နေပြည်တော် ၁၇ ဇန်နဝါရီ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် ရေနံအစမ်းတွင်းများ တူးဖော်ထားခြင်းမရှိသေးသော ဒေသတစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မြိုင်ပေနက် ရေနံအစမ်းတွင်း အမှတ်(၁)အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် စတင်တူးဖော်မည်ဖြစ်ပြီး အောင်မြင်စွာ တူးဖော်စမ်းသပ်ပြီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၉)အရ သိရသည်။
အဆိုပါ အစမ်းတွင်းကို အနက်ပေ(၁၅၀ဝ၀) တူးဖော်နိုင်သည့် တွင်းတူးစက် ZJ 70L SR-1 ဖြင့် ခန့်မှန်းတူးဖော်ရက်ပေါင်း ၁၄၀ ကြာ တူးဖော်မည်ဖြစ်ပြီး Supra Thrust Lower Pondaung၊ Tabyin ကျောက်စဉ်စုနှင့် Sub-Thrust Tabyin ကျောက်စဉ်စု၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အလားအလာကို တူးဖော်စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် မြိုင်ဒေသအတွင်း ပေနက်အစမ်းတွင်း တူးဖော်နိုင်ရေးတွင် Risk များ လျှော့ချနိုင်ရေးအတွက် ဘူမိရူပဗေဒ Seismic တိုင်းတာခြင်းလုပ်ငန်းနှင့် မြေပေါ်ဘူမိဗေဒ ကွင်းဆင်းခြင်းလုပ်ငန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး Secsmic မှ Prospect Map များ ထုတ်လုပ်နိုင်ခြင်း၊ မြေပေါ်ဘူမိဗေဒအဖွဲ့မှ ပြတ်ရွှေ့တည်ရှိမှုအား အတည်ပြုပေးနိုင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
မြိုင်ပေနက်ရေနံအစမ်းတွင်း အမှတ်(၁)သည် ချင်းတွင်းအနည်ကျ ချိုင့်ဝှမ်း၏ မြိုင်လွှာတွန့်ခုံး (Myaing Anticline)၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး မြိုင်ဘူမိအနေအထားသည် ပြတ်ရွှေ့ပါဝင်သော လွှာတွန့်ခုံးတစ်ခုဖြစ်၍ လွှာတွန့်ခုံး၏ အလယ်တွင် ပုံတောင်ကျောက်စဉ်စု ပေါ်ထွက်နေပြီး သဘာဝဓာတ်ငွေ့တည်ရှိနိုင်သော တဗျင်း (Tabyin) ကျောက်စဉ်စုသည် အနက်ပေ ၃၀ဝ၀ - ၆၅၀ဝ ခန့်တွင် တွေ့ရှိစမ်းသပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြိုင်ပေနက်ရေနံစမ်းသပ်တွင်းမှ ပေ ၂၀ဝ၀ စီခန့်ခြား၍ Appraisal Well နှင့် Development Well များကို တွင်း (၁၁) တွင်းခန့် ဆက်လက်တူးဖော်ရမည်ဖြစ်ပြီး ရရှိထားသော ဘူမိရူပဗေဒကွန်တိုများအရ ရေနံ/ ဓာတ်ငွေ့ထွက်ရှိပါက Recoverable Reserves 82 BCF ထုတ်ယူနိုင်မည်ဟု ခန့်မှန်းတွက်ချက်ရရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မျိုးသူဟိန်း