ရေနံချောင်း ၄  သြဂုတ် 


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းစုဝေးကွင်း အလံတိုင်ရှေ့၌ တက်ရောက်လာသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံအား အလေးပြုပြီး အထက(၁)ကျောင်းသား ကျောင်းသူလေးများက ဘင်ခရာတီးခတ်၍ မြန်မာ့ကျောင်းသီးချင်းဖြင့် ဂုဏ်ပြုကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ဦးသိန်းလှ၊ တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဖေ၊ အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝေတို့က ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခမ်းအနားဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။


''အထက(၁)ကျောင်းစာကြည့်တိုက်က နှစ်ပေါင်း ၁၀ဝ နီးပါးရှိပြီလို့ သိရပါတယ်။ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ ဒီစာကြည့်တိုက်မှာဆိုရင် သုတ၊ ရသ စာအုပ်ပေါင်း ၁ သောင်းနီးပါရှိပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ လက်ရေးမူတွေကိုလည်း ကျောင်းသား ကျောင်းသူလေးများ လေ့လာနိုင်ရန် ထားရှိပေးထားပါတယ်။ ပြီးတော့ ခေတ်အဆက်ဆက် အထက(၁)က လူရည်ချွန်ကျောင်းသားကြီးများ၏ ဓါတ်ပုံတွေကိုလည်း အတုယူတတ်စေရန် ချိတ်ဆွဲပေးထားပါတယ်''ဟု အထက(၁)ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝေက ပြောသည်။


ကျောင်းသား ကျောင်းသူလေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် နေ့စဉ် အတန်းအလိုက်၊ အသင်းအလိုက် စာကြည့်တိုက်ကို သွားရောက်ဖတ်ရှု့လေ့လာစေပြီး အမှတ်ပေးစနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။


အဆိုပါကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေး စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို နိုင်ငံတော်အစိုးရ၏ ခွင့်ပြုငွေကျပ် ၄၂၈၀ဝ၀ဝ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ကိုစိုးကြီး