ရေနံချောင်း ဩဂုတ် ၂၁

 

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက် လက်မှတ်ကုန်းရပ်တွင် ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ခြင်ဆေးခွေထွန်းညှိထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြေနီခင်တောင်ရပ်ကွက် လက်မှတ်ကုန်းရပ်နေ ဦးညီညီဇော်၏ နေအိမ်အပေါ်ထပ်တွင် ခြင်ဆေးခွေထွန်းညှိထားရာမှ ဂျာနယ်စက္ကူများမှတစ်ဆင့် အနီးရှိ နေအိမ်ထရံကာသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ်တစ်လုံးနှင့် ၎င်းနှင့်ကပ်လျက်ရှိသော သွပ်မိုး၊ ထရံကာ၊ အုပ်ညှပ် နှစ်ထပ်နေအိမ်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး  မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ နောင်ရိုးနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)