ရေနံချောင်း၊ ၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်၌ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ရေနံချောင်းမြို့)မှ မော်တော်ဆိုင်ကယ်များ နေ့/ည အချိန်တိုင်း ရှေ့မီးအနိမ့်ဖွင့်ပြီး မောင်းနှင်ခြင်းနှင့် သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်ခြင်း ရှိ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့ မြို့မဈေးအနီး လမ်းမတော်လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ရေနံချောင်းမြို့) တာဝန်ခံတပ်ကြပ်ကြီးဇော်သူထွန်း ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ် အသုံးပြုသွားလာသူများအနေဖြင့် ဆိုင်ကယ် နောက်ကြည့်မှန်နှင့် အိပ်ဇောအသံထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်း၊ ရှေ့မီးအနိမ့်ကို နေ့ရောညပါဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်း၊ ကိုယ်တိုင်ဖြစ်စေ လိုက်ပါစီးနင်းသူဖြစ်စေ သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် ကိုက်ညီသည့်ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း မေးသိုင်းကြိုးမတပ်ဆင်ခြင်း စသည့်အချက်များအား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


