မကွေး၊ ၂၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ပြင်ပရေနံချက်ဖိုများသို့ ရေနံစိမ်းသယ်ယူခွင့်(Transport Pass) ဝန်ဆောင်ခများကို အစိုးရအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အညီကောက်ခံခဲ့ရာ ၅ နှစ်အတွင်း ငွေကျပ်၂၈၄၅၇ ဒသမ ၃၈၀ သန်းရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရေနံစည်ပေါင်း ၆၆ သိန်းကျော်(၆၆၆၂၄၁၀ စည်)ကို တိုင်းဒေသကြီးအစိုးရသယ်ယူခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇွန် ၂ ရက်နေ့မှစ၍ ဂါလန် (၅၀)ပါ ရေနံတစ်စည်ကို သုံးထောင်ကျပ်နှုန်း ၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်နှုန်းဖြင့် Transport Pass ခများ ကောက်ခံရာမှ ရရှိခြင်းဖြစ်သည်။
“ခွင့်ပြုထားတဲ့ လုပ်ကွက်တွေ ၊ လုပ်ငန်းရှင်တွေဆီကပဲ ကောက်ပါတယ်။ တင်ပြလာတဲ့ သယ်ဆောင်ခွင့် မျှောတွေကို တရားဝင်လုပ်ကွက်ရတဲ့သူတွေရဲ့ နာမည်နဲ့ သူ့ရဲ့ကိုယ်စားလှယ်ပါမှ စိစစ်ထုတ်ပေးပါတယ် ” ဟု သယံဇာတ ၊ သဘာဝပတ်ဝန်းကျင် ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ ရှင်းပြသည်။
နှစ်အလိုက် ဝန်ဆောင်ခကောက်ခံရရှိမှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေနံစည် ၄ သိန်း ၇ သောင်းကျော် မှ ငွေကျပ်(၁၄၁၉)သန်းကျော် ၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေနံစည် ၁၀ သိန်းကျော်မှ ငွေကျပ် (၃၁၀၂)သန်းကျော် ၊ ၂၀၁၈ မီနီ ဘတ်ဂျက်တွင် ရေနံစည် ၉ သိန်းကျော်မှ ငွေကျပ် (၂၇၅၉)သန်းကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေနံစည်(၂၃)သိန်းကျော်မှ ငွေကျပ် (၁၁၇၃၇)သန်းကျော် ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေနံစည် ၁၉ သိန်းခန့်မှ ငွေကျပ်(၉၄၃၈)သန်း ကျော် တို့ဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေနံလက်ယက်တွင်းတိမ် သက်တမ်းတိုးလုပ်ကွက်(၁၂)ကွက်ရှိပြီး လုပ် ကွက်အသစ်လျှောက်ထားမှုမှာ (၄၅)ကွက်ရှိကြောင်း ၊အဆိုပါလုပ်ကွက်များခွင့်ပြုချက် ရရှိရေးအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် EMP(Environmental Management Plan) ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရ မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)


