ရေနံအငြိမ်းစားပညာရှင်တစ်ဦး
ရေနံနှင့်ပတ်သက်သော သတင်းအချက်အလက်များအား နေ့စဉ်ထုတ် သတင်းစာများ၌ ရေးသားဖော်ပြကြသည်ကို မကြာခဏ ဖတ်ရှုရပါသည်။ ဤဆောင်းပါးသည် “ ရေနံ အကြောင်း သိကောင်းစရာ “ တစ်ခုအဖြစ် စိတ်ဝင်စားသူများအတွက် ဗဟုသုတ မှတ်တမ်းအဖြစ် ရရှိစေရန်တင်ပြခြင်းဖြစ်ပါသည်။
ရေနံဆိုသည်မှာ မြေအောက်ခိုအောင်းနေသော ရတနာ
ရေနံနှင့်သဘာဝဓာတ်ငွေ့သည် မြေပြင်၏ အောက်အနက် ပေများစွာတွင် ခိုအောင်းနေသော သယံဇာတဖြစ်ပါသည်။ ရေနံသိုက် သို့မဟုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေသော မြေအောက်သဲကြော (Reservoir) များကိုလေ့လာရာ တွင် မြေအောက်တွန်းကန်အား (Reservoir Pressure) နှင့် မြေအောက်အပူချိန် (Reservoir Temperature) တို့သည်လည်း အဓိကပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြေအောက်သဲကြောတွင် ခိုအောင်းနေသောရေနံသည် မူလ (Reservoir Condition)၌ Under High Pressure နှင့် High Temperature တို့ဖြင့် တည်ရှိနေပါသည်။ အဆိုပါ မြေအောက် တွန်းကန်အားသည် မြေအောက်သဲကြောအတွင်း ခိုအောင်းနေသော ရေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို ရွေ့လျားစေပြီး သဲကြောမှ တွင်းထဲသို့ စီးဝင်စေသည့် အင်အားကို ဖြစ်စေပါသည်။ တစ်နည်းအားဖြင့် ရေနံထုတ်ယူရရှိခြင်း ဆိုသည်မှာ မြေအောက်သဲကြောတွင် ခိုအောင်းနေသော ရေနံကို သဲကြောမှတစ်ဆင့် ရေနံတွင်းထဲသို့လည်းကောင်း၊ ရေနံသံကန်ထဲသို့ လည်းကောင်း စီးဝင်လက်ခံ ထုတ်လုပ်ရရှိခြင်းသည် အဓိကမြေအောက်တွန်းကန် အားကြောင့် ဖြစ်ပါသည်။
မြေအောက်တွန်းကန်အားပေါ် မူတည်
မြေအောက်တွန်းကန်အားသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်သည်နှင့်အမျှ တစ်နည်းအားဖြင့် ရေနံထုတ်လုပ်သည့် အချိန်ကာလ ကြာသည်နှင့်အမျှ ကျဆင်းလေ့ရှိပါသည်။ ယင်းသည် သဘာဝတရားအရ ဖြစ်ရိုးဖြစ်စဉ် နိယာမဖြစ်ပါသည်။ ထို့ကြောင့် ရေနံတွင်းအလိုက်လည်းကောင်း၊ ရေနံသဲကြောအလိုက် လည်းကောင်း၊ ရေနံမြေအလိုက်လည်းကောင်း၊ ရေနံများများ ထုတ်လေလေ၊ မြေအောက်တွန်းကန်အား ကျဆင်းသည်နှင့်အမျှ ရေနံအထွက်နှုန်း ကျဆင်းလေ့ရှိပါသည်။ ယင်းကျဆင်းမှုကို သဘာဝကျဆင်းမှု (Natural Decline)ဟု ခေါ်ပါသည်။ ကမ္ဘာပေါ်တွင်ရှိသော မည်သည့်ရေနံမြေမဆို ရေနံထုတ်ယူသည်နှင့် အမျှ ထွက်နှုန်း ကျဆင်းမှုသည် ဖြစ်မြဲဓမ္မတာပင်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာပြည်ရှိ ရေနံချောင်း၊ ချောက်၊ မန်းနှင့် ထောက်ရှာပင်စသည့် ရေနံမြေဟောင်းများ၏ နေ့စဉ် ရေနံထွက်နှုန်း ကျဆင်းနေမှုသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်ပါသည်။
