မောင်စာဂ
၂၀၁၉ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့သို့ ရောက်ပြီဖြစ်သည်။ မတ်လ ၂၂ ရက်နေ့သည် ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ထားသည်။ ရေချိုရရှိမှု၏ အရေးပါမှုနှင့် ရေချိုအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး အာရုံစိုက်လာစေရန် မတ်လ ၂၂ ရက်ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ်မှစတင်ကာ ကမ္ဘာ့ရေနေ့ အခမ်းအနားကို အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီက ကြီးမှူး၍ ရေနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ရေနှင့်ဆက်နွှယ်သက်ဆိုင်သူများ ပူးပေါင်းကျင်းပလျက်ရှိသည်။
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဖွဲ့စည်းခြင်း
တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များအား စီမံဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၂/၂၀၁၆ အရ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် နိုင်ငံတော်ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည်။ နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ မြို့တော်ဝန်များလည်း ပါဝင်သည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းထားသည်။
လုပ်ငန်းတာဝန်များ
အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းတာဝန် ၁၃ ချက် သတ်မှတ်ထားသည်။ အချို့ကို ဖော်ပြပါမည်။ ရေကိုအခြေပြု၍ တရားမျှတသော ရေခွဲဝေမှုစနစ်၊ ပြည်သူအားလုံး ပါဝင်နိုင်သည့် ပွင့်လင်းမြင်သာမှုရှိသော ဘက်စုံရေစီမံခန့်ခွဲမှုစနစ် (Integrated Water Resources Management Systems) တစ်ခုကို မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်သည်။ အမျိုးသားရေအရင်းအမြစ်ဆိုင်ရာ ဘက်စုံစီမံခန့်ခွဲရေး မဟာဗျူဟာ (National Integrated Water Resources Management (IWRM) Strategy) တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ရန် ဖြစ်သည်။ အမျိုးသား ရေအရင်းအမြစ်မူဝါဒ (National Water Resources Policy) တစ်ရပ် ရေးဆွဲချမှတ်ရန် ဖြစ်သည်။
နိုင်ငံတော်ရေအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှိရင်းစွဲရေအရင်းအမြစ်များအပေါ် အခြေခံ၍ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ရေနှင့်ဆိုင်သော အခြေခံမူဘောင် (Water Framework Directive) ကို ရေးဆွဲချမှတ် ဆောင်ရွက်ရန် ဖြစ်သည်။
ထို့ပြင် အမျိုးသားရေအရင်းအမြစ်ဆိုင်ရာ ဘက်စုံစီမံခန့်ခွဲရေးမဟာဗျူဟာနှင့် အမျိုးသားရေအရင်း အမြစ်မူဝါဒတို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပေါ်ထွန်းလာစေရေး စီမံကွပ်ကဲပေးရန်၊ ယင်းဥပဒေတို့၏ အခန်းကဏ္ဍသစ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သလို ဖြည့်စွက်ထည့်သွင်းပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရန်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်ပိုင်ဆိုင်မှု
ကမ္ဘာပေါ်တွင် ရေအရင်းအမြစ် ပိုင်ဆိုင်မှုအခြေအနေကို နှိုင်းယှဉ်ပါက ဘရာဇီးနိုင်ငံသည် အဆင့်(၁)၊ ရုရှားနိုင်ငံကအဆင့် (၂)၊ မြန်မာနိုင်ငံက အဆင့် (၁၄)တွင် ရှိသည်။ အာရှဒေသတွင်း နိုင်ငံများတွင် တရုတ်နိုင်ငံသည် အဆင့် (၁)၊ အင်ဒိုနီးရှားနိုင်ငံသည် အဆင့် (၂)၊ အိန္ဒိယနိုင်ငံသည် အဆင့် (၃)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဆင့် (၄)နှင့် မြန်မာနိုင်ငံမှာ အဆင့် (၅)တွင် ရှိသည်။ မြန်မာသည် အာဆီယံ ၁၀ နိုင်ငံ၏ ရေ (၁၆) ရာခိုင်နှုန်းခန့်နှင့် အာရှတိုက်တစ်တိုက်လုံး၏ ရေ (၁၂) ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်သည့် ရေအရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။
ကမ္ဘာ့ရေနေ့ ၂၀၁၈ ခုနှစ်
ကမ္ဘာ့ရေနေ့ ၂၀၁၈ (World Water Day 2018) အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “မြန်မာနိုင်ငံတွင် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် နိုင်ငံတကာ ပူးပေါင်းလှုပ်ရှားမှုများတွင် ပါဝင်လျက်ရှိကြောင်း”၊ “ယနေ့ ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၁ သန်းခန့်သည် မိမိတို့ အိမ်များတွင် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် ထိခိုက်မှုများရှိနေကြောင်း၊ ထို့ကြောင့် စဉ်ဆက်မပြက် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ( Substainable Development Goal ) များတွင်၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်းအတွက် ရေနှင့် မိလ္လာစနစ် ရရှိနိုင်ရေးနှင့် ရေရှည်စီမံခန့်ခွဲ နိုင်ရေးဟူ၍ ရည်မှန်းချက် အမှတ်စဉ်(၆) တွင် ထည့်သွင်းဖော်ပြထားကြောင်း” မိန့်ကြားခဲ့သည်ကို ပြန်၍သတိရမိသည်။
ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
ကမ္ဘာ့ရေနေ့ ၂၀၁၉ အကြိုဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို မတ်လ ၅ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို-၂ ၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ရေမိခင်အဖွဲ့ နာယက ဒေါက်တာရွှေလွှမ်း၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနမှ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ရေနှင့်ဆက်နွှယ်သည့် သက်ဆိုင်သူများ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရေနှင့်စွမ်းအင်၊ စိုက်ပျိုးရေးနှင့်ရာ သီဥတုပြောင်းလဲမှု၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်လာမှု၊ ရေဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရိုးသားဖြောင့်မတ်မှု၊ လူမှုအသိုက်အဝန်းမှ ပါဝင်ဆောင်ရွက်မှု (Multi Stakeholder Forum) ၊ ရေနှင့် ကျန်းမာရေး၊ မြစ်ဝကျွန်းပေါ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ဝှမ်းဒေသ စီးပွားရေးနှင့် မိုးရေခံစုဆောင်းခြင်း၊ မြေအောက် ရေစီမံခန့်ခွဲမှုစသည့် အကြောင်းအရာများကို ပညာရှင်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရေအသက်တစ်မနက်
ရေ၏အသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်ဟုဆိုရိုးစကားရှိသည်။ ရေ၏အရေးပါမှု၊ အသုံးဝင်မှု၊ တန်ဖိုးရှိမှုတို့ကို ဖော်òန်းခြင်းဖြစ်သည်။ ရေသည်သက်ရှိသတ္တဝါများအတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ လူသားများအပါအဝင် သက်ရှိသတ္တဝါ များအားလုံး အသက်ရှင်နေထိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ရေသည်အဓိကအကျဆုံး ပင်မကျောရိုးကြီး ဖြစ်သည်။ ထိုကြောင့် ရေအရင်းအမြစ်များကို စနစ်တကျ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းကြရမည်။ ရေသည်လူသား တို့အတွက် အဓိကလိုအပ်သည့် ပင်မကျောရိုး ကြီးဖြစ်လင့်ကစား တစ်ဘက်တွင်လည်း ရေကြောင့်ပင်လူသားတို့ သေကျေ ပျက်စီးဆုံးရှုံးရသည့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ဤသည်ကိုလည်း စနစ်တကျ ကာကွယ် တားဆီးနိုင်သည့် အစီအမံများ ဆောင်ရွက်ကြရပေမည်။
ရေဥပဒေရေးဆွဲရာတွင်
အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းတာဝန် ၁၃ ချက်အနက်မှ အချက်တစ်ချက်ဖြစ်သည့် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပေါ်ထွန်းလာစေရေး ဆိုသည်နှင့်အညီ ရေဥပဒေမူကြမ်း ရေးဆွဲလျက်ရှိသည်ကို သိရှိရသည်။ ရေအရင်းအမြစ မူဝါဒကို ပြန်လည်စိစစ်ရာတွင် လည်းကောင်း၊ ရေဥပဒေရေးဆွဲရာတွင်လည်းကောင်း အထူး သတိပြုရမည့်အချက်မှာ မိမိတို့နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် ရေအရင်းအမြစ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ဖြစ်သည်။ နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့်ဆက်လျက်ရှိသည့် မြစ်ချောင်းများ၊ နှစ်နိုင်ငံကြား နယ်နိမိတ်မြစ်ကြောင်းအဖြစ် စီးဆင်းလျက်ရှိသော မြစ်ချောင်းများတွင် မိမိတို့၏ပိုင်နက်နယ်မြေကို ထိပါးမှုမရှိစေရေး၊ ရေအသုံးချမှု ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိရေး၊ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ရေရှည်တည်တံ့ အကျိုးဖြစ်ထွန်းရေးတို့ကို အလေးထားစဉ်းစားရပါမည်။
အိမ်နီးချင်းနိုင်ငံများနှင့်ထိစပ်နေသော နယ်နိမိတ်တစ်လျှောက် တည်ရှိနေသော မြစ်ချောင်းများနှင့် ကုန်းတွင်း ရေချိုအရင်းအမြစ် ဖြစ်သည့် မြစ်ချောင်း၊ အင်းအိုင်များသာမက ပထဝီအနေအထားအရ လွန်စွာအရေးကြီးသည့် မြန်မာ့ပိုင်နက် ပင်လယ်ပြင်နှင့် ရှည်လျားသည့် ကမ်းရိုးတန်းတစ်လျှောက် ရေသယံဇာတများ၊ သဘာဝအရင်းအမြစ်များကို နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုး စီးပွားအတွက် ကောင်းစွာစီမံခန့်ခွဲ အသုံးချနိုင်ရပါမည်။ မြန်မာ့ပင်လယ်ပြင်မှ ငါး၊ ပုစွန်အပါအဝင် သဘာဝအရင်းအမြစ်များကို တရားမဝင် ဖမ်းဆီးထုတ်ယူမှုများမဖြစ်ရေး၊ ပိုင်နက်ပင်လယ်ပြင်လုံခြုံရေး၊ ပင်လယ်ပြင်ရေထု ညစ်ညမ်းမှု မဖြစ်စေရေးတို့ကို အစဉ်သတိပြု ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက်လည်း ရေမူဝါဒနှင့် ရေဥပဒေတို့တွင် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းသင့်သည်။
ရေအရင်းအမြစ် ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ ရေ အရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ၂၀ဝ၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများကို ပြည်သူများ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းကာကွယ်ရန်နှင့် မြစ်ချောင်းများအတွင်း ရေလမ်းကြောင်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရန်ဖြစ်သည်။
ယခုပေါ်ပေါက်လာမည့် ရေဥပဒေသည် မြန်မာနိုင်ငံရှိ ရေအရင်းအမြစ်များအား ထိရောက်အကျိုးရှိစွာ ဘက်စုံစီမံခန့်ခွဲနိုင်ရေးကို ဦးတည်သည်။ ရေအရင်းအမြစ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်သည်။ က္ဘာပေါ်တွင် ဆင်းရဲမွဲတေမှုအဆုံးသတ်ရေး၊ ကမ္ဘာမြေအား ကာကွယ်ရေးနှင့် ကမ္ဘာသူ ကမ္ဘာသားအားလုံး ဖူလုံကြွယ်ဝရေးတို့အတွက် ကုလသမဂ္ဂက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှေးရှုသည်။ နိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူ ကမ္ဘာသားများအတွက်ပါ ကောင်းကျိုးပြု ဖြစ်ထွန်းစေနိုင် မည်ဖြစ်ပါ၍ အချက်အလက် ပြည့်စုံခိုင်မာသည့် ရေဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာပါစေကြောင်း ဆန္ဒပြုလျက် ကမ္ဘာ့ရေနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။
- နိုင်ငံတော်၏ ရေအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်နိုင်ကြပါစေ၊
- နိုင်ငံတော်၏ ရေအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ ဘက်စုံစီမံခန့်ခွဲနိုင်ကြပါစေ၊
- ကမ္ဘာမြေအားကာကွယ်၍ ကမ္ဘာသူ ကမ္ဘာသား အားလုံး ဖူလုံကြွယ်ဝကြပါစေ။ ။