ရေနံချောင်း ၊ မေ ၁၂

အပူဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အညာဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ အနီးတွင် လာမည့်နှစ်များအတွင်း လူလုပ်တောအုပ်ငယ်တစ်ခု ပေါက်လာရန် ရှိနေကြောင်း သိရသည်။

အဆိုပါ တောအုပ်ငယ်ကို သစ်ပင်စိုက်ခြင်း၊ ရေတွင်းတုနှင့် လူအများနားခိုရန် ဇရပ်ဆောက်ခြင်းတို့ကို ရေနံသာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ ရေနံချောင်းမြို့ရှောင်လမ်းနားက ပရဟိတဥယျာဥ်မှာလုပ်မှာပါ။ အဲ့ဒီမှာ အပင်ပေါင်းစုံစိုက်မှာပါ။ အဓိကတော့ သစ်တောလေးဖြစ်လာမယ်။ ကျေးငှက်တိရိစ္ဆာန်တွေ လာနေမယ်။ ခရီးသွားပြည်သူတွေလည်း နေ့လယ်နေ့ခင်းတွေ အနားကဖြတ်သွားလည်း ဝင်ပြီး နားခိုလို့ရမှာပေါ့။ အရင်က ပရဟိတဥယျာဥ်မရှိပါဘူး။ ကျွန်တော်ပထမဆုံးစလုပ်တာပါ" ဟု အထက်ပါအဖွဲ့ တည်ထောင်သူ ကိုရေနံသာ ဒင်းဂါးက ဆိုသည်။

အဆိုပါ သစ်တောငယ်တွင် ရေကန်လည်းပါမည်ဖြစ်ကာ သစ်ပင်အပင်ရေ တစ်သောင်းခန့် ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး မူလရှိပြီးသစ်ပင်များကိုလည်း မခုတ်ကြောင်း ၄င်းကဆိုသည်။

“ပုံပေါ်လာဖို့က နှစ်နှစ်လောက်ဆိုရင်သစ်ပင်တွေနဲ့ ပုံပေါ်ပါတယ်။ ခုတ်တဲ့သူကများပြီး စိုက်တဲ့သူကတော့ နည်းနေသေးတယ်။ ဒီလိုဟာမျိုးတွေ များလာရင်တော့ ပိုကောင်းပါတယ်” ဟု ကိုရေနံ့သာ ဒင်းဂါးက ဆိုသည်။

စိုက်ပျိုးသွားမည့် အရိပ်ရပင်များမှာ ကုက္ကိုပင်၊ တမာပင်၊ ဖျောက်ဆိပ်ပင်နှင့် ညောင်ခြေထောက်ပင်များ ဖြစ်ကြောင်းလည်း သိရသည်။ စိုက်ပျိုးထားသော အပင်များအား တောမီး၊ ရှို့မီးနှင့် တိရိစ္ဆာန်များ အန္တရာယ်မှကင်းဝေးစေရန် ဥယျာဉ်အတွင်း အပင်ထိန်းသိမ်း စောင့်ရှောက်မည့် မိသားစုဝင်များကို ထောက်ပံ့စရိတ်ပေးအပ်ကာ ခေါ်ယူလျက်ရှိကြောင်းလည်း သိရသည်။

Thit Taw