မြန်မာပြည်၏ ရေနံမြေဟောင်းများတွင် ထူးခြားမှု ကိုယ်စီရှိကြပါသည်။ ရေနံချောင်း ရေနံမြေသည် ကမ္ဘာတွင် ရှေးအကျဆုံး ရေနံမြေတစ်ခုအဖြစ် ထင်ရှားသည့်အပြင် ရေနံချောင်းနှင့် ချောက်ရေနံမြေများသည် ကမ္ဘာပေါ်တွင် စစ်ကြိုခေတ်၏ ရေနံထုတ်လုပ်သော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ပါဝင်စေသည့် နိုင်ငံ့ဂုဏ်ဆောင် ရေနံမြေများ ဖြစ်ပါသည်။ မန်းနှင့် ထောက်ရှာပင် ရေနံမြေတို့သည်လည်း နိုင်ငံတော်၏ နေ့စဉ်ရေနံထုတ်လုပ်မှု စည်ပေါင်း သုံးသောင်းကျော်အထိ စံချိန်တင်ထုတ်လုပ်ရာတွင် အဓိကပါဝင်ခဲ့ကြပါသည်။ အဆိုပါ ရေနံမြေဟောင်းများ အနက် မန်းရေနံမြေသည် နိုင်ငံတော်၏ လောင်စာဆီ လိုအပ်ချက်ကို အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့ပါသည်။
နှစ် ၅၀ ကြာ အလုပ်အကျွေးပြုနေသော မန်းရေနံမြေ
မန်းရေနံမြေသည် ၁၉၇၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်အတွက် ရေနံထုတ်လုပ်ပေးခဲ့ရာ ယခုဆိုလျှင် ၂၀၂၀ ပြည့်နှစ်တွင် နှစ် ၅၀ ရှိပါတော့မည်။ နှစ်ပေါင်းများစွာ နိုင်ငံတော်အတွက် အလုပ်အကျွေးပြုခဲ့သော အဓိက ရေနံမြေကြီးတစ်ခုဖြစ်ခဲ့သည့် အလျောက် ယခုအချိန်တွင် နေ့စဉ်ရေနံထွက်နှုန်း စည်ပေါင်း ၁၁၀ဝ ကျော်သာလျှင် ထွက်နေခြင်းသည် Natural Field Decline အရ ဓမ္မတာပင် ဖြစ်ပါသည်။ အဆိုပါ ဖြစ်စဉ်ကို အထွက်နှုန်း ကျဆင်းနေကြောင်း၊ တွင်းသစ်တူးစရာမရှိကြောင်း၊ ရေနံ အထွက်တိုးလုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲကြောင်း စသည်ဖြင့် ပြောဆို ဝေဖန်နေလျှင်တော့ မန်းရေနံမြေသာ အသက်ရှိပြီး စကားပြောတတ်မည်ဆိုလျှင် ချုံးပွဲချ ထိုင်ငိုနေမှာသေချာပြီး “ငါ့ကိုတော့ မညှာမတာ၊ မတန်တဆ ရေနံထုတ်ခိုင်း တုန်းက ခိုင်းခဲ့ပြီး ငါသည်အိုမင်းမစွမ်းမှ အသက်ကြီး၍ အားအင်ကုန်ခန်းပြီး ဘာမှ မတတ်နိုင်တော့မှ အပြစ်ပြောခဲ့ရသလား” ဆိုပြီးတော့ မည်တွန်တောက်တီး လိမ့်မည် ဟု ထင်ပါသည်။
အဘယ်အတွက်ကြောင့်ဆိုပါလျှင် တစ်ချိန်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ စာရင်းဝင်ဘဝသို့ ရွေ့လျားသက်ဆင်းနေစဉ်ကာလက မိမိနိုင်ငံ၏ စက်သုံးဆီ လိုအပ်ချက်ကိုပင် နိုင်ငံခြားငွေဖြင့် ဝယ်ယူတင်သွင်း ဖြည့်စွက်နိုင်ခြင်းမရှိခဲ့သော ဘဝတွင် ပြည်တွင်းရေနံစိမ်းထုတ်လုပ်မှုနှင့် (နိုင်ငံခြားမှ ဝယ်ယူတင်သွင်း ခြင်းမရှိဘဲ) နှစ်ပေါင်း ၁၀ နှစ်ကျော် ပြည်တွင်း၌ လုံလောက်စွာ ဖြန့်ဝေသုံးစွဲနိုင်ခဲ့မှုနှင့် ပတ်သက်၍ မန်းရေနံမြေသည် နိုင်ငံတော်အတွက် အဓိက အမာခံပံ့ပိုးခဲ့ရသော ကျေးဇူးရှင် ရေနံမြေကြီးဖြစ်ခဲ့လို့ပင်။ မှန်ပါသည်။ တစ်ချိန်က နိုင်ငံတော်၏ စက်သုံး ဆီ လိုအပ်ချက်ကို ပြည့်မီအောင် ရေနံထုတ်လုပ်ပေးခဲ့သော အဓိကရေနံမြေဖြစ်ပါသည်။ နိုင်ငံတော်အတွက် စက်သုံးဆီလက်ကျန် နည်းပါးသည့်အခါတိုင်း အထက်မှညွှန်ကြားချက်အရ ရေနံအထွက်တိုးရေးလုပ်ငန်းများ (Production Boost-up Opera-tions) ဆောင်ရွက်ရန် မန်းရေနံမြေသို့ အကြိမ်ပေါင်းများစွာ သွားရောက်ဆောင်ရွက်ခဲ့ရပါသည်။ ထို့ကြောင့် မန်းရေနံမြေသည် အကျယ်အဝန်း၊ အရွယ်အစားနှင့်မမျှ၊ ရေနံမြေသက်တမ်းနှင့်မမျှ၊ ရေနံထုတ်လုပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရရှာသော ရေနံမြေတစ်ခုလည်း ဖြစ်ပါကြောင်း လက်ရှိရေနံမြေ၏ အနေအထားများက သက်သေပြနေပါသည်။
နိုင်ငံတော်အတွက် လိုအပ်ချက်အရ မန်းရေနံမြေတွင် လိုအပ်သည်ထက်ပိုမို ဖိအားပေး ဆောင်ရွက်ခဲ့ရသော ရေနံမြေဖွံ့ဖြိုးရေးလုပ်ငန်း (Oil Field Deve-lopment Operations) နှင့် ပတ်သက်၍ သိပ္ပံနည်းစနစ်မကျကြောင်း၊ နိုင်ငံခြားသား ပညာရှင်တစ်ဦး၏ ပြောဆိုဝေဖန်မှုကို ခံခဲ့ရဖူးပါသည်။ သို့ရာတွင် မြန်မာကျွမ်း ကျင်ပညာရှင်များအနေဖြင့် ကြည့်လျှင် မိမိတို့သည် နိုင်ငံတော်၏ လိုအပ်ချက်အရ လုံလောက်သော ရေနံထုတ်လုပ်မှု ကိန်းဂဏန်းရရှိအောင် မဖြစ်မနေ စီမံဆောင်ရွက် ပေးခဲ့ရခြင်းဖြစ်သောကြောင့် မိမိတို့အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့ ကျေနပ်မိပါကြောင်း မှန်တမ်းတင်ဖော်ပြအပ်ပါသည်။
ပထမဆုံး စံပြရေနံမြေတစ်ခု
ခုတော့ ရေနံထုတ်လုပ်မှုဒဏ်ကို အလူးအလဲခံခဲ့ရရှာသော မန်းရေနံမြေသည် ပင်ပန်းရကျိုးနပ်ခဲ့ပါပြီ။ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မန်းရေနံမြေစီမံကိန်း ရေနံပြန်လည်ဖွံ့ ဖြိုးတိုးတက်ရေး အစီအစဉ် (Redevelopment and Enhanced Oil Recovery -EOR Programme)အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ကို ၂၀၁၉ ခုနှစ် မတ်လအတွင်း ထုတ်ပေးခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး လက်ခံရရှိသည့် စံပြရေနံမြေတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ပါပြီ။ အလားတူ သက်သေခံလက်မှတ်ပါ အတည်ပြုထားသည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက် သွားရတော့မည်လည်း ဖြစ်ပါသည်။ ထို့ကြောင့် မန်းရေနံမြေကို ယခုလို ဂုဏ်ယူဝံ့ကြွားစွာ နှုတ်ဆက်လိုက်ပါသည်။ “အိုအသင်မန်းရေနံမြေ၊ အသင်သည် အိုပင်အိုငြားသော်လည်း ရေနံထုတ်လုပ်မှုတွေ ဘယ်လိုပင် ကျဆင်းသွားသွား ယခုအချိန်တွင် နိုင်ငံတကာအဆင့်မီ ECC လက်မှတ်ရ ထိပ်တန်း စံပြရေနံမြေအဖြစ် ရပ်တည်လျက်ရှိသော သင့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း”။
မြန်မာ့အလင်း