တတ်သည်။ ထိုသို့ နှုတ်ခွန်းဆက်ရသူ အပေါင်းက ယခုအယောက် ၅၀၀ ပင် ကျော်နေပါပြီ။ နာမည်တစ်ခုချင်းကို ခလုတ်လေးနှိပ်ရသည်ပင် ပုဂ္ဂိုလ် ၅၀၀ ကျော်ဆိုတော့ ဆယ်မိနစ် ဆယ့်ငါးမိနှစ်မျှထိ အချိန်ပေးရတတ်သည်။ မည်သို့ပင်ဆိုစေ နံနက်ခင်းတိုင်းတွင် မေတ္တာပွားရသည်မှာ စိတ်ချမ်းမြေ့ရာကောင်းလှသည်။

နောက်ပိုင်းတွင်ကား ကျွန်တော်က “မင်္ဂလာပါ ချမ်းမြေ့သာယာသောနေ့ဖြစ်ပါစေ” ဆိုသော ဆုတောင်းစကားထက် ကျွန်တော်ဖတ်ခဲ့၊ ကြားခဲ့၊ တွေးခဲ့သော စကားစုအချို့ကို နေ့စဉ်နေ့တိုင်း “ ဖေ့စ်ဘွတ်ခ်” စာမျက်နှာပေါ်တွင် တင်၏။ ဤမေတ္တာစာ သဝဏ်လွှာများကို ဖတ်မိကြသူများက ကျေးဇူးတင်ကြောင်း၊ အသိပညာ အတွေးအမြင်သစ်ရကြောင်း ကျွန်တော့်ထံ ပြန်ကြားကြ၍ ကျွန်တော့်လုပ်ရပ်ကို ကျွန်တော် ပီတိဖြစ်မိသည်။ ထို့ကြောင့် ကျွန်တော်၏မိတ်ဆွေများသာမက စာဖတ်သူအားလုံးအတွက် “ နံနက်ခင်းစကား နံနက်ခင်းတရား” အမည်ဖြင့် စုစည်းကာ ယခုစာအုပ်ထုတ်ဖြစ်လိုက်ပါသည်” ဟု ရေးသားထားပါသည်။

၁၂ လစာ

ဆရာဟိန်းလတ်က နံနက်ခင်းစကားကို ၁၂ လစာ (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ) ရေးပြထားသည်။ ကျွန်တော်ကြိုက်နှစ်သက်သမျှ ကောက်နုတ်တင်ပြ ခွင့်ပြုပါ။

ဇန်နဝါရီလ

ဘဝဆိုတာက သိပ်ခက်တဲ့စာမေးပွဲကြီးပဲ။ လူတွေအများကြီး ကျရှုံးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူများဆီက ပုံစံတူကူးချလို့ပဲ။ လူတိုင်းအတွက်  ကွဲပြားခြားနားတဲ့မေးခွန်းကိုယ်စီ ရှိနေတာမှ မသိကြတာ။

ဖေဖော်ဝါရီလ

စိတ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တွေထည့် ထားတဲ့ အမှိုက်ပုံးမဟုတ်ဘူး။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ကိုယ်ချင်းစာနာမှုတွေ စုဆောင်းထားတဲ့ ရတနာသေတ္တာ။

မတ်လ

အခွင့်အရေးဆိုတာ နေထွက်ချိန်လိုပဲ။ သိပ်စောင့်လွန်းရင် လွတ်သွားတတ်တယ်။

ဧပြီလ

မနက်တိုင်း အိပ်ရာက နိုးလာတာနဲ့ အသက်ရှင်တာကို ကံကောင်းတယ်လို့ မှတ်လိုက်ပါ။ လူ့ဘဝဟာ တန်ဖိုးသိပ်ရှိတယ်။ ဖြုန်းတီးမပစ်နဲ့။ လူသားတိုင်းအတွက် အကျိုးရှိရာတစ်ခုခု လုပ်ပေးရမယ်။ လူတွေအပေါ် မနာလိုမှု၊ ဒေါသ၊ အာဃာတတွေ မထားရဘူး။ တခြားသူတွေအပေါ်နိုင်စွမ်းသမျှ ကူညီစောင့်ရှောက်မှ လူပီသမယ်။

မေလ

ကမ္ဘာမှာ လူသုံးမျိုးသုံးစားပဲရှိတယ်။

(၁) တစ်စုံတစ်ရာကို ဖြစ်အောင်လုပ်သူတွေ

(၂) တစ်စုံတစ်ရာဖြစ်တာကို စောင့်ကြည့်သူတွေ

(၃) သူတို့ဖြစ်တာတွေကို အံ့ဩနေကြသူတွေ မိတ်ဆွေကော ဘယ်အမျိုးအစားမှာပါသလဲ။

ဇွန်လ

မာကျောသန်မာမှုဆိုတာ ကြွက်သားထဲမှာ မရှိဘူး။ စိတ်ဝိညာဉ်ထဲမှာပဲရှိတယ်။ ဘဝမှာ တစ်ခုတည်းသော မသန်စွမ်းမှုက မကောင်း မြင်စိတ်ဓာတ်ပဲ။

ဇူလိုင်လ

ဘယ်နေရာသွားသွား၊ ကြင်နာမေတ္တာတရား၊ ခြေရာလေးများ ချန်ချထား။

သြဂုတ်လ

ခွင့်လွှတ်ပါ။ မေ့ပစ်ပါ။ ဒါပေမယ့် သင်ခန်းစာကိုတော့ သတိရနေပါ။

စက်တင်ဘာလ

သစ္စာရှိတဲ့ သူငယ်ချင်းမိတ်ဆွေ လေးမျိုးရှိတယ်။

(၁) အကူအညီပေးသူ။

(၂) မိမိကောင်းနေစေ၊ ဆိုးနေစေကာမူ အတူပေါင်းသင်းနေသူ။

(၃) ကောင်းတာကို ညွှန်ပြတတ်သူ။

(၄) သနားကြင်နာတတ်သူ။

အောက်တိုဘာလ

သူတို့က ကျွန်တော့်ကို သေစေချင်လို့ မြေကြီးထဲမှာ မြှုပ်နှံခဲ့ကြတယ်။ ဒါပေမယ့် သူတို့မသိတာတစ်ခုရှိတယ်။ ကျွန်တော်က သစ်စေ့လေ။

နိုဝင်ဘာလ

ဘဝရဲ့ အာဟာရက ချစ်ခြင်းမေတ္တာ၊ ဘဝရဲ့အားက အလုပ်၊ ဘဝရဲ့ ချိုမြခြင်းက ကဗျာ၊ ဘဝရဲ့ ရှေ့ရေးက ယုံကြည်မှု။

ဒီဇင်ဘာလ

ကိုယ်ဘာဖြစ်ချင်သလဲ။ စိတ်ကူးကြည့်။ ဖြစ်ချင်တာ ဖြစ်လို့ရတယ်။ ရုပ်ရှင်သရုပ်ဆောင်လား၊ အဆိုကျော်လား၊ သူဌေးကြီးလား၊ နိုင်ငံ့ခေါင်းဆောင်လား၊ စိတ်ကူးနေလို့၊ ပြောနေလို့ကတော့ ဘာမှမဖြစ်ဘူး။ မိမိရဲ့ ဘဝကို ပုံဖော်ဆုံးဖြတ်ပေးနိုင်တဲ့သူကတော့ တစ်ယောက်ပဲရှိတယ်။ အဲဒါက မင်းပဲ။

ကြည်နူး

ကျွန်တော်ကြည်နူးနေပါသည်။ ပျော်ရွှင်နေပါသည်။ ချမ်းမြေ့နေပါသည်။ ဘာကြောင့်လဲ။ ဆရာဇေယျသူနှင့် ဆရာဟိန်းလတ်တို့ ၏ စာများ၊ ကျေးဇူးများကြောင့်ပါ။

နိဂုံး

(၁) ဆရာဇေယျသူနှင့် ဆရာဟိန်းလတ်တို့ ကျန်းမာအသက်ရှည်ပြီး ပြည်သူ့အကျိုးပြု စာတွေအများကြီး ဆက်ရေးနိုင်ကြပါစေ။

(၂) နံနက်ခင်းအစ မင်္ဂလာယူချိန် အရုဏ်ဦးတိုင်းမှာ ဘဝကိုနိုးထသည့် စာအုပ်ကောင်းတွေကို ကြေးမုံစာချစ်ပရိသတ်နှင့် အတူ ကျွန်တော် ဖတ်ခွင့်ကြုံပါရစေကြောင်း။ ။

ကြေးမုံ