ရေနံချောင်း နိုဝင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့ အ.ထ.က(တွင်းကုန်း)ကျောင်း၌ ကျင်းပသည်။ 

 

ဦးစွာ အ.ထ.က(တွင်းကုန်း) ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသားကျောင်းသူများ အနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိ ဦးဆောင်၍ Grade-10 နှင့် Grade-11 တို့မှ ကျောင်းသားကျောင်းသူ ခြောက်ဦးက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အင်တာနက်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ စကားဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် စသည့် အသိပညာပေးအကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်များနှင့် စာအုပ်များကို ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